နေပြည်တော်  နိုဝင်ဘာ  ၂၉

 

ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာနှီးနွှယ်တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် နိုဝင်ဘာ ၂၁ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည့် ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက် ခွင့်ရရှိကြသော ကျောင်းသား/ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် Naypyitaw State Academy, Function Hall ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များတွင် ဆေးပညာဘွဲ့ကြို သင်တန်းသား/သူ (၇၃၉၄)ဦး၊ သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့ကြိုသင်တန်းသား/သင်တန်းသူ (၁၁၄၉)ဦး၊ ဆေးဝါးသိပ္ပံ ဘွဲ့ကြိုသင်တန်းသား/သူ (၈၉၈)ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ကြိုသင်တန်းသား/ သင်တန်းသူ(၁၁၆၆)ဦး၊ သူနာပြုသိပ္ပံဘွဲ့ကြို သင်တန်းသား/သူ(၁၅၁၈)ဦး၊ ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)ဘွဲ့ကြို သင်တန်းသား/ သင်တန်းသူ(၇၁၀) တက်ရောက် ပညာသင်ကြားလျက်ရှိပါကြောင်း၊ ဆေးနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များတွင် World Federation for Medical Education Guideline နှင့်အညီ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ ခေတ်မီဆန်းသစ်သောသင်ကြားရေး အထောက်အကူပြုပစ္စည်းများဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊ Skill Lab Training များအပြင် သင်ကြားရေးဆေးရုံကြီးများတွင် လက်တွေ့သင်ကြားပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အတွက် ဤတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ဆေးပညာရှင်များကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော ဆေးပညာရပ် နယ်ပယ်အသီးသီးတွင် လက်ခံအသိအမှတ် ပြုကြပါကြောင်း။ 

        

သက်ဆိုင်ရာ ဘွဲ့ကြိုသင်တန်းအသီးသီးမှ ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း ပြည်တွင်း၌ ဖွင့်လှစ်ထားသော မဟာသိပ္ပံ၊ ပါရဂူဘွဲ့လွန်သင်တန်းများသာမက ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း တော်ဝင်သမားတော်ဘွဲ့အပါအဝင် ဘွဲ့လွန်သင်တန်းများကို ဆက်လက်တက်ရောက်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေး ထားပါကြောင်း၊ သစ်လွင်ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝစေရန် သာမက ခံယူချက်၊ အမူအကျင့်၊ စိတ်နေသဘောထားများလည်းမှန်ကန်ဖို့ လိုအပ်ပါ ကြောင်း၊ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းနိုင်သော ဆေးပညာရှင်၊ ဆေးပညာနှီးနွှယ် ပညာရှင်များ ဖြစ်ကြပြီး တပည့်ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်များကို စောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူ့အပေါ် ကျေးဇူးသိတတ်သည့် ပညာရှင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌက သစ်လွင်ကျောင်းသား/ကျောင်းသူများအား ဆေးပညာရှင်များ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊  တာဝန်ရှိများ၊ Faculty of Medicine, Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များနှင့်  ပါမောက္ခ/ဌာနမှူးများ၊ Naypyitaw State Academy သို့ တက်ရောက်ခွင့် ရရှိသည့် သစ်လွင်ကျောင်းသား/ကျောင်းသူများမှ In-person အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဥက္ကဌများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်အသီးသီးမှ သစ်လွင်ကျောင်းသား/ကျောင်း သူများ Online မှတစ်ဆင့် တက်ရောက်ကြသည်။

 

ယခုပညာသင်နှစ်၌ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား/ကျောင်းသူ(၂၇၈၈)ဦးနှင့်  တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား/ ကျောင်းသူ (၁၂၂)ဦး စုစုပေါင်း(၂၉၁၀) ရှိကြောင်း သိရသည်။

(သတင်းစဉ်)