ဆီဆိုင်မြို့နယ်တွင် မိုးစပါးစိုက်ဧကများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ဆီဆိုင် ၂၄ ဇွန်

 

တောင်သူလယ်သမားများ သီးနှံစိုက်ပျိုးချိန်တွင် လိုအပ်သည့် စိုက်ပျိုးစရိတ်အရင်းအနှီးများ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲ (တောင်ကြီးမြို့)မှ ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဆီဆိုင်မြို့နယ်အတွင်းရှိ တောင်သူ ၂၀၄ ဦး မိုးစပါးစိုက်ဧက ၁၃၃၇ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၀ဝ၅၅၀ဝ၀ဝ သိန်းကို ယနေ့ နံနက် ၁၀ နာရီက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ 


“ချေးငွေချေးယူရာမှာ ပုံစံ(၇)ကို အာမခံထားရတယ်။ သီးနှံပေါ်ချိန် ချေးငွေပြန်ဆပ်တဲ့အချိန်မှ ပုံစံ(၇)ကို ပြန်လည်ထုတ်ပေးမှာဖြစ်ပါတယ်။ ဘဏ်တိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ပြီး စပါးစိုက်တစ်ဧကကို ငွေကျပ်တစ်သိန်းခွဲနှုန်းနဲ့ ထုတ်ချေးပေးခဲ့ပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ခင်ပြုံးရည်က ပြောသည်။ 


“ကိုဗစ်-၁၉ ကာလမှာ အထူးချေးငွေအဖြစ် စပါးစိုက်တစ်ဧကကို ငွေကျပ်ငါးသောင်းနှုန်းနဲ့ တဘက်ကျေးရွာအုပ်စုမှ တောင်သူ ၁၁၆ ဦး မိုးစပါးစိုက်ဧက ၇၂၁ ဧကအတွက် စုစုပေါင်း ငွေကျပ် ၃၆၀၅၀ဝ၀ဝ ကို ထုတ်ချေးပေးခဲ့ကြောင်း” ၎င်းက ဆက်ပြောသည်။ 


မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးရာတွင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စုမှ တောင်သူ ၃၈ ဦးအား မိုးစပါးစိုက်ဧက ၃၃၉ ဧကအတွက် ငွေကျပ် ၅၀၈၅၀ဝ၀ဝ သိန်း၊ ကုန်းဆွတ်ကျေးရွာအုပ်စုမှ တောင်သူ ၅၀ အား မိုးစပါးစိုက်ဧက ၂၇၇ ဧကအတွက် ငွေကျပ် ၄၁၅၅၀ဝ၀ဝ သိန်းနှင့် တဘက်ကျေးရွာအုပ်စုမှ တောင်သူ ၁၁၆ ဦးအား မိုးစပါးစိုက်ဧက ၇၂၁ ဧကအတွက် ငွေကျပ် ၁၀၈၁၅၀ဝ၀ဝ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


“စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ မျိုးစေ့၊ သွင်းအားစု၊ အခြားကုန်ကျစရိတ်တွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျွန်တော်တို့တောင်သူတွေရဲ့ အခက်အခဲတွေကို အခုလိုလာရောက် ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု လွယ်ပွတ်ကျေးရွာမှ တောင်သူ ခွန်မောင်ပွန်းက ပြောသည်။ 


မြို့နယ်ကြက်ခြေနီအသင်းဝင်များက စိုက်ပျိုးစရိတ်လာရောက်ထုတ်ယူသော တောင်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုက်ပျိုးစရိတ်ထုတ်ယူရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ခင်ပြုံးရည်နှင့် အဖွဲ့ဝင်များ၊ ကုန်းဆွတ်၊ တဘက်၊ လွယ်ပွတ်ကျေးရွာအုပ်စုတို့မှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ခွန်ရဲထွေး(ဆီဆိုင်)