ဆေးလိပ်ဖြတ်ကြစို့

ပါမောက္ခ ဒေါက်တာမောင်

 

အဆိပ်လိပ် သို့မဟုတ် အမြီးရောခေါင်းပါ အဆိပ်ရှိသောမြွေ

ဆေးလိပ်ဟု ခေါ်ဆိုခြင်းမှာ မှားယွင်းနေသည်။ လက်ညှိုးလုံးခန့် အရွယ်ရှိသော အတောင့်ငယ်ကလေးတွင် မည်သည့်ဆေးဝါးမျှ မပါရှိချေ။ ပြင်းထန်သော အဆိပ်များကိုသာ လိပ်ထားခြင်း ဖြစ်သည်။ အဆိပ်လိပ်ဟု ခေါ်တွင်သင့်သည်။

 

မြွေတစ်ကောင်၏ အဆိပ်သည် ခေါင်းဘက်တွင်သာ ရှိသည်။ ဆေးလိပ်တစ်လိပ်သည် ရှူသွင်းသော အရင်းဘက်တွင် အဆိပ်ရှိနေသလို အငွေ့များထုတ်လွှင့်နေသော အဖျားဘက်သည်လည်း အဆိပ်များကို ထုတ်ပေးလေသည်။ ဆေးလိပ်ငွေ့ကို ရှူမိသော အနီးအနားရှိလူများသည် ဆေးလိပ်သောက်နေသူကဲ့သို့ အဆိပ်ငွေ့သင့်ကြရသည်။ အမြီးရောခေါင်းပါ အဆိပ်ရှိသော မြွေတစ်ကောင်နှင့် တူလှသည်။

 

မျက်မှောက်ကမ္ဘာကြီးတွင် နှစ်စဉ် လူခုနစ်သန်းကျော် ဆေးလိပ်ကြောင့် သေဆုံးနေကြသည်။ ခြောက်သန်းကျော်မှာ ဆေးလိပ် သောက်သူများဖြစ်ကြပြီး တစ်သန်းနီးပါးမှာ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသူ (second-hand smoker)များ ဖြစ်ကြသည်။

 

ဆေးလိပ် စီးကရက် ဆေးတံတို့ကို သောက်ခြင်းသည် ဆေးရွက်ကြီးကိုမီးရှို့၍ အငွေ့ကို ရှူရှိုက်နေခြင်းဖြစ်ပြီး မီးခိုးမထွက်သော ဆေးငုံခြင်း၊ ကွမ်းစားခြင်း၊ ဆေးရှူခြင်း တို့သည်လည်း တူညီသော ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။

 

ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းသည် အဓိက အဆိပ်ဖြစ်ပြီး စွဲလမ်းခြင်းကို ဖြစ်စေသောအရာလည်း ဖြစ်သည်။ ဆေးလိပ်တွင် ဓာတုဗေဒဒြပ်ပေါင်း ပေါင်း ၄၀ဝဝ ကျော် ပါဝင်ပြီး ၆၀ ကျော်ခန့်သည် ကင်ဆာဖြစ်စေသော အရာများ ဖြစ်ကြသည်။

 

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် နှစ်စဉ် လူပေါင်း ၆၅၆၅၁ ဦး သေဆုံးနေကြပြီး စုစုပေါင်း သေဆုံးသူဦးရေ၏ ၁၇ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ FACTSHEET 2018 MYANMAR တွင် ဖော်ပြထားသည်။ သေဆုံးသောသူအများစုမှာ နှလုံးရောဂါကြောင့်ဖြစ်ပြီး ကင်ဆာရောဂါနှင့် အဆုတ်ရောဂါ နှစ်ခုပေါင်းကြောင့် သေဆုံးခြင်းမှာ စုစုပေါင်း သေဆုံးခြင်း၏ ထက်ဝက်ခန့်ရှိသည်။

 

ဆေးလိပ်ဖြတ်ကြစို့

ဆေးလိပ်သည် သောက်သုံးသူအား စွဲလမ်းခြင်းသုံးမျိုးဖြင့် စွဲလမ်းစေသည်။

 

ပထမတစ်မျိုးမှာ ရုပ်ပိုင်းဆိုင်ရာစွဲလမ်းခြင်းဖြစ်သည်။ ဦးနှောက်ဆဲလ်များသည် နီကိုတင်း မရရှိလျှင် ပုံမှန်လုပ်ငန်း တာဝန်များကို မပြုလုပ်နိုင်တော့ချေ။ ဒုတိယတစ်မျိုးမှာ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၏ အရသာကိုစိတ်ထဲတွင် စွဲလမ်းနေခြင်းဖြစ်သည်။

 

တတိယတစ်မျိုးမှာ အမူအကျင့်ပိုင်းဆိုင်ရာ စွဲလမ်းခြင်းဖြစ်သည်။ ပြုလုပ်နေကျ အကျင့်စရိုက် တစ်ခုစွဲမြဲနေသကဲ့သို့ စွဲမြဲနေခြင်း ဖြစ်သည်။

 

ဆေးလိပ်ဖြတ်ရန် ရှေးဦးစွာ လိုအပ်သောအရာမှာ အသိတရားဖြစ်သည်။ အသိတရားအပေါ် အခြေခံ၍ ခိုင်မာသော ဆုံးဖြတ်ချက်ချရန် ဖြစ်သည်။ ထို့နောက် မှန်ကန်သောနည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။ နည်းလမ်းကို ရရှိပြီးလျှင် သတိနှင့် ဝီရိယကို ကြပ်မတ်စိုက်ထုတ်ရမည် ဖြစ်သည်။

 

နက်ရှိုင်းသော အသိတရား ဆေးလိပ်သောက်ခြင်းသည် မကောင်းသော အကျင့်ဖြစ်ကြောင်း ဆေးလိပ်သောက်သူများ ကိုယ်တိုင် သိကြသည်။ သို့သော် ထိုအသိသည် အပေါ်ယံမျှသိသော အသိဖြစ်သည်။ ဆေးလိပ်ဖြတ်ရန်အတွက် လုံလောက်သော အသိမဟုတ်ပေ။ နက်ရှိုင်းသော အသိတရား လိုအပ်သည်။

 

အသိတရားဟူသည်မှာ ပညာÓဏ်အရာဖြစ်၍ အလိုအလျောက် ဖြစ်ပေါ်လာနိုင်ခြင်းမရှိချေ။ လေ့လာဆည်းပူး ယူရမည် ဖြစ်သည်။ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများကိုသိရှိရန် ဖတ်ရှုခြင်း၊ ဆွေးနွေးခြင်း၊ နာယူခြင်း၊ မေးမြန်းခြင်း၊ ဆင်ခြင်ခြင်း၊ မှတ်သားခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ သတင်းစာများ၊ စာအုပ်စာပေများ၊ ဟောပြောပွဲများ၊ စကားဝိုင်းများသည် အကြောင်းအရာ အချက်အလက်များ ရယူနိုင်သောနေရာများ ဖြစ်သည်။

 

မျက်မှောက်ခေတ် သတင်းနှင့် အချက်အလက် နည်းပညာသည်လည်း အားကိုးဖွယ်ရာတစ်ခုဖြစ်သည်။ အင်တာနက် စာမျက်နှာပေါ်ရှိ ဆေးလိပ်ဖြတ်သူများ၏ ဘလော့ခ်များနှင့် ဖိုရမ်များမှတစ်ဆင့် တစ်ကမ္ဘာလုံးရှိ ဆေးလိပ်ဖြတ်သူများနှင့် ဆုံတွေ့နိုင်ပြီး အတွေ့အကြုံများ၊ အသိပညာများ၊ ခံစားချက်များ ဖလှယ်နိုင်သည်။

 

လက်တွေ့ဘဝမှရရှိသော အသိပညာသည်များစွာ ပိုမိုခိုင်မာလေ့ရှိသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ဝေဒနာ ခံစားနေရသူ များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ အတွေ့အကြုံများ မျှဝေယူခြင်းသည် ထိရောက်လှပေသည်။ ဆေးရုံဆေးခန်းများတွင် ရောက်ရှိနေသော လူနာများနှင့် တွေ့ဆုံခွင့်ရလျှင် အရေးကြီးသော သင်ခန်းစာများ ရရှိနိုင်သည်။ အောင်မြင်စွာ ဆေးလိပ်ဖြတ်နိုင်ခဲ့သူများ၏ နည်းနာနိသယများသည်လည်း အတုယူဖွယ်ရာ ဖြစ်သည်။

 

နက်ရှိုင်းသော အသိတရား တစ်ခုတည်းဖြင့် ဆေးလိပ်ပြတ်သွားသော သာဓကများရှိနေသည်။

 

ပါမောက္ခ DrWalter Mischel သည် ၁၉၅၀-၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၏ ထင်ရှားသော စိတ်ပညာပါမောက္ခတစ်ဦး ဖြစ်သည်။

 

သူသည် နေ့စဉ် စီးကရက် သုံးဘူးအပြင် ဆေးတံကိုပါ သောက်သုံးနေသူဖြစ်သည်။ တစ်နေ့ ဆေးရုံခုတင်ပေါ်တွင် လူနာတစ်ဦးအား အမှတ်မထင် သတိပြုမိလိုက်သည်။ ထိုလူနာသည် ဦးခေါင်းကို ပြောင်စင်အောင် ရိတ်ထားပြီး ကိုယ်ပေါ်တွင် အစိမ်းရောင် ကြက်ခြေခတ် အမှတ်အသားများ မှတ်သားထားသည်။ အဆုတ်ကင်ဆာကြောင့် ဓာတ်ရောင်ခြည်ပေးရန် မှတ်သားထားခြင်း ဖြစ်သည်။ ညှိုးငယ်သောမျက်နှာနှင့် ဘဝ၏နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေသော ထိုလူနာ၏ ပုံရိပ်သည် သူ၏စိတ်ထဲတွင် စွဲမြဲသွားသည်။ Dr Mischel  သည် ဆေးလိပ်သောက်ခြင်းနှင့် ပတ်သက်သမျှကို သိရှိရန် လေ့လာတော့သည်။ မကြာမီ သူဆေးလိပ်ပြတ်သွားတော့သည်။ သူ၏အတွေ့အကြုံကို ပြန်လည်ပြောပြစဉ် Dr Mischel က ဆေးလိပ်သောက်လိုသော ဆန္ဒဖြစ်ပေါ်လာလျှင် အသိတရားနှင့် တွဲဖက်ထားသော ထိုလူနာ၏ ပုံရိပ်ဖြင့် အစားထိုးလိုက်ခြင်းဖြင့် ဖျောက်ဖျက် ပစ်လိုက်နိုင်ကြောင်း ပြောပြသည်။

 

နက်ရှိုင်းသော အသိတရား၏ အရေးကြီးပုံကို အမေရိကန်နိုင်ငံ Duke University School of Medicine ၏ လေ့လာတွေ့ရှိချက် တစ်ရပ်က ထောက်ခံပေးနေသည်။

 

Duke သုတေသီများသည် ဆေးလိပ်စွဲသူ ၈၅ ဦးအား နီကိုတင်းအစားထိုး၍ ဆေးလိပ်ဖြတ်စေပြီးနောက် MRI နည်းဖြင့် ဆေးလိပ် မဖြတ်နိုင်သူနှင့် ဆေးလိပ်ပြတ်သွားသူတို့၏ ဦးနှောက်ကို ပုံဖော်ကြည့်ကြသည်။ ဆေးလိပ်သောက်ချင်သော ပြင်းပြသော ဆန္ဒသည် အင်ဆူလာ (Insula) ဟု အမည်ပေးထားသော ဦးနှောက်၏ အစိတ်အပိုင်းမှ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

 

ဆေးလိပ်ပြတ်သွားသူများတွင် အာရုံခံစားမှုများကို လက်ခံခြင်း၊ ဆင်ခြင်ခြင်း၊ တုံ့ပြန်ခြင်းတို့ကို ဖြစ်ပေါ်စေသော ဦးနှောက်၏ အစိတ်အပိုင်း (Somatosensory cortex) နှင့် အင်ဆူလာတို့ အကြားတွင် များပြားသော ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ကြသည်။ ထိုကဲ့သို့ ဆက်သွယ်နေသော လမ်းကြောင်းများကို ဆေးလိပ်မဖြတ်နိုင်သော သူများတွင် မတွေ့ရချေ။ ဆေးလိပ်သောက်လိုသော ဆန္ဒကို ဆင်ခြင်တုံတရားက ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ ထိုတွေ့ရှိချက်ကို Neuropsychopharmacology စာစောင်၌ ၂၁ ရက် ဧပြီလ ၂၀၁၅ ခုနှစ် တွင် ဖော်ပြခဲ့သည်။

 

ခိုင်မာသောဆုံးဖြတ်ချက်

နက်ရှိုင်းသော အသိတရားသည် ခိုင်မာသောဆုံး ဖြတ်ချက်ကို ဖြစ်ပေါ်စေသည်။

 

ခိုင်မာသောဆုံးဖြတ်ချက် မရှိလျှင် ဆေးလိပ်ဖြတ်ခြင်းသည် မည်သို့မျှ မအောင်မြင်နိုင်ပေ။

 

စာရေးသူတို့ မြန်မာလူမျိုးများတွင် ဆုံးဖြတ်ချက်ကို ခိုင်မာစေသော မိရိုးဖလာအရ ကျင့်သုံးသော ဓလေ့စရိုက်တစ်ခုရှိသည်။ ထိုဓလေ့စရိုက်မှာ အဓိဋ္ဌာန်ဝင်ခြင်းဖြစ်သည်။

 

အဓိဋ္ဌာန်ဝင်ခြင်းသည် မြတ်စွာဘုရားရှေ့မှောက်တွင် အာမဘန္တေခံခြင်းဖြစ်သည်။ နေ့စဉ် ပုတီးတစ်ပတ်ဖြစ်စေ၊ ဂုဏ်တော် ကိုးပါးဖြစ်စေ၊ ပရိတ်ကြီး ဆယ့်တစ်သုတ်ဖြစ်စေ အချိန်မှန်ရွတ်ဖတ်၍ ထိုပြုလုပ်သောကောင်းမှုကို တိုင်တည်၍ သစ္စာဆိုခြင်း ဖြစ်သည်။

 

လက်တွေ့အားဖြင့် အဓိဋ္ဌာန်ဝင်ခြင်းသည် မိမိကိုယ်နှင့် မိမိအပေးအယူ လုပ်ခြင်းဖြစ်သည်။ ကောင်းသောအကျိုးကို အလိုရှိ၍ ကောင်းသောအကြောင်းကို ပေးအပ်ခြင်းဖြစ်သည်။ အချိန်ကာလတစ်ခု သတ်မှတ်၍ (၁၅ ရက်ဖြစ်စေ၊ ၂၁ ရက်ဖြစ်စေ) ထိုကာလအတွင်း နေ့စဉ်မပျက် ပုံမှန်အချိန်တွင် ပြုလုပ်ရသော ကိစ္စဖြစ်သည်။ တစ်ခေါက် ပြီးတစ်ခေါက် အကြိမ်များစွာ ဝင်နိုင်လေလေ ဆုံးဖြတ်ချက် ခိုင်မာလေလေ ဖြစ်သည်။

 

ဆုံးဖြတ်ချက်ကို ခိုင်မာစေသော အခြားနည်းလမ်းတစ်ခုမှာ မိမိ၏ မိဘ၊ မိသားစု၊ ရင်းနှီးသောမိတ်ဆွေတို့ကို ကတိစကားပေးထားခြင်း ဖြစ်သည်။

 

ရုပ်နှင့် စိတ်ကို ပြင်ဆင်လေ့ကျင့်ခြင်း

ဆေးလိပ်ဖြတ်ခြင်းသည် မိမိဘဝအတွက် အရေးကြီးသော အဆုံးအဖြတ်စစ်ပွဲတစ်ခုကို ဆင်နွှဲနေရခြင်း ဖြစ်သည်။

 

စစ်ပွဲတစ်ခု၏ အောင်မြင်ခြင်းသည် ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းအပေါ်တွင် များစွာမူတည်နေသည်။ ဆေးလိပ်မဖြတ်မီ ရုပ်နှင့်စိတ်ကို လေ့ကျင့်ထားရန် လိုအပ်သည်။

 

ရုပ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် နေ့စဉ် မိနစ် ၃၀ ခန့် မပြင်းထန်သော (ာသိနမအေန ငညအနညျငအပ) လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ရမည်ဖြစ်သည်။ မနှေးမမြန် လမ်းလျှောက်ခြင်း၊ စက်ဘီးနင်းခြင်းတို့သည် အလွယ်တကူ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ ဖြစ်သည်။ မျှတပြီး အာဟာရဖြစ်သော အစားအသောက်နှင့် အိပ်ရေးဝဝအိပ်ပျော်ခြင်းတို့သည်လည်း အရေးကြီးသော ကိစ္စများဖြစ်သည်။

 

အဓိဋ္ဌာန်ဝင်ခြင်း၊ ဂုဏ်တော်ရွတ်ခြင်း၊ ပရိတ်ရွတ်ခြင်းတို့သည် စိတ်လေ့ကျင့်ခန်းများဖြစ်သည်။ စိတ်ဓာတ်အင်အားကို ဖြည့်တင်း ပေးနိုင်သည်။ အရေးကြီးသော စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုမှာ သတိမပြတ်ဖြစ်မှု ကြိုလေ့ကျင့်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သတိပဋ္ဌာန်ရှုမှတ်ခြင်းဖြစ်သည်။

စစ်ကူလိုသည်

 

ဆေးလိပ်ဖြတ်ခြင်းသည် မိမိထက်အင်အားကြီးသော ရန်သူကို ရင်ဆိုင်နေရခြင်းကြောင့် စစ်ကူလိုအပ်သည်။ မိမိအားကူညီမည့် မဟာမိတ် အင်အားစုများ အနားတွင် ရှိနေသည်။

 

မိမိကိုးကွယ်သော ဆရာတော်သည် မြတ်စွာဘုရားရှင်၏ အဆုံးအမတော်များကို လည်းကောင်း၊ စနစ်ကျသော သတိပဋ္ဌာန် ရှုမှတ်ခြင်းကိုလည်းကောင်း ညွှန်ပြပေးမည်ဖြစ်သည်။

 

မိသားစုဆရာဝန်သည် မိမိ၏ ကျမ်းမာရေးကို စောင့်ရှောက်ပေးမည်ဖြစ်သည်။

 

မိဘနှစ်ပါးသည် မိမိဆေးလိပ်ပြတ်ရန် ရှိသမျှကို ပုံအော၍ ထောက်ပံ့ပေးမည်ဖြစ်သည်။

 

မိသားစုဝင်များသည် မိမိအားအရိပ်တကြည့်ကြည့်ဖြင့် ပြုစုပေးမည်ဖြစ်သည်။

 

ရင်းနှီးသောမိတ်ဆွေသည် လုပ်ငန်းခွင်တွင် အကူအညီပေးမည်ဖြစ်သည်။

 

နည်းပညာတိုးတက်နေသော ယနေ့အချိန်တွင် လက်ကိုင်ဖုန်းများထံမှလည်း အကူအညီ ရယူနိုင်သည်။

 

ဆေးလိပ်ဖြတ် အထောက်အကူ ပရိုဂရမ်များကို လက်ကိုင်ဖုန်းအတွင်းသို့ ထည့်သွင်း၍ အကူအညီယူနိုင်သည်။ အသုံးများသော ပရိုဂရမ်အချို့မှာ iPhone အတွက်ဆိုလျှင် LIVESTRONG My Quit Coach ဖြစ်ပြီး Android Phone  ဆိုလျှင်  Quit Smoking: Cessation Nation တို့ ဖြစ်ကြသည်။ အခြားပရိုဂရမ်များလည်း ရှိသည်။ 

ဆေးလိပ်ဖြတ်ရန် နည်းလမ်းသုံးမျိုးကို အသုံးပြုလေ့ရှိသည်။

 

ပထမနည်းမှာ နီကိုတင်းအစားထိုးသော နည်းဖြစ်သည်။ ရှူဆေးနီကိုတင်း၊ ပလာစတာနီကိုတင်း၊ ငုံဆေးနီကိုတင်း၊ ပီကေတို့ကို တစ်စတစ်စလျှော့၍ ပေးသွားသောနည်းဖြစ်သည်။

 

ဒုတိယနည်းမှာ နီကိုတင်းနှင့် အာနိသင်ဆင်တူသောဆေးများ Bupropion, Varenicline tartrate တို့ကို အသုံးပြု၍ ဖြတ်သောနည်း ဖြစ်သည်။

 

တတိယနည်းမှာမည်သည့် ဆေးမျှမပေးဘဲ ယတိပြတ်ဖြတ်သောနည်း ဖြစ်သည်။

 

ယနေ့အထိ မည်သည့်နည်းကို သုံးသည်ဖြစ်စေ အောင်မြင်စွာ ဆေးလိပ်ဖြတ်နိုင်သော အရေအတွက်မှာ ငါးရာခိုင်နှုန်းထက် မပိုပေ။ အဓိပ္ပာယ်မှာ လူ ၁၀ဝ တွင်ငါးဦးသာ ဖြတ်နိုင်သည်။

 

သို့ရာတွင် ဆေးလိပ်ဖြတ်လိုသူများအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာသည်။

 

၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ယေးတက္ကသိုလ် စိတ်ရောဂါဌာနမှ Dr J.A Brewer နှင့်အဖွဲ့သည် သတိပဋ္ဌာန်း ရှုမှတ်နည်းကို အသုံးပြု၍ ဆေးလိပ်စွဲနေသော ကျောင်းသား ကျောင်းသူ ၁၀ဝဝ ကျော်ကို ဆေးလိပ်ဖြတ်စေသောအခါ ၃၆ ရာခိုင်နှုန်းမှာ အောင်မြင်စွာ ဖြတ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိချက်ကို  Drug and Alcohol Depend ဂျာနယ် 2011 December လတွင် ဖော်ပြခဲ့သည်။

 

ထိုနည်း၏ ထိရောက်မှုကို  Dr Breweru ယခင်ရှိနှင့်သော နည်းများသည် အဆိပ်ပင်၏ အကိုင်းအခက်များကိုသာ ခုတ်ဖြတ်၍ အမြစ်ထိအောင် ဖြိုဖျက်နိုင်ခြင်း မရှိကြကြောင်း၊ ရှုမှတ်သောနည်းသည် စွဲလမ်းခြင်းဖြစ်ပေါ်ရာ စိတ်အတွင်းသို့ တိုင်အောင် ဝင်ရောက်သော နည်းဖြစ်၍ အဆိပ်ပင်၏ အမြစ်ကို တူးလှန်ပစ်ခြင်းနှင့် တူကြောင်းမှတ်ချက်ပေးသည်။

 

Dr Brewer သည် အတိုကောက်  RAIN ဟု သူခေါ်ဆိုထားသော ရှုမှတ်နည်းကို အသုံးပြုခဲ့သည်။

 

Recognize: ဖြစ်ပေါ်လာသော စွဲလမ်းမှုနှင့် ဝေဒနာကို သိရှိရန်ရှုမှတ်ခြင်း

 

Accept: ဖြစ်ပေါ်လာသော စွဲလမ်းမှုနှင့် ဝေဒနာကိုငြင်းပယ်ရန်၊ လမ်းလွှဲရန်မကြိုးစားဘဲလက်ခံခြင်း

 

Investigate: ဖြစ်ပေါ်လာသောစွဲလမ်းမှုနှင့် ဝေဒနာ၏သဘောသဘာဝကို သိရှိရန် ရှုမှတ်ခြင်း

 

Note: ဖြစ်ပေါ်လာသော စွဲလမ်းမှုနှင့် ဝေဒနာ၏ ခေတ္တဖြစ်သော သဘော၊ အကောင်အထည်မရှိသော သဘောကို ထင်မြင်လာအောင် ရှုမှတ်ခြင်း

 

စင်စစ် Dr Brewer နည်းသည် စာရေးသူတို့ သိရှိထားသော သတိပဋ္ဌာန် အားထုတ်နည်း ဖြစ်သည်။ ရှုမှတ်ခြင်းဆိုသည်မှာ သတိဖြင့် စူးစိုက်၍ သိရှိနေအောင် အားထုတ်ခြင်းဖြစ်သည်။

 

မဟာစည်ဆရာတော်ကြီးက အယံဤ သတိပဋ္ဌာန် အကျင့်လမ်းသည် ဒုက္ခဒေါမနဿာနံအတ္တင်္ဂမာဃ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတွေ ချုပ်ငြိမ်းကွယ်ပျောက်သွားဖို့ရာလည်း ဧကာယနော မဂ္ဂေါတစ်ခုတည်းသောလမ်း တစ်ကြောင်းတည်းသော လမ်းပေတည်းဟု မဟာသတိပဋ္ဌာန် တရားတော်ကြီး ပထမပိုင်းတွင် ဟောကြားထားပေသည်။

 

မဟာမြိုင်တောရဆရာတော် ဦးဇောတိကသည် ကိုယ်နွမ်းသော်လည်း စိတ်မပန်းပါ စာအုပ်တွင် ဝေဒနာရဲ့သဘောဟာ သူ့ကို resist လုပ်လေလေပိုပြီးတော့ နာလေလေပဲ၊ မခံချင်တဲ့စိတ်အားကြီးလေ ခံရခက်လေပဲ စိတ်ကလေးကို အသာလေး လျှော့ထားပြီး သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့စိတ်လုံးဝမရှိဘဲနဲ့ သိနေလို့ရှိရင် သက်သာမှုလည်း ရသွားတယ်ဟု ဟောကြားထားလေသည်။

 

ဤဆောင်းပါးဖြင့် မျှဝေလိုသည်မှာ ဆေးလိပ်စွဲခြင်းသည် ဆိုးဝါးလှသော ရောဂါများကို ဖြစ်စေသလောက်ဖြတ်ရန် ခက်ခဲသော စွဲလမ်းမှုတစ်ရပ် ဖြစ်သည်။ သို့ရာတွင် စာရေးသူတို့ မြန်မာလူမျိုးများတွင် ထိရာက်သောနည်းလမ်း ရှိနေသည်။ ထိုနည်းလမ်းမှာ ဆေးလိပ်စွဲခြင်းမျှကို မဆိုထားနှင့် သံသရာတစ်လျှောက်လုံး စွဲမြဲလာခဲ့သော မသိနားမလည်ခြင်း အမိုက်အမဲများကိုပင် ကင်းစင်ပပျောက်စေနိုင်သောနည်း ဖြစ်သည်။ ထိုနည်းမှာ စတ္တာရော သတိပဋ္ဌာနာလေးပါသော သတိပဋ္ဌာန်တရား ဖြစ်ပါသည်။     ။