ဆေးမသောက်ခင် အစားတစ်ခုခုစားပါလို့ ပြောရတဲ့အကြောင်းက

၂၀  ဒီဇင်ဘာ

 

ကိုယ်လက်တွေ ကိုက်လိုက်တာ။ ခေါင်းထဲကတစစ်စစ်ကိုက်နေလို့ ဗိုက်အောင့်လို့ သွားကိုက်လို့၊ နေထိုင်မကောင်းလို့ သက်သာသွားအောင် ဆေးသောက်လိုက်ရင် ကောင်းမယ်နော်။အင်း …ဆေးမသောက်ခင် တစ်ခုခုတော့စားဦးနော်၊ လို့ပြောတာကိုငယ်ငယ်ကတည်းက ကြားဖူးကြမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သိတဲ့သူလည်းရှိမှာပါ။ အချို့ကတော့လည်း လုပ်ရိုးလုပ်စဉ် တစ်ခုလိုလုပ်နေကြတာ ရှိပါတယ်။

 

ဘာကြောင့်ဆေးမသောက်ခင်တစ်ခုခုစားခိုင်းရတာလဲ။ ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော်။

 

အစားတစ်ခုခုစားပြီးမှဆေးသောက်သင့်ရတဲ့ အကြောင်းအရင်းက

 

ဆေးတိုင်းကို အစားတစ်ခုခုစားပြီးမှသောက်သင့်တယ်ရယ်တော့ မဟုတ်ပါဘူး။ အချို့ဆေးတွေကတော့ အစားမစားခင်သောက်ဖို့လိုပါတယ်။ ဒါပေမယ့်ဆေးအများစုကတော့ အစားတစ်ခုခုစားပြီးမှသောက်တာ အကောင်းဆုံးပါ။

 

ဒီအချက်တွေကြောင့် အစားစားပြီးမှဆေးသောက်ခိုင်းရတာပါ။

 

ဆေးအရှိန်ကြောင့် မအီမသာဖြစ်တာအော့အန်တာတွေ မဖြစ်စေဖို့ – ခန္ဓါကိုယ်မှာ မအီမသာ ဖြစ်စေနိုင်တဲ့ ဆေးတွေ၊ အော့အန်တာကို ဖြစ်စေတဲ့ဆေးတွေ၊ ဆေးအာနိသင်ပြင်းတဲ့ ဆေးတွေကိုတော့ အစားတစ်ခုခုစားပြီးမှ သောက်သင့်ပါတယ်။

 

အစာအိမ်ထဲက အောင့်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ဖို့ – အချို့ဆေးတွေက ဗိုက်အောင့်ဗိုက်နာတာတွေ ဖြစ်စေနိုင်ပေမယ့် အစားတစ်ခုခုစားပြီးမှ သောက်မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေလျော့သွားစေနိုင်ပါတယ်။ဆေးမသောက်ခင် သိပ်အများကြီး မဟုတ်ရင်တောင် ဘီစကစ်လေးဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်လေးတစ်ခုလောက်ဖြစ်ဖြစ်၊ ခေါက်ဆွဲပြုတ်လေး နည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်ပါ။

 

ရင်ပူတာ၊ စားချဉ့်ပြန်တာတွေဖြစ်မလာစေဖို့ -နေထိုင်မကောင်းတဲ့အခါသောက်ရတဲ့ အချို့ဆေးတွေက ရင်ပူတာ နဲ့ စားချဉ့်ပြန်တာတွေကို ဖြစ်စေနိုင်တာကြောင့် ဆေးမသောက်ခင်မှာ အစားတစ်ခုခု စားလိုက်တာက မလိုလားအပ်တဲ့ဝေဒနာတွေဖြစ်မလာအောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

 

ဆေးအာနိသင်ကို ကောင်းကောင်းရရှိစေနိုင်ဖို့ –အချို့ဆေးတွေ အာနိသင်ပြင်းတာကြောင့် မဖြစ်မနေ အစားတစ်ခုခုစားပြီးမှ သောက်သုံးသင့်ပါတယ်။ ဥပမာပြောပြရရင် အကိုက်အခဲ ပျောက်ဆေးတွေ လိုမျိုးပေါ့။ ဒီလိုမျိုး စားပေးလိုက်မှပဲ အစာအိမ်နဲ့အူနံရံတွေက အာဟာရတွေကိုရောဆေးအာနိသင်ကို ပါကောင်းကောင်းစုပ်ယူနိုင်မှာပါ။

 

ခန္ဓါကိုယ်က စားလိုက်တဲ့ အစားအစာတွေကိုချေဖျက်မှုမှာ အထောက်အကူဖြစ်စေဖို့ – အထူးသဖြင့် ဆီးခြိုဆေးတွေကိုတော့ စားသုံးလိုက်တဲ့ အစားအစာမှာပါတဲ့ သကြားဓါတ်တွေ၊ ကစီဓါတ်တွေကို ချေဖျက်စုပ်ယူမှုနဲ့ သွေးချိုထိန်းညှိမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ အစားတစ်ခုခု မစားခင်မှာ သောက်သုံးကြတာများပါတယ်။ နာတာရှည် မုန့်ချိုအိတ်ရောဂါခံစားနေရသူတွေကတော့ အစားတစ်ခုခု စားပြီးမှ ဆေးသောက်တာကဆေးအာနိသင်ကို ပိုမိုထိရောက်မှုရှိစေတယ်လို့ တွေ့ရပါတယ်။

 

အစားတစ်ခုခုစားပြီးမှဆေးသောက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေက

 

ဆေးမသောက်ခင် တစ်ခုခုစားသုံးလိုက်တဲ့အခါ အူနံရံတွေဆီသွေးရောက်ရှိမှု ပိုကောင်းလာတာ၊ သည်းခြေရည် ပိုထွက်ရှိတာ၊ ကိုယ်တွင်း pH ပမာဏပြောင်းလဲလာတာ လိုမျိုးခန္ဓါကိုယ်မှာ ပြောင်းလဲမှုတွေ အများအပြားဖြစ်ပေါ်လာပါမယ်။ ဒီပြောင်းလဲမှုတွေကပဲ ခန္ဓါကိုယ်အနှံ့သွေးကြော တွေဆီကို ဆေးအာနိသင်တွေ ပိုမိုရောက်ရှိသွားအောင် လုပ်ဆောင်ပေးပြီးမြန်မြန် နေကောင်းစေပါတယ်။

 

ဆေးမသောက်ခင်မှာ တစ်ခုခုစားလိုက်တာက ခန္ဓါကိုယ်ကို အားပြည့်သွားစေနိုင်ပြီး ဆေးရှိန် ပြင်းတာကြောင့် ဖြစ်လာနိုင်တဲ့ ရင်တုန်တာ၊ မူးဝေတာ၊ အားမရှိသလိုဖြစ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာမျိုးတွေ ဖြစ်နိုင်ခြေကိုလျော့နည်း သွားစေနိုင်ပါတယ်။ နေမကောင်းတဲ့အခါ အစားမစားဘဲ နေတာထက် အစားစားပေးတာက ကိုယ်ခံအားကိုမြန်မြန်ပြန်ကောင်းလာစေနိုင်ပြီး အဖျားတာတို စေနိုင်ပါတယ်။

 

အစားစားပါဆိုတဲ့ နေရာမှာလည်း ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ တည့်အောင် ဂရုစိုက်စားသုံးသင့်ပါတယ်။ နေမကောင်းပါဘူးဆိုမှ ရေခဲမုန့်တို့ ကိုလာတို့သောက်တာမျိုးတော့ မဖြစ်သင့်သလို အားမဖြစ်စေမယ့် သရေစာတွေတော့ရှောင်ပေါ့။ နေမကောင်းလို့စားချင်ရင် အားဖြစ်စေမယ့် အစားအစာတွေ အစာကြေလွယ်မယ့် အစားအစာမျိုးတော့ရွေးချယ်စားသုံးဖို့လိုပါမယ်။ ဒါမှသာ ခန္ဓါကိုယ်အတွက် အထောက်အကူပြုပြီး ဆေးအာနိသင်ကို ထိရောက်စေမှာပါ။

 

ဆေးမသောက်ခင် အစားစားပေးတာကနေရရှိနိုင်မယ့် နောက်အကျိုးကျေးဇူးတစ်ခုက အစာအိမ် ထိခိုက်တာမျိုးကို ကာကွယ်ပြီးသားဖြစ်သွားတာပါ။

 

ဆေးမသောက်ခင် အစားအစာကို ဘယ်လောက်ပမာဏအထိစားသုံးရမလဲ

 

ဒါကတော့ အတိအကျမရှိပါဘူး။ ကိုယ်သောက်သုံးရမယ့်ဆေးပေါ်မူတည်ပြီး အဆာပြေ အစားအစား လောက်ကနေ စလို့ပြည့်ပြည့်ဝဝစားသုံးရတဲ့အထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့ဆေးတွေက အာနိသင်ပြင်းတဲ့ အခါမျိုးမှာ ပေါင်မုန့်လေးတစ်ဖဲ့လောက် ကိတ်မုန့်လေးတစ်ကိုက်လောက်နဲ့ အဆင်မပြေပါဘူး။ ခေါက်ဆွဲပြုတ် တစ်ပန်းကန်လုံးစာလောက် ကြာဇံ ဒါမှမဟုတ် မြူစွမ်ပြုတ် တစ်ပန်းကန်လောက်တော့ သောက်ပေးဖို့လိုပါမယ်။ နေမကောင်းလို့အဖက်တွေ မစားချင်ဘူး ဆိုရင်လည်း ကြက်စွပ်ပြုတ်တစ်ခွက်လောက် သောက်သုံးပေးပါ။

 

အတိအကျသိရဖို့က ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။

 

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”