ဆေးဖက်ဝင်စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဝယ်ယူရေးစင်တာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီး ၁၀ နိုဝင်ဘာ

 

တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထွက်ရှိလာသည့် ထုတ်ကုန်များကို လွယ်လင့်တကူ ရောင်းချနိုင်စေရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် Nippon Foundation တို့ပူးပေါင်းဆောင်ရွက်သော ဆေးဖက်ဝင်စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ဝယ်ယူရေးစင်တာ မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၂)ရက်ကွက်၌ ကျင်းပသည်။

 

f4ew

 

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး Nippon Foundation ဥက္ကဋ္ဌ Mr. Takeju Ogata က မိတ်ဆက်စကားပြောကြားကာ ကရင်ပြည်နယ် ပရဆေးနည်းပညာစင်တာမှ Program Director ဦးကျော်မောင်မောင်က ဆေးဖက်ဝင်အပင်များ စိုက်ပျိုးဝယ်ယူမည့် ပုံစံများကို ရှင်းလင်းပြောကြားသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်မှ တောင်သူများစိုက်ပျိုးထုတ်လုပ်သည့် ဆေးဖက်ဝင်စိုက်ပျိုးရေးထုတ်ကုန်များကို ဝယ်ယူလိုသည့်ကုမ္ပဏီများ(သို့)ဈေးကွက်ကို စင်တာမှ ရှာဖွေပေးသွားမည်ဖြစ်ပြီး တောင်သူများဒေသတွင်းရောင်းဝယ် နေသည့် ဈေးနှုန်းထက်ပိုမိုသည့်ဈေးနှုန်းဖြင့် စင်တာမှ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း၊ သင့်တော်သည့်ဈေးနှုန်းဖြင့် ဝယ်ယူ၍ တိုင်းရင်းဆေးထုတ်လုပ်သည့်နေရာများသို့ ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ရရှိလာသည့်အမြတ်အစွန်းကို လည်း မြန်မာနိုင်ငံအတွင်း၌သာ ပြန်လည်အသုံးချသွားမည်ဖြစ်ကာ ငြိမ်ချမ်းရေးနှင့် တောင်သူများ စားဝတ်နေရေး ကောင်းဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ များအား လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကောင်းမွန်သည့်စိုက်ခင်း၊ ကောင်းမွန်သည့် ထုတ်ကုန်ရရှိစေရေးအတွက် GAP ဂိုက်လိုင်းနှင့်အညီ စိုက်ကွင်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)