ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား (စိန့်ဂျွန်း)ကျောင်းသားဟောင်းများ (၁၉၇၉) မှ အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်   ၂၈  ဇူလိုင် 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက် နေကြသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား အ.ထ.က(၁) လမ်းမတော်(စိန့်ဂျွန်း) ကျောင်းသားဟောင်းများ (၁၉၇၉) မှ ဒုတိယအကြိမ်မြောက် အလှူငွေနှင့် စားသောက် ကုန်ပစ္စည်း များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က အမှာစကား ပြောကြားပြီး အ.ထ.က(၁) လမ်းမတော် (စိန့်ဂျွန်း)ကျောင်းသားဟောင်းများ(၁၉၇၉)ကိုယ်စား ကျောင်းသားဟောင်း ဦးသန်းနိုင် က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ထံ အ.ထ.က(၁) လမ်းမတော် (စိန့်ဂျွန်း)ကျောင်းသားဟောင်းများ မှ အလှူငွေနှင့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယနေ့လှူဒါန်းပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေ သနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များအား အ.ထ.က(၁) လမ်းမတော် (စိန့်ဂျွန်း) ကျောင်းသားဟောင်း များ (၁၉၇၉) မှ အလှူငွေ ကျပ်(၁၇)သိန်းနှင့် ဟင်းသီးဟင်းရွက် ဆီ၊ ကြက်သွန်၊ အာလူး၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်များကို လှူဒါန်းခဲ့ပြီး အဆိုပါ လှူဒါန်းငွေနှင့် ကုန်ပစ္စည်းများကို ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း များ၊ ရွေ့လျားမော်တော်ယာဉ်ဖြင့် အသွားအလာ ကန့်သတ် ထားသူများထားရှိရာနေရာ Quarantine Centre များနှင့် ဆေးရုံများရှိစောင့်ကြည့် လူနာများထံမှ ဓာတ်ခွဲနမူနာ များရယူခြင်း လုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ထမ်းများအား ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)