ဆေးဖက်လည်းဝင် ခံတွင်းရွှင်၊ ရသာပေါင်းစု ဂရိတ်ဖရု

ပူတာအိုမြေသို့ ခြေချလိုက်သည်နှင့် စတင်ထိတွေ့လိုက်ရသည်ကတော့ ဝင်းထိန်လှပစွာ သီးပွင့်နေကြသည့် ဂရိတ်ဖရုများပင် ဖြစ်လေသည်။

 

ပူတာအိုလွင်ပြင်တစ်လျှောက် လှည့်လည်သွားလာခဲ့ရာ ဂရိတ်ဖရုပင် မစိုက်ပျိုးထားသည့် နေအိမ်မရှိ သလောက်ပင်။ ပူတာအိုနှင့် ဂရိတ်ဖရုက လှပစွာ ဒွန်တွဲလျက်ရှိနေပေသည်။ သုံးရက်တာနားနေတည်းခိုမည့် Hotel Putro ကို ရောက်တော့လည်း ဧည့်ကြိုလေးများက ဂရိတ်ဖရုဖျော်ရည်လေးဖြင့် ကြိုဆိုလိုက်သောအခါ မမေ့နိုင်သော ရသက ထာဝရ စွဲထင်စေခဲ့လေသည်။

 

“ကျွန်တော်တို့ ပူတာအိုဒေသမှာ ဂရိတ်ဖရုပင်ကတော့ နေအိမ်တိုင်းလိုလိုမှာ စိုက်ပျိုးထားလေ့ရှိကြပြီး နမ့်ခမ်းနဲ့ မလိခွမ်း ကျေးရွာတွေမှာတော့ စီးပွားဖြစ် စိုက်ပျိုးကြကာ မြန်မာတစ်နိုင်ငံလုံးကို တင်ပို့ရောင်းချကြပါတယ်” ဟု ဒေသခံ ဧည့်လမ်းညွှန်ဖြစ်သူ ရဝမ်တိုင်းရင်းသား ကိုဖီရမ်က ရှင်းပြသည်။

 

ရုက္ခဗေဒအမည်အားဖြင့် Citrus paradise ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Grape Fruit ဟု ခေါ်တွင်သည့် ဆေးဖက်လည်းဝင် အရသာလည်း ပြည့်စုံသည့် သဘာဝလက်ဆောင် ဂရိတ်ဖရုပင်များကို ကချင်ပြည်နယ်တွင် အဓိကစိုက်ပျိုးလေ့ရှိကြပြီး ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်လည်း စိုက်ပျိုးပေါက် ရောက်နိုင်လေသည်။ ၁၀ ပေ ၁၅ ပေခန့် အထိ အမြင့်ရှိကာ အမြဲစိမ်းလန်းသော ပင်လတ်မျိုး ဖြစ်လေသည်။ ဂရိတ်ဖရု၏ ထူးခြားချက်မှာ အင်ဆူလင်ရေချိန်ညှိခြင်း စွမ်းအင်ရှိကာ ဆီးချိုနှင့် အသည်းရောဂါ ဝေဒနာအတွက် သဘာဝကပေးသော ဆေးလက်ဆောင်ပင် ဖြစ်လေသည်။ ပျမ်းမျှအားဖြင့် ဂရိတ်ဖရု အရည် ၈ အောင်စတွင် ကယ်လိုရီ ၁၀ဝ ခန့် ပါဝင် သည့်အတွက် ခန္ဓာကိုယ်အား အဆီကျစေနိုင်သော စွမ်းအားရှိသဖြင့် အကျိုးရှိရှိ နည်းလမ်းမှန်မှန်ဖြင့် ချိန်ညှိသုံးစွဲနိုင် လေသည်။ သွေးတိုးရောဂါနှင့် နှလုံးရောဂါအတွက်လည်း အသုံးတည့်သော သစ်သီးဖြစ်ကာ ခန္ဓာကိုယ်ခုခံအား ကောင်းစေရန်နှင့် အသားအရေ စိုပြည်လှပစေရန်အတွက်လည်း သုံးစွဲလေ့ရှိကြသည်။ အရွက်ကို ဝက်ရူးပြန်ရောဂါ၊ အတက်ရောဂါနှင့် ချောင်းဆိုးရောဂါတို့တွင် အသုံးပြုလေ့ ရှိကြပြီး အစေ့ကိုလည်း Lunbago ခေါ် ခါးနာရောဂါတွင် ဆေးဝါးအဖြစ် ဖော်စပ်အသုံး ပြုနိုင်လေသည်။ အသီးမှည့်ကို သန်၊ တုပ်ရောဂါ၊ သည်းခြေရောဂါ၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မျက်စိနာခြင်းတို့ကို ကုသရာတွင် အသုံးပြုနိုင် ကြောင်းလည်း သိရသည်။

 

ဂရိတ်ဖရုသီးကို အာယုဗ္ဗေဒ ဆေးပညာတွင် အရေပြားရောဂါ၊ ပန်းနာ၊ ချောင်းဆိုး၊ ကြို့ထိုး၊ ဝက်ရူးပြန်ရောဂါနှင့် အတက်ရောဂါတို့ကို ကုသရာတွင်လည်း ဆေးဝါးအဖြစ် ဖော်စပ်အသုံးပြုကြသည်။

 

အေးချမ်းလှသည့် ဆောင်းကာလဖြစ်သည့် ဒီဇင်ဘာနောက်ဆုံးပတ်မှသည် ဖေဖော်ဝါရီလလယ်ခန့်အထိ ပူတာအို လွင်ပြင်အား ဝန်းရံလျက်ရှိသော တောင်တန်းကြီးများသည် ရေခဲတောင်များအဖြစ် အလှဆင်နေပြီဖြစ်ရာ ကချင်ပြည်နယ်၏ အလှအပများကို ခံစားလေ့လာရင်း “ဆေးဖက်လည်းဝင် ခံတွင်းရွှင် ရသာပေါင်းစု ဂရိတ်ဖရု” သီးလေးများအား လာရောက်သုံးဆောင် နိုင်ကြပါရန် ဖိတ်မန္တကပြုလိုက်ရပေတော့သည်။

 

မောင်ယဉ်ကျေး