ဆောင်းရာသီကို ဖြတ်သန်းကြသူများ

articles_advs

၂၉ ဒီဇင်ဘာ

 

ဆောင်းတွင်းကာလမှာ မမရဲ့ကလေးတို့အားလုံး ချမ်းနေကြပြီလား။ မြို့ကြီးတွေပေါ်က မောင်လေး၊ ညီမလေးတို့က အအေးဒဏ်ကို သိသိသာသာမခံစားကြရပေမယ့် တောင်ပေါ်ဒေသတွေ၊ လေတိုက်နှုန်းများတဲ့ ဒေသတွေနဲ့ တောရိပ် တောင်ရိပ်ပေါတဲ့ ဒေသကကလေးတို့ကတော့ အအေးဒဏ်ကို တော်တော်လေးခံစားကြရမယ်နော်။

 

ဆောင်းတွင်းဆိုတာ

 

မမတို့နိုင်ငံမှာတော့ ရာသီဥတုက နွေ၊ မိုး၊ ဆောင်း ဆိုပြီး သုံးရာသီရှိပါတယ်။ ကမ္ဘာ့အခြားနိုင်ငံတွေမှာတော့ နေရာဒေသကိုလိုက်ပြီး နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်းရာသီဆိုပြီး လေးရာသီရှိတဲ့ နိုင်ငံတွေရှိပါတယ်။ မမတို့နိုင်ငံမှာတော့ ဆောင်းရာသီဟာ ရာသီတွေထဲမှာ အသာယာဆုံး၊ နေလို့လည်း အကောင်းဆုံး၊ ပွဲတော်တွေလည်း အများဆုံးပဲဖြစ်ပါတယ်။ ချမ်းအေးတဲ့အတွက် နွေးထွေးအောင် အတူတူစုပြီး နေထိုင်ကြရတဲ့အတွက် ဆောင်းရာသီဟာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာကတည်းက ပွဲတော်တွေလည်း အများဆုံးကျင်းပနိုင်တဲ့၊ လူတွေအားလုံး အတူတူရှိနေတတ်ကြတဲ့ ရာသီဖြစ်ပါတယ်။

 

များသောအားဖြင့် စက်တင်ဘာလကနေ ဖေဖော်ဝါရီ လလောက်အထိက ဆောင်းရာသီမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ ဝင်ရိုးစွန်းဒေသတွေလို အမြဲရေခဲနေတဲ့ နေရာတွေမှာတော့ ဆောင်းရာသီမှာ လနဲ့ချီပြီး နေလုံးကြီးက ပျောက်ကွယ်နေတာမို့ ညလိုဖြစ်နေတတ် ပါတယ်။ ဆောင်းတွင်းမှာ မမတို့နေရာတွေရဲ့ လေထုဟာ အေးမြခြောက်သွေ့နေပြီး အအေးဓာတ်တွေများလာလို့ နွေးနွေးထွေးထွေး ဝတ်စားထားကြရပါတယ်။

 

အလွန်အေးတဲ့နိုင်ငံနဲ့ ဒေသတွေမှာတော့ ဆီးနှင်းတွေ ကျဆင်းပြီး ရေတွေတောင် အေးခဲနေတတ်တယ်။ မြက်ခင်း တွေပေါ်မှာ နှင်းမှုန်လေးတွေ၊ ရေခဲမှုန်လေးတွေ ကပ်နေကြပြီး ရေကန်မျက်နှာပြင်တွေဟာ ရေခဲပြင်တွေအဖြစ် ပြောင်းလဲသွားတာပေါ့။ တောင်ကြီးတွေဟာလည်း ဆီးနှင်းတွေ ထုထည်များပြားလာတာနဲ့အမျှ ရေခဲတောင်တွေအဖြစ် ပြောင်းလဲသွားတာပေါ့ကွယ်။

 

အရွက်တွေ အရောင်ပြောင်းကြတယ်

 

နွေရာသီ ဒါမှမဟုတ် မိုးရာသီကနေ ဆောင်းဦးရာသီကို ကူးပြောင်းလာပြီ ဆိုတာနဲ့ ကလေးတို့ သိသာနိုင်တာက သစ်ရွက်ကလေးတွေ အရောင်ပြောင်းလဲတတ်တာကိုပေါ့။ မိုးရာသီမှာ စိမ်းညို့နေတဲ့ သစ်တောတွေဟာ ဆောင်းရာသီကို ကူးပြောင်းတာနဲ့ အရောင်တွေ မှိန်လာတာပေါ့။ မမ အခုနေနေတာက ရှမ်းရိုးမတောင်တန်းကြီးရဲ့ တောင်ခြေမှာနေတာဆိုတော့ မမက သစ်တောကြီးတွေ ဆောင်းရာသီ ရောက်တာနဲ့အရောင်ပြောင်းတာကို သတိထားမိတယ်။ သစ်ရွက်တွေဟာ စိမ်းရာကနေ တဖြည်းဖြည်းဖျော့လာပြီး အဝါရောင်ဘက်ကို သမ်းလာတော့တာပဲ။ မမတို့နိုင်ငံတွေထက် အအေးများတဲ့ နိုင်ငံတွေမှာဆိုရင် ပိုပြီးသိသာတာပေါ့ကွယ်။ သစ်ရွက်ကလေးတွေဟာ စိမ်းရာကနေ အဝါရောင်ဖြစ်၊ အဲဒီကနေ အနီရောင်အထိ ပြောင်းလဲသွားကြတာ။

 

အရွက်တွေ အရောင်ပြောင်းတာက ဆောင်းရာသီ အစမှာစတင်ပြီး အအေးပိုင်းဒေသတွေမှာဆိုရင် အရောင် ပြောင်းရုံတင်မကဘူး ရေခဲလိုအေးနေတဲ့ နှင်းမှုန်တွေကြောင့် အပင်ပုပ်သွားတဲ့အထိ ဖြစ်ရတာပေါ့။ အရောင်ပြောင်းတတ်တဲ့ အပင်လေးတွေထဲမှာ မေပယ်လို့ခေါ်တဲ့ ချဉ်ပေါင်ရွက်နဲ့တူတဲ့ အပင်လေးတွေက အသိသာဆုံးပဲ။ မမတို့နိုင်ငံမှာတော့ မရှိဘူး။ မမတို့ဆီမှာက သစ်ပင်တွေ၊ ထင်းရှူးပင်တွေရှိတဲ့ နေရာတွေမှာတော့ လှပပြီး အရောင်ပြောင်းသွားတာကို ထင်ထင်ရှားရှားသိနိုင်ပါတယ်။ အရောင်ပြောင်းသွားတဲ့ အရွက်ကလေးတွေဟာ ဆောင်းရာသီရဲ့ အအေးဆုံးအချိန်မှာ တောင့်ခံမထားနိုင်တော့ဘဲ မြေပေါ်ကို ကြွေကျတဲ့အတွက် သစ်ပင်တွေဟာ အရိုးတံတွေပဲ ကျန်ခဲ့ကြတော့တယ်။ မြေပြင်ပေါ်မှာတော့ အနီရောင်၊ အဝါရောင် သစ်ရွက်ကလေးတွေက ပြန့်ကျဲလို့ပေါ့။ ကျန်ခဲ့တဲ့ ရိုးတံတွေ ဟာ ဆောင်းရာသီ ကုန်ဆုံးလာတာနဲ့အမျှ အရွက်၊ အဖူးလေးတွေ၊ ပန်းကလေးတွေ ပြန်ပြီးထွက်လာတယ်။ ဒီလိုနဲ့ပဲ အပင်တွေ ပြန်ပြီးရှင်သန်ကြရပြန်တယ်။

 

ဆောင်းခိုငှက်တွေ

 

ကမ္ဘာကြီးပေါ်က အလွန်အေးတဲ့ဒေသတွေမှာနေကြတဲ့ ငှက်ကလေးတွေက သိပ်ကို လိမ္မာပါးနပ်ကြတယ်။ ဆောင်းရာသီကို မခံနိုင်တဲ့အတွက် ဆောင်းဦးကာလ ရောက်တာနဲ့ အအေးပေါ့တဲ့ဒေသတွေဆီ သွားပြီးနေကြတာ ပေါ့။ ဆောင်းတွင်းကုန်မှ သူတို့ဒေသကို ပြန်ကြတယ်။ သူတို့ကို ဆောင်းခိုငှက်တွေလို့ ခေါ်တယ်။ မမတို့နိုင်ငံက သိပ်မအေးတော့ ဆောင်းခိုငှက်တွေ နှစ်တိုင်းလာကြတယ်။ အောက်တိုဘာလလောက်ဆိုရင် ဆောင်းခိုငှက်ကလေးတွေ ရောက်လာကြပြီး ဖေဖော်ဝါရီလပထမပတ်လောက်အထိ ပုံမှန်နေသွားကြတယ်။ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ရေတိမ် ဒေသတွေ၊ အင်းတော်ကြီးကန်ပတ်လည်တွေ၊ အင်းလေးကန် ပတ်လည်တွေမှာ ဆောင်းခိုငှက်တွေ လာနေကြတာပေါ့။ ဆောင်းခိုငှက်တွေကို အနှောင့်အယှက်ပေးတာ၊ သတ်ဖြတ်တာတွေ မလုပ်ရပါဘူး။

 

ဆောင်းခိုကြသူတွေ

 

ဆောင်းခိုငှက်တွေအပြင် အခြားတိရစ္ဆာန်လေးတွေကလည်း ဆောင်းတွင်းမရောက်ခင် သူတို့ရဲ့ စားစရာတွေကို ကြိုပြီးစုဆောင်းထားကြတယ်။ ပြီးတော့ ရွှံ့နွံတွေနဲ့ မြေကြီးထဲမှာနေကြတဲ့ အင်းဆက်အကောင်လေးတွေ ရှိပါတယ်။ အချို့အကောင်လေးတွေကတော့ ဆောင်းတွင်း မတိုင်ခင် အစာတွေကို ခန္ဓာကိုယ်မှာ အဆီခဲအဖြစ် ပြောင်းထားပြီး ဆောင်းတွင်းတစ်လျှောက် အစာတောင် မစားကြဘူးတဲ့။ ခရုကလေးတွေဟာ ဆောင်းတွင်း အေးလာရင် သူတို့အခွံလေးတွေထဲဝင်ပြီး အဝကို လေလုံအောင်ပိတ်ထားကြတာပေါ့။ ကုန်းလိပ်ကလေးတွေကတော့ အမှိုက်တွေ၊ ထင်းတွေကြား အိမ်ဆောက်နေကြသတဲ့။ ဖားတို့၊ ဖြူကောင်တို့၊ ကင်းလိပ်ရှောတို့ကတော့ ဆောင်းရောက်တာနဲ့ မြေအောက်မှာ တွင်းတွေတူးပြီး မြေပေါ်ကို ပြန်ကိုမတက်ကြဘူးတဲ့။ ဖားကလေးတွေနဲ့ မြစ်ချောင်းထဲက ငါးကလေးတွေက ရွှံ့နွံတွေထဲ အတင်းတိုးပြီး ရေခဲတွေအရည်ပျော်တဲ့အခါမှ ရေထဲပြန်တက်လာ ကြသတဲ့။

 

အချို့အင်းဆက်ကလေးတွေက ဆောင်းတွင်းမှာ အအေးဒဏ်ကြောင့် သေသွားပေမယ့် သူတို့ဥကလေးတွေကနေ နွေရာသီအရောက်မှာ နောက်ထပ်မျိုးဆက်တွေ ပြန့်ပွားလာကြသတဲ့။ တိရစ္ဆာန်တွေကို အကြမ်းအားဖြင့်တော့ ဆောင်းတွင်းအစာရှာနိုင်တဲ့ ကောင်တွေနဲ့ ဆောင်း တွင်း အစာမရှာနိုင်တဲ့ ကောင်လေးတွေဆိုပြီး ခွဲကြသတဲ့။ အချို့အကောင်လေးတွေကတော့ ဆောင်းတွင်းမှာ အိပ်စက် နေကြတာ နွေရောက်တော့မှပဲ နိုးလာကြတော့သတဲ့။ ဝက်ဝံတွေထဲက မျိုးစိတ်တစ်မျိုးဆိုရင် ဆောင်းရာသီ တစ်လျှောက် မိသားစုလိုက် ဆောင်းခိုရင်းနွေးထွေးတဲ့ ဂူတွေထဲမှာ အိပ်စက်နေကြတာ လနဲ့ချီသတဲ့။ ဝက်ဝံဖြူတွေမှာတော့ အမတွေက ဆောင်းရာသီမှာ ဂူတွေမှာပဲနေကြပြီး အထီးတွေကတော့ အစာရှာထွက်ကြပါသတဲ့။

 

နှင်းတွေဆိုတာ

 

နှင်းဆိုတာကတော့ လေထုထဲမှာရှိတဲ့ ရေကခဲသွားတဲ့အခါ နှင်းမှုန်လေးတွေဖြစ်လာတာပေါ့ ကလေးတို့ရယ်။ နှင်းက ပုံစံမျိုးစုံရှိပါတယ်။ ဆီးနှင်းတွေက မြန်မြန်အရည် ပျော်သွားတာရှိသလို ရေခဲနှင်းတွေလည်း ရှိပါတယ်။ နှင်းမှုန်တွေအများကြီး အစုလိုက်အပြုံလိုက်ဖြစ်လာပြီး အအေးဓာတ်ကလည်း မပြယ်သေးတဲ့အခါမှာ ကလေးတို့တွေ သိကြတဲ့အတိုင်း နှင်းလျှောစီးတာတွေကို လူတွေက ဆောင်းရာသီအားကစားပွဲတော်အဖြစ် ကျင်းပကြပါတယ်။ နှင်းရေခဲတွေကို ပန်းပုထုကြပြီး ရေခဲနန်းတော်တွေ ဖန်တီးကြတာလည်း ရှိပါတယ်။ မမတို့ဆီမှာတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်စတဲ့ တောင်တန်းကြီးတွေရှိတဲ့ နေရာတွေမှာ နှင်းတွေကို မြင်တွေ့ခံစားကြရပါတယ်။ ကချင်ပြည်နယ်မှာ ဆိုရင် ရေခဲတောင်တွေရှိပြီး လူသူအရောက်အပေါက် နည်းပါတယ်။ နှင်းတောင်ကို တက်ကြသူတွေရှိသလို အန္တရာယ်များတဲ့အတွက် လူတိုင်းလည်း တောင်ထိပ်ကို ရောက်ဖို့ ခက်ပါတယ်။ ကဲဒီလောက်ဆိုရင် ကလေးတို့ ဆောင်းတွင်းကာလရဲ့ ထူးခြားချက်တွေထဲက အချို့ကို သိလောက်ပြီလို့ ထင်ပါတယ်။ ကလေးတို့ သိတဲ့အတိုင်း ဆောင်းတွင်းမှာ နှစ်သစ်ကူးကာလကို ရောက်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်ညဟာ နှစ်သစ်ကူးဖို့ နောက်ဆုံးညဖြစ် ပါတယ်။ ကလေးတို့လည်း လာမယ့်နှစ်သစ် ၂၀၂၀ပြည့်နှစ် မှာ ပျော်စရာတွေ ပိုမိုရရှိပါစေလို့ ဆုတောင်းရင်း ဆောင်းတွင်း အေးအေးချမ်းချမ်းလေးနဲ့ ကျောင်းပိတ်ရက် တွေကိုလည်း ဖြတ်သန်းလိုက်ကြပါဦးနော်။ ။

 

ကေ-ဂျူဝယ်လ်