ဆေးရုံခုတင်လိုအပ်ချက်ကြောင့် လူနာတင်ယာဉ်ပေါ်တွင် အသက်ပေးခဲ့ရသည့် ဘဝများ

ခြူးစန္ဒီနွေး

 

အက်ရှ်ဝါနီဂျိန်းကတော့ ကိုဗစ် -၁၉ ဗိုင်းရပ်စ်ကြောင့် နောက်ထပ်ထိခိုက်ခံစားရတဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။ သူဟာ ကိုဗစ် -၁၉ ကူးစက်ခံရပေမယ့် ဆေးရုံမတက်လိုက်ရဘဲ လူနာတင်ယာဉ် ပေါ်မှာပဲ သေဆုံးသွားရပါတယ်။

 

သောကဟာ ဒေါသအဖြစ် ပြောင်းသွား

 

သူ့ရဲ့ မိသားစုဟာ ဆေးရုံအချို့ကို သွားရောက်ပြီး အက်ရှ်ဝါနီ ဆေးရုံတက်ခွင့်ရဖို့ အသနားခံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လူနာတင်ယာဉ်ပေါ်မှာပဲ အသက်ဆုံးရှုံးလိုက်ရတဲ့ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

 

အိန္ဒိယမြို့ကြီးဖြစ်တဲ့ ဒေလီမြို့မှာဆိုရင် လတ်တလောမှာတော့ ဆေးရုံခုတင် ပြတ်လပ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့ သေသေရှင်ရှင် ဘယ်သူမှ ဂရုမစိုက်ပါဘူးလို့ အက်ရှ်ဝါနီရဲ့ သမီးဖြစ်သူက ပြောပါတယ်။ ဖခင်သေဆုံးမှုအတွက် သူ့ရင်ထဲကသောကဟာ ဒေါသအဖြစ် ပြောင်းလဲသွားဟန် တူပါတယ်။

 

ဖခင်တစ်ယောက် ဆုံးရှုံးသွားပြီ

 

“သူတို့အတွက်တော့ ဘာမှထူးမသွားပေမယ့် ကျွန်မအတွက်တော့ ဖခင်တစ်ယောက် ဆုံးရှုံးသွားပါပြီ။ အဖေဟာ ကျွန်မအတွက်တော့ ကမ္ဘာကြီးပါပဲ” လို့ အသက် ၂၀ အရွယ် အက်ရှ်ဝါနီရဲ့ သမီးကငိုကြွေးရင်း သူ့ရဲ့ ခံစားချက်တွေကို ပြောပြနေပါတယ်။ ။

 

အက်ရှ်ဝါနီ သေဆုံးတော့ သူ့အသက်ဟာ ၄၅ နှစ်ပဲ ရှိပါသေးတယ်။ မိသားစုဝင်တွေဟာလည်း မစ္စတာအ က်ရှ်ဝါနီဆေးရုံတက်ခွင့်ရရေး ဆေးရုံတကာလှည့်လည် မေးမြန်းခဲ့ရလို့ မောပန်းနေကြပါပြီ။ မြို့တော်အစိုးရက လုပ်ပေးထားတဲ့ အက်ပလီကေးရှင်းမှာ ကိုဗစ်-၁၉အတွက် လူနာခုတင်လွတ်တယ်လို့ ဖော်ပြထားပေမယ့် အက်ရှ်ဝါနီအတွက်တော့ ကံမကောင်းစွာပဲ ခုတင်မရခဲ့ပါဘူး။

 

ယိုင်လုနီးနီး ကျန်းမာရေးစနစ်

 

ကူးစက်မှု အဆမတန် များပြားလာခြင်းဟာ ယိုင်နဲ့လုနီးနီးရှိနေတဲ့ ကျန်းမာရေးစနစ်အတွက် မီးမောင်းထိုးပြနေပါတယ်။ အက်ရှ်ဝါနီလိုပဲ သေဆုံးရတဲ့သူတွေကြောင့် ဒေလီမြို့မှာ နေထိုင်ကြတဲ့ သူတွေအတွက် စိုးရိမ်မှုတွေ မြင့်တက် လာပါတယ်။

 

အိန္ဒိယနိုင်ငံမြို့ကြီးဖြစ်တဲ့ ဒေလီမြို့မှာဆိုရင် နေ့စဉ်လူသေဆုံးမှုဟာ ၁၂၀၀ ကျော်ရှိပြီး ကူးစက်မှုနှုန်းဟာလည်း ၁၀၀၀ ကျော်ဝန်းကျင် မှာ ရှိပါတယ်။ ရင်ခွဲရုံတွေ၊ ရေခဲတိုက်တွေမှာလည်း အလောင်းတွေပုံနေပြီး သင်္ချိုင်းက ဝန်ထမ်းတွေအတွက်လည်း ဝန်နဲ့အားမမျှအောင် အလုပ်တွေ ပုံနေပါတယ်။ ဒေလီမြို့မှာရှိတဲ့ အချို့သောဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကတော့ တကယ်သေဆုံးမှုနှုန်းဟာ ပြည်နယ်အစိုးရ ဖော်ပြနေတဲ့စာရင်းထက် နှစ်ဆရှိတယ်လို့ စွပ်စွဲပြောဆိုနေကြပါတယ်။

 

ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များ

 

အိန္ဒိယမီဒီယာတွေမှာလည်း ဆေးရုံက လက်သင့်မခံဘဲပြန်လွှတ်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံတွေ့ရတဲ့ ဝမ်းနည်းကြေကွဲဖွယ် အကြောင်းအရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဟာလည်း ဆေးရုံတွေတစ်ခု နဲ့တစ်ခုကြား ခေါက်တုံ့ခေါက်ပြန်သွားရင်း သေဆုံးခဲ့ရပါတယ်။

အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာလည်း အသက်ရှူအထောက်အကူပြု ကိရိယာပါဝင်တဲ့ လူနာခုတင်ရရှိရေး ဒေလီတရားရုံးကို အသနားခံစာတင်ခဲ့ပေမယ့် သူ့ရဲ့ အသနားခံစာအတွက် ဘာမှမဆုံးဖြတ်ရခင်မှာပဲ သေဆုံးသွားခဲ့ရပြန်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဇွန် ၁၄ ရက်အထိ ကူးစက်ခံရသူ လူနာပေါင်း ၃၀၀၀၀၀ ကျော် ရှိပြီး သေဆုံးမှုကတော့ ၉၀၀၀ နီးပါးရှိပါတယ်။

 

ရောဂါလက္ခဏာပြသူသာ စစ်ဆေးပေး

 

ဆေးရုံမှ ခုတင်ရရှိရေး ငြင်းဆိုခံရတဲ့ မိသားစုဝင်တွေဟာလည်း သူတို့ရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေကို လူမှုကွန်ရက်မီဒီယာပေါ်မှာ တင်ကြပါတယ်။ အခုအခါမှာတော့ အက်ရှ်ဝါနီရဲ့ မိသားစုတွေဟာ သူတို့မှာလည်း ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကူးစက်ခံနေရခြင်း ရှိမရှိကို စစ်ဆေးဖို့ စောင့်ဆိုင်းနေကြပါတယ်။ ဒါပေမယ့်လည်း ဒေလီအစိုးရ ခွင့်ပြုချက်ပေးထားတဲ့ ကိုဗစ်- ၁၉ ရှိ မရှိ စစ်ဆေးခွင့်ရှိသူတွေကတော့ ရောဂါလက္ခဏာ ပြင်းထန်သူနဲ့ ရောဂါလက္ခဏာပြတဲ့ မိသားစုဝင်တွေကိုသာ စစ်ဆေး ခွင့်ပြုထားတာပါ။

 

မရေရာတဲ့ ကံကြမ္မာ

 

ဒေလီမြို့ အစိုးရ တွက်ချက်ထားတာကတော့ ဇူလိုင်လကုန်ဆိုရင် ခုတင်လိုအပ်ချက် ၈၀၀၀၀ အထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပြီး ဟိုတယ်တွေနဲ့ မင်္ဂလာဆောင် အခမ်းအနား ကျင်းပတဲ့ နေရာတွေကိုလည်း ဆေးရုံအဖြစ် ပြောင်းလဲသွားဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။ လတ်တလောမှာတော့ အစိုးရဆေးရုံတွေမှာ ခုတင် ၈၅၀၅ ပြင်ဆင်ထားပြီး ပုဂ္ဂလိက ဆေးရုံတွေမှာတော့ ခုတင် ၁၄၄၁ အထိ ရှိပါတယ်။ ဆေးရုံခုတင် အရေအတွက်ဟာ အနည်းငယ်သာ ရှိတဲ့အတွက် သူတို့ရဲ့ မရေရာတဲ့ ကံကြမ္မာကို အလောင်းအစား လုပ်ခိုင်းသလိုပဲဆိုပြီး မိသားစုဝင်တွေက ပြောပါတယ်။

 

ခုတင်တစ်နေရာစာအတွက် ဒေါ်လာ ၁၃၂၀၀

 

ဆူမန်ဂူလာတီရဲ့ ဖခင်ဟာလည်း ကိုဗစ်-၁၉ ကူးစက်ခံရသူဖြစ်ပြီး သူ့ဖခင် အတွက် ခုတင်နေရာရဖို့ ကြိုးပမ်းရာမှာ ပုဂ္ဂလိကဆေးရုံတစ်ရုံက ခုတင်တစ်နေရာစာအတွက် ဒေါ်လာ ၁၂၀၀၊ အိန္ဒိယငွေကြေးနဲ့ဆိုရင် ရူပီးတစ်သန်းတောင်းတယ်လို့ သူ့ရဲ့ အတွေ့ အကြုံကို ပြောပြပါတယ်။

 

ခုတင်တစ်နေရာစာရဖို့ ပိုက်ဆံပေးရတာ မဆန်းပေမယ့် အခုလိုမျိုး လူတိုင်းအတွက် အရေးကြီးတဲ့ အချိန်မျိုးမှာ ပိုက်ဆံတွေ အများကြီးတောင်းတာကတော့ ဆိုးရွားလွန်းတယ်လို့ သူက ပြောပါတယ်။ တကယ်လို့ ကျွန်မနေမကောင်းတဲ့ အချိန်ကျရင်ကော ဘယ်လိုလုပ်ရမလဲ၊ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကို ရောင်းချဖို့ပဲ ရှိတော့တယ်လို့ သူက အေအက်ဖ်ပီကို ဆက် ပြောပြပါတယ်။

 

ဒေလီမြို့က ဆေးရုံငါးရုံဟာ ကိုဗစ်- ၁၉ လူနာတွေအတွက်ဆိုရင် ဒေါ်လာ ၅၂၅ဝ အထိ တောင်းတယ်လို့ မယ်ရာနောင်း တီဗီချန်နယ် မှာ ဖော်ပြသွားပါတယ်။

 

တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်

 

ပုဂ္ဂလိကဆေးရုံတွေမှာ အမှန်တကယ်ရှိတဲ့ ခုတင်အရေအတွက်ကို လိမ်ညာထားတယ်လို့ ဒေလီမြို့ အကြီးအကဲ အာဗင်းကက်ဂျရီဝယ်လ် က စွပ်စွဲထားပါတယ်။ နောက်ပြီးတော့ ပုဂ္ဂလိက ဆေးရုံတွေဟာ ခြိမ်းခြောက်ပြီး ငွေတောင်းခံတာမျိုး ပြုလုပ်လာမယ်ဆိုရင်လည်း တင်းတင်းကျပ်ကျပ် အရေးယူ သွားမယ်လို့ ၎င်းက ပြောပါတယ်။ ဒေလီမြို့ အစိုးရရဲ့ ကိုဗစ်- ၁၉ ကိုင်တွယ်ဖြေရှင်းပုံကိုလည်း ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါပြီ။

 

တစ်ရာခိုင်နှုန်းသာ စစ်ဆေးပေးနိုင်

 

ရောဂါပိုးမွှားဗေဒပညာရှင် ရှာဟစ်ဂျမဲလ် ကတော့ အခြားမြို့ကြီးတွေလိုပဲ ဒေလီမြို့မှာလည်း လူတွေကို လုံလုံလောက်လောက်စစ်ဆေး ပေးနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။ အခုအချိန်ထိ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းကိုသာ စစ်ဆေးပေးနိုင်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။

 

အခုလိုအချိန်မျိုးမှာ လူတွေကို ကိုဗစ် - ၁၉ ရှိ မရှိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးသင့်တယ်။ ဘာကြောင့် ရောဂါလက္ခဏာပြတဲ့သူကိုပဲ စစ်ဆေးပေးရတာလဲဆိုတာကို နားမလည်သူလို့ သူက ပြောပါတယ်။ စစ်ဆေးမကြည့်ဘဲနဲ့ လူ့အသိုင်းအဝိုင်းအတွင်းမှာ ဘယ်လောက်ထိ ပျံ့နှံ့နေပြီလဲဆိုတာကို သိနိုင်မလဲလို့ သူ့ရဲ့ ထင်မြင်ယူဆချက်ကို ပြောပြပါတယ်။

 

ဆက်လက်အားကောင်းနေဆဲ

 

ဒေလီအစိုးရဟာလည်း လူနာခုတင်တွေ ရရှိဖို့အရေး အစွမ်းကုန်ကြိုးပမ်းနေပါတယ်။ အခုဆိုရင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေကို ကိုဗစ် - ၁၉ စောင့်ရှောက်ကုသရေးအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးပမ်းနေတဲ့အတွက် အနည်းဆုံး ခုတင် ၅၀၀၀ နီးပါး ဖန်တီးရရှိနိုင်မယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံးက လူတွေကို နှိပ်စက်ကလူပြုနေတဲ့ ကိုဗစ်၁၉ ဗိုင်းရပ်စ်ကတော့ ဆက်လက်အားကောင်း နေဆဲပါပဲ။ ။

 

ကိုးကား-အေအက်ဖ်ပီ