ဆီဗီလာကို အနိုင်ယူပြီး ဒုတိယနေရာ တက်လှမ်းလာနိုင်ခဲ့သည့် ဘာစီလိုနာ

စပိန်လာလီဂါပွဲစဉ် (၃၀) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ဆီဗီလာအသင်း တို့ ပွဲစဉ်ကို ဧပြီ ၄ ရက် နံနက်က နူးကမ့်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာ အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုနိုင်ပွဲကြောင့် ၂၉ ပွဲကစားပြီး အက်သလက်တီကိုမက်ဒရစ်၊ ဆီဗီလာ အသင်းတို့နှင့် ရမှတ် ၅၇ မှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ဘက် ဆီဗီလာအသင်းသည် ယခုပွဲရှုံးနိမ့်မှုကြောင့် ပြိုင်ပွဲစုံလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့် ကြုံတွေ့ခဲ့သည်။

ဘာစီလိုနာအသင်းသည် ဇန်နဝါရီ ၂၁ ရက်က ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် ဘီလ်ဘာအိုအသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း လက်ရှိအချိန်အထိခြေစွမ်းပြသကာ ရှုံးပွဲကြုံတွေ့ထားခြင်းမရှိ စွမ်းဆောင်ထားနိုင်သည်။ ဘာစီလိုနာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၂ မိနစ် တွင် ဒမ်ဘီလီ၏ ဖန်တီးမှုမှတစ်ဆင့် ပက်ဒရီက သွင်းယူပေးခဲ့သည်။

ဘာစီလိုနာအသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဧပြီ ၈ ရက်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဖရန့်ဖတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်