ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရတာဖြစ်တဲ့အတွက် အချိန်ယူစိတ်ရှည်သည်းခံပြီး ရလဒ်ထွက်အောင် ညှိနှိုင်းရတဲ့ လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေ

နေပြည်တော် ၁၆  ဇူလိုင်

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဆဋ္ဌမနေ့တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် ကျေးဇူးတင်စကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

နှုတ်ခွန်းဆက်

 

ဒီကနေ့ ညီလာခံကိုတက်ရောက်နေကြတဲ့ ဦးဆောင် သဘာပတိ၊ သဘာပတိအဖွဲ့ဝင်များ၊ UPDJCအဖွဲ့ဝင်များ၊ ညီလာခံ ကိုယ်စားလှယ်တော်ကြီးများရှင့်-

 

ခြောက်ရက်တာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ကတော့ ဒီကနေ့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ် အပိုင်း(၂)ကို လက်မှတ်ရေးထိုးနိုင်ခြင်းနဲ့ အောင်မြင် စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါပြီ။ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း(၂)မှာ အခြေခံမူ(၁၄)ချက်သာ ရရှိခဲ့တယ်ဆို ပေမယ့်လည်း ဒီအခြေခံမူတွေရရှိလာအောင် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အစုအဖွဲ့အလိုက် တင်သွင်း လာတဲ့စာတမ်းတွေကို အခြေခံပြီး လုပ်ငန်းကော်မတီ အစည်း အဝေး၊ UPDJCအစည်းအဝေးနဲ့ ညီလာခံအစည်းအဝေး တွေမှာ အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး ရရှိလာခဲ့တာ ဖြစ်တဲ့အတွက် အစုအဖွဲ့အားလုံး သဘောတူညီမှုတွေရရှိ အောင် ရှာဖွေနိုင်ခဲ့တာဟာ ကျွန်မတို့အတွက် ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာဖြစ်နေမှာပါ။ ညီလာခံရဲ့ ခြောက်ရက်တာကာလ အတွင်းမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှုတွေနဲ့ ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီ ချက်တွေ ရှာဖွေနိုင် ခဲ့ပြီဖြစ်တဲ့အတွက် ကျွန်မတို့အားလုံးရဲ့ အခြေအနေကို ကိုယ်စီကိုယ်စီ သိရှိထားကြပြီလို့လည်း ယုံကြည်ပါတယ်။

 

ညီလာခံတတိယအစည်းအဝေး၏ ရလဒ်များအပေါ် အသိအမှတ်ပြုခြင်း

 

သဘာပတိကြီးနဲ့တကွ ညီလာခံကိုယ်စားလှယ်တော်ကြီး များရှင့်-

ကျွန်မတို့ရဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးမှာ စုစုပေါင်း အချက် (၁၄) ချက်ကို သဘောတူနိုင်ခဲ့ကြပါတယ်။ နိုင်ငံရေးကဏ္ဍ(၄)ချက်၊ စီးပွားရေးကဏ္ဍ(၁)ချက်၊ လူမှုရေးကဏ္ဍ (၇) ချက်နဲ့ မြေယာ ကဏ္ဍ(၂)ချက်တို့ ဖြစ်ကြပါတယ်။ လုံခြုံရေးကဏ္ဍမှာတော့ ဒီတစ်ကြိမ်မှာ သဘောတူညီမှုတွေ ရရှိအောင် မညှိနှိုင်းနိုင်ခဲ့ပါ။

 

ဒီအချက်တွေကိုကြည့်လိုက်ရင် နှစ်မျိုးတွေ့ရှိနိုင်ပါတယ်။ တစ်မျိုးက တိုင်းရင်းသားတွေလိုချင်တဲ့အရာတွေ၊ စိုးရိမ်နေတဲ့ အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိပေမယ့်လည်း ပိုမိုသေချာတဲ့စကားလုံး အသုံး အနှုန်းတွေနဲ့ ထည့်သွင်းခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မပါရှိသေးတဲ့အချက်တွေကို ပြည်ထောင်စု သဘောတူညီမှုတစ်ရပ်အနေနဲ့ ထည့်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ အခုသဘောတူညီလိုက်တဲ့အချက်တွေက ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ နောင် တစ်ချိန်မှာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု သဘောတူစာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့အတွက် နောက်ထပ်တက်လှမ်း လိုက်တဲ့ ခြေလှမ်းသစ်တွေလည်း ဖြစ်ပါတယ်။

 

အချို့ကလည်း ရရှိခဲ့တဲ့အချက်တွေ နည်းနေသေးတယ်လို့ မြင်ပါလိမ့်မယ်။ ပြန်ကြည့်လိုက်ရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံရဲ့ ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အစည်းအဝေးတွေအကြားမှာ အချိန် ကာလအားဖြင့် (၁)နှစ် ကျော်ကြာမြင့်ခဲ့တာကို အားလုံးသိရှိထားပြီး ဖြစ်ပါတယ်။ ညီလာခံတတိယအစည်းအဝေး ကျင်းပနိုင်ဖို့ကို အများကြီး ညှိနှိုင်းတိုင်ပင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ အခက်အခဲ အမျိုးမျိုး၊ သဘောထား ကွဲပြားမှု အမျိုးမျိုးရှိနေတဲ့ကြားမှာ အခုလိုရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တာကိုက ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ရှေ့ကိုဆက်လက်ပြီး ရွေ့နေတယ် ဆိုတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သဘောတူညီချက်တွေ နည်းကောင်းနည်းမယ်၊ သို့သော်လည်း ကျွန်မတို့အားလုံး အပြန်အလှန်နားလည်မှုနဲ့ ကြိုးပမ်းအားထုတ် နိုင်ခဲ့ကြလို့ အားလုံးပိုင်ဆိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ် ရှေ့ဆက်နိုင်အောင် လုပ်ဆောင်နိုင်ခြင်းဟာ ဒီညီလာခံကြီးရဲ့ အဓိကအနှစ်သာရပဲ ဖြစ်ပါတယ်။ ဒီကနေ့ လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့ အစိတ်အပိုင်း (၂) သဘောတူညီချက်တွေဟာ ကျွန်မတို့ ညီလာခံကြီး ရပ်တန့်မနေဘူး၊ နောက်ပြန်လှည့်မသွားဘူး၊ ရှေ့ကို ခက်ခက်ခဲခဲ တက်လှမ်းနေတယ် ဆိုတာကို အထင်အရှား ဖော်ပြနေတာပါ။

 

တစ်ချိန်တည်းမှာပဲNCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ကျွန်မတို့ရဲ့ ဖိတ်ကြားချက်အရ ညီလာခံကို တက်ရောက် ခဲ့ကြပါတယ်။ ညီလာခံအစည်းအဝေးတွေမှာ ဆွေးနွေးညှိနှိုင်း ခဲ့ကြတာတွေကို လက်တွေ့ မြင်တွေ့ သိရှိခွင့်ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒီအဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ အစိုးရပိုင်း၊ တပ်မတော်ပိုင်းနဲ့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ လွတ်လပ်ပွင့်လင်းစွာ၊ ရင်းနှီးစွာဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပြီး ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် နိုင်စေ မယ့် အလားအလာကောင်းတွေ များစွာရရှိခဲ့တဲ့အတွက် အားလုံးအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါဟာလည်း ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ၊ တတိယ အစည်းအဝေးရဲ့ ရလဒ် ကောင်းတွေထဲက တစ်ခုဆိုတာကို တွေ့ရှိနိုင်ကြမှာပါ။

 

တစ်ဆက်တည်းမှာပဲ (၂၁) ရာစု ပင်လုံညီလာခံကြီးကို စောင့်ကြည့်နေကြတဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ မျှော်လင့်ချက်တွေကို မှေးမှိန်မသွားစေဖို့အတွက် ကျွန်မတို့ အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ညီလာခံကြီးရဲ့ သဘော ထား ထုတ်ပြန်ချက်ကို သဘောတူထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီသဘော ထား ထုတ်ပြန်ချက်မှာ အဓိကအားဖြင့် ၂ဝ၁၈ ခုနှစ်အတွင်း နောက်ထပ်ညီလာခံ (၁)ကြိမ်၊ ၂ဝ၁၉ ခုနှစ်အတွင်း ညီလာခံ (၂)ကြိမ်၊ စုစုပေါင်း ညီလာခံ (၃) ကြိမ် ကျင်းပနိုင်ရေး၊ ဒီညီလာခံ (၃)ကြိမ်မှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုင်ရာ အခြေခံ မူတွေကို အခြေခံ အုတ်မြစ်အဖြစ် ချမှတ်နိုင်ရေး၊ ဆက်လက် ကျင်းပမယ့် ညီလာခံတွေမှာ အခြေခံမူတွေကို အုတ်မြစ်အဖြစ် ချမှတ်နိုင်ရေးအတွက် အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင် ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ညီလာခံရဲ့ သန္နိဋ္ဌာန်အဖြစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ညီလာခံကြီးကနေ တိုင်းရင်းသား ပြည်သူတွေကို၊ ရှေ့ဆက်ပြီး ဘာတွေလုပ်မယ်ဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာ အသိပေးလိုက်တာပါပဲ။ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ဘယ်လို အခက်အခဲတွေပဲကြုံကြုံ ကျွန်မ တို့အားလုံး လက်မလျှော့ဘူး၊ ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေကို ဆက်လက်ပြီး လျှောက်လှမ်းသွားမယ်ဆိုတာကို တစည်း တလုံးတည်း တစ်စိတ်တစ်ဝမ်းတည်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေး သန္နိဋ္ဌာန်ကို ညီလာခံရဲ့ သဘောထားအဖြစ် ထုတ်ပြန်နိုင်ခဲ့ခြင်း အတွက်လည်း ကျွန်မအနေနဲ့ များစွာဝမ်းမြောက်ရပါကြောင်း ပြောကြားလိုပါတယ်။

 

အခက်အခဲများနှင့် ရှေ့ဆက်မည့်ခရီး

 

သဘာပတိကြီးနဲ့တကွ ညီလာခံကိုယ်စားလှယ်တော်ကြီးများရှင့်-

 

ဒီညီလာခံကြီးမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း မှုတွေ ပြုလုပ်ကြတဲ့အခါ အားလုံးသဘောတူညီနိုင်တဲ့ အချက် တွေရှိသလို၊ အားလုံးသဘောတူညီဖို့ခက်တဲ့ အချက်တွေကို လည်း တွေ့ရပါတယ်။ ဆွေးနွေးမှုတွေမှာ ပါဝင်ကြတဲ့ အစုအဖွဲ့ တွေမှာ နောက်ခံသမိုင်းတွေမတူသလို၊ အနာဂတ်ကို ပုံဖော် ပုံခြင်းလည်း မတူကြပါဘူး။ ဒီလို မတူညီတဲ့အမြင်တွေကြားထဲကနေ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရတာဖြစ်တဲ့အတွက် အချိန်ယူစိတ်ရှည် သည်းခံပြီး ရလဒ်ထွက်အောင် ညှိနှိုင်းရတဲ့ လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေပါတယ်။

 

လုံခြုံရေးကဏ္ဍကို ညှိနှိုင်းကြရာမှာ အဘက်ဘက်က သတိကြီးစွာနဲ့ ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေး ကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အများကြီးအရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးသဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်မှဖြစ်မှာပါ။ ဒီအခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံရေး ဆွေးနွေးမှုမူ ဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဒီဇိုင်းတွေကို အရှိအတိုင်း ရဲရဲတင်းတင်း ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန် တဲ့ လုပ်ငန်းစဉ်ဖြစ်ပေါ်လာအောင် ကျွန်မတို့ ဆက်လက်ပြီး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။

 

ရှေ့ကိုဆက်ပြီး အဆင်ပြေချောမွေ့အောင် လိုအပ်တဲ့ အပြောင်းအလဲတွေကို ဆက်လက်ဆောင်ရွက်ကြရာမှာ ညီလာခံကြီးရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ပါအတိုင်း ပြည့်ဝအောင်မြင်စေဖို့အတွက် အားနည်းချက် တွေကို ပြုပြင်ရမယ်၊ အားသာချက်တွေကို ပိုမိုအားကောင်းအောင် အားဖြည့် ရမယ်၊ ကျွန်မတို့ အစုအဖွဲ့ တွေကြားမှာ ပို၍ပို၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် အဓိကကျတဲ့ အင်အားစုတွေ အားလုံးကြားထဲမှာ တိကျပြတ် သားတဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်တစ်ခုရှိလာဖို့ အရေးကြီး ပါတယ်။ တိကျပြတ်သားတဲ့ အနာဂတ် အတွက် ဘုံရည်မှန်းချက် အနေဖြင့် ဒီကနေ့ ညီလာခံအစည်းအဝေးကြီးက သဘောထား ထုတ်ပြန်ကြေညာ ချက်ကို ထုတ်ပြန်လိုက်ပါပြီ။ ဆက်လက် ပြီးတော့ ကျွန်မတို့အားလုံးအနေနဲ့ အနာဂတ်အတွက် ဘုံရည်မှန်း ချက်ကို အကောင်အထည်ဖော်နိုင်မယ့် ငြိမ်းချမ်း ရေးမဟာဗျူဟာတစ်ခု ထွက်ပေါ်လာနိုင်ဖို့ လိုပါလိမ့်မယ်။ ဒီမဟာဗျူဟာကို အခြေခံပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Political Framework)ကို သင့်လျော်ကောင်း မွန်အောင် ပြုပြင်ပြောင်းလဲကြဖို့ လိုပါတယ်။ UPDJC ပူးတွဲ ကော်မတီကလည်း လိုအပ်တဲ့အလုပ်အဖွဲ့တွေကို ဖွဲ့စည်းပေး ထားပြီးဖြစ်တဲ့အတွက် အမြန်ဆုံး စတင်ဆောင်ရွက်သွား ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

 

ကျွန်မတို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အကြောင်းရင်း နောက်ခံတွေမှာ ကျွန်မတို့အချင်းချင်းအကြား မယုံကြည်မှုနဲ့ သံသယတွေပါဝင်နေပြီးတော့ ဒီကွာဟချက်တွေကြောင့်ပဲ ရန်လိုမှုနဲ့ မုန်းတီးမှုတွေ ဖြစ်ပေါ်လာခဲ့ တာပါ။ ယုံကြည်မှု တည်ဆောက်ရေးကို မြှင့်တင်နိုင်ဖို့ အင်အားစုတွေရဲ့ ခေါင်းဆောင်တွေ အကြားမှာ အလွတ် သဘောတွေ့ဆုံပြီး သဘောထားအမြင်တွေ ဖလှယ်ကြဖို့၊ ကွဲပြားခြားနားတဲ့ ရှုမြင် ချက်တွေကြားက တူညီတဲ့ ဘုံရှုမြင်ချက်တွေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာလည်း ကျွန်မ တို့အကြားမှာ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ခေါင်းဆောင် တွေက ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့် လွှဲအပ်လိုက်တဲ့ ကိုယ်စား လှယ်တွေ ပေါ့ပေါ့ပါးပါး အလွတ်သဘောတွေ့ဆုံကြဖို့ သဘော တူညီထားပြီး ဖြစ်ပါတယ်။ ခေါင်းဆောင်တွေ အကြား အလွတ်သဘောသီးသန့်ဆွေးနွေးပွဲ အမြန်ဆုံးစတင်နိုင်ဖို့လည်း အစိုးရ ဘက်က အလေးအနက်ထား ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

 

အလားတူပါပဲ နိုင်ငံရေးဆွေးနွေးကြရင်းနဲ့ လိုလားချက်တွေ၊ တောင်းဆိုချက်တွေ သဟဇာတမဖြစ်ကြတဲ့အခါ အစိုင်အခဲတွေ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒီအစိုင်အခဲတွေက ငြိမ်းချမ်းရေးစားပွဲပေါ်ကနေ ကျော်လွန်ပြီး သက်ဆိုင်ရာ ပြည်သူလူထုအသိုင်းအဝိုင်းတွေဆီကို ကူးစက် သွားတတ်ကြပါတယ်။ သက်ဆိုင်ရာ ပြည်သူလူထု အသိုင်း အဝိုင်းတွေကြားထဲကို ကူးစက်သွားပြီး မကျေနပ်ချက်တွေ ပိုမြင့်မားလာတတ်သလို၊ မကျေနပ်ချက်တွေ မြင့်မားသထက် မြင့်မားလာတဲ့အခါမှာ နာကြည်းမှုနဲ့ မုန်းတီးမှုတွေအဖြစ် ရောက်ရှိလာ တတ်ကြပါတယ်။ ငြိမ်းချမ်းရေးဟာ အောက်ခြေ ပြည်သူတွေအတွက် ပြည်သူတွေ တွေ့မြင်ခံစားနိုင်တဲ့၊ ထူးခြား ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အရေးကြီး ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်တဲ့ ဒေသခံပြည်သူတွေရဲ့ အသံတွေကို ကျွန်မတို့ရဲ့ (၂၁)ရာစုပင်လုံညီလာခံကြီးက နားထောင် ဖို့၊ ရင်ကြားစေ့ကြရ ာမှာ အောက်ခြေအဆင့်အထိ ပျံ့နှံ့ ရောက်ရှိအောင် အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက် ပေးကြဖို့၊ ပဋိပက္ခဒေသက တိုင်းရင်းသား ပြည်သူတွေရဲ့ လူမှုဘဝ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် ကျွန်မတို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

 

ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို ပုံဖော်သင့်တယ်၊ ဘာဖြစ်သင့်တယ်ဆိုတဲ့ ဦးဆောင်မှုကိုသာ အခြေခံတဲ့ပုံသ္ဌာန်နဲ့ ချဉ်းကပ်ဆောင်ရွက်နေတာ မဟုတ် ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါရှိတဲ့ အဓိကအင်အားစုတွေ အကြား သဟဇာတဖြစ်နိုင်တဲ့ ရလဒ်ကောင်းတွေထွက်ဖို့ ပံ့ပိုးအကျိုးဆောင်တဲ့ ညှိနှိုင်း ဆောင်ရွက်မှုမျိုးနဲ့ ချဉ်းကပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ရှုမြင်ချက်က ယုံကြည်မှု၊ နားလည်မှုတွေနဲ့ပဲ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ကျွန်မတို့အစိုးရရဲ့ ချဉ်းကပ်မှုက ယုံကြည်မှုတွေ ပိုမိုအားကောင်းနိုင်ဖို့၊ နားလည်မှုတွေနဲ့ အဖြေ ရှာနိုင်စေဖို့ဆိုတဲ့ ကြိုးပမ်းအားထုတ်မှုမျိုးဖြစ် ကြောင်း ပြောကြားလိုပါတယ်။

 

နိဂုံးချုပ်

 

သဘာပတိကြီးနဲ့တကွ ညီလာခံကိုယ်စားလှယ်တော်ကြီး များရှင့်-

 

နိဂုံးချုပ်အနေနဲ့ ကျွန်မတို့ ညီလာခံကိုယ်စားလှယ်တော် ကြီးတွေဟာ ဒီတစ်ခေါက်မှာ အကျေအလည် ဆွေးနွေးနိုင်ခဲ့ တယ်ဆိုတာတွေ ကြားသိရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်သူတွေအနေနဲ့ နားလည်မှုတွေ နက်ရှိုင်းလာဖို့၊ ရှေ့မျှော်မှန်းချက်တွေ တူညီလာဖို့ အကျေအလည် ဆွေးနွေး၊ သဘောထားများဖလှယ် နိုင်တဲ့ အခင်းအကျင်း၊ အချိန်တွေရရှိအောင် အားလုံးညှိနှိုင်း ဆောင်ရွက် နိုင်ခဲ့ကြပါတယ်။ ညီလာခံတစ်ခုနဲ့ တစ်ခု အကြားမှာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မှုတွေ လုပ်ဆောင် ခဲ့တဲ့ အတွက် ပိုမိုအဆင်ပြေကောင်းမွန်တဲ့ ညီလာခံအခင်း အကျင်းကို ပြောင်းလဲနိုင်ခဲ့ပေမယ့် ကျွန်မတို့အားလုံး ပိုမိုကောင်းမွန်၊ ပိုမိုအဆင်ပြေတဲ့ အခြေအနေတွေကို တိုးတက်ရောက်ရှိလာအောင် ဆက်ပြီး ကြိုးပမ်းဆောင်ရွက် သွားရဦးမှာ ဖြစ်ပါတယ်။

 

ကျွန်မတို့အနေနဲ့ ခြေတစ်လှမ်းပြီးတစ်လှမ်း ရှေ့ကိုတက်လှမ်းနိုင်အောင် ကြိုးပမ်းကြရာမှာ လှမ်းလိုက်တဲ့ ခြေလှမ်း ခိုင်မာရေးဟာ အထူးပဲအရေးကြီးပါတယ်။ ကျွန်မတို့ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေတာဟာ အနာဂတ် မှာ ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် အခြေခံ အုတ်မြစ်တွေ စိုက်ထူနိုင်ဖို့ ဖြစ်ပါ တယ်။ အုတ်မြစ်ခိုင်မာ တောင့်တင်းမှသာ အပေါ်ထပ်အဆောက်အအုံတွေ ထပ်ဆင့် တည်ဆောက်တဲ့အခါ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သဘောတူညီချက်တွေ နည်းခြင်း၊ များခြင်း ထက် ကျွန်မတို့ အချင်းချင်းအကြားမှာ ကျေလည်ခြင်း၊ ဘုံလက်ခံခြင်း၊ ရေရှည်အတွက် ခိုင်မာခြင်းတွေက ပိုပြီးအရေး ကြီးပါတယ်။ နောက်ညီလာခံမှာ ဒီထက်ပိုမိုကောင်းမွန်ပြည့်စုံ တဲ့ အခြေခံမူတွေချမှတ်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်း အားထုတ်နိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။

 

ခြောက်ရက်တာကျင်းပခဲ့တဲ့ ညီလာခံကြီးမှာ အပင်ပန်း ခံပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ UPDJCအတွင်း ရေးမှူးများနဲ့ ကော်မတီဝင်များ၊ ညီလာခံ ကိုယ်စားလှယ်တော်ကြီးများ၊ အကျိုးဆောင်များနဲ့ အထောက်အကူပြု အဖွဲ့များအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ အားလုံးပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ညီလာခံအစည်း အဝေးတွေ အောင်မြင်စေဖို့ ဆက်လက်ကြိုးပမ်း ဆောင် ရွက်သွားကြစေလိုကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။