ဆောမြို့တွင် မီးကြာလှည့်ဆီမီးပူဇော်၍ သနပ်ခါးပါးတို့ပွဲကျင်းပ

ဆော ၁၄ အောက်တိုဘာ

 

ဝါလကင်းလွတ် သီတင်းကျွတ်ကာလဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့နှင့်တန်ဆောင်မုန်း လပြည့်နေ့ကာလတွင် ယောအရပ်ဒေသဖြစ်သည့် ဂန့်ဂေါခရိုင် ဆောမြို့နယ်၌ ရပ်ကွက်၊ကျေးရွာ များတွင် မီးကြာလှည့်ပွဲကျင်းပ၍ ဘုရားရှင်အားရည်မှန်းကာ ဆီမီးပူဇော်လေ့ရှိပြီး အဆိုပါပွဲတော် နှင့်အတူ သနပ်ခါးပါးတို့ပွဲကိုလည်း ထည့်သွင်းကျင်းပလေ့ရှိသည်။

 

ဆောမြို့၌ ယခုနှစ် သီတင်းကျွတ်ပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညက ဒက္ခိဏရာမ ရွှေစေတီကျောင်းတိုက်၌ ကျင်းပ၍ ယောဓလေ့ပွဲတော်တစ်ခုဖြစ်သော သနပ်ခါးပါးတို့ပွဲကိုလည်း ထည့်သွင်းကျင်းပရာ မြို့ပေါ်ရပ်ကွက်ရှိ လူငယ်မောင်မယ်များ ပါဝင်ဆင်နွှဲကြသည်။

 

သနပ်ခါး ပါးတို့ပွဲဆိုတာ မီးကြာလှည့်ပွဲဖြင့် စီတန်းလှည့်လည်လာသော မီးကြာကိုင်အမျိုးသမီး များ ဆီမီးပူဇော်မည့် စေတီပရိဝုဏ်အနီးသို့ ရောက်လာသည့်အခါ အသင့်စောင့်နေတဲ့ သနပ်ခါး ပါးတို့မည့် အိမ်ရှင်အမျိုးသမီးများက ရင်းရင်းနှီးနှီးဆီးကြိုကြပြီးတော့ မီးကြာကိုင် အမျိုးသမီးများ၏ ပါးတစ်ဖက်တစ်ချက်ကို သနပ်ခါးဖြင့်ထိတို့ပေးပြီး နှုတ်ဆက်လိုက်တဲ့ အစီအစဉ် ဖြစ်ပါတယ်၊ တို့ထားတဲ့သနပ်ခါးများ လှပအောင် မျက်နှာချေညှိနိုင်ရန် လုလင်ပျို အမျိုးသားနှစ်ဦးက ကြည့်မှန်ထောင်၍ ပြသပေးရပါတယ်။ မီးကြာကိုင် အမျိုးသမီးများက မိမိစိတ်ကြိုက်မျက်နှာကို ချေညှိပြီးသည့်အခါ မှန်ကိုင်အမျိုးသားများက မှန်ကိုမြှောက်ပေးရာ အသင့်စောင့်နေတဲ့မှန်တစ်ချပ်ဆီသို့ ရောက်သွားပါတယ်။ အသင့်စောင့်ဆိုင်းနေတဲ့သည့်အဖွဲ့မှ ထပ်မံ၍ သနပ်ခါးဖြင့်ပါးကို ထိတို့လိုက်သည့်အခါ နောက်ထပ်မျက်နှာကို ချေညှိရပြန်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ ပါးတို့ပွဲမှာ မှန်တန်းပေါင်း ၃၀ ကျော်ရှိပါတယ်ဟု မီးကြာဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

 

 

ပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ပွဲတော်ချိန်တွင် ရပ်နီးရပ်ဝေးကနေ အားလုံးအတူတကွ ပါဝင်ဆင်နွဲကြရင်း ယောဒေသရှိ ရပ်ရွာများ တစ်ရွာနှင့်တစ်ရွာ၊တစ်ဦးနှင့်တစ်ဦး ပိုမိုချစ်ခင်ရင်းနှီး မှုကိုရရှိစေပြီး စည်းလုံးမှုကို  ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပသော ပွဲတော်တစ်ခု ဖြစ်ကြောင်းသိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)