ဆားမှော်-ပင်းဘောဒေသရှိ အတူနေဌာနေတိုင်းရင်းသားများ၏ နှစ်ဦးကောက်သစ်စားပွဲတော် စည်ကားစွာကျင်းပပြုလုပ်

မြစ်ကြီးနား ၆ ဇန်နဝါရီ  

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် ပင်းဘောဒေသရှိ ကျေးရွာများမှ ရှမ်းနှင့် ကချင်တိုင်းရင်းသားတို့၏ အတူတကွ လက်ရည်တပြင်တည်း ကောက်သစ်စားခြင်းအတွက် ကချင်ပြည်နယ်အတူနေ ဌာနေတိုင်းရင်းသားများ၏ နှစ်ဦးကောက်သစ်စားပွဲတော်ကို နမ္မနကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် ပွဲတော်ဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

ရှေးဦးစွာ ပွဲတော်အဝင်မုဒ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန် (ခ) ဦးခန်လင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မိုးကောင်းတပ်နယ်မှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပွဲတော်၏ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 

mdn

 

ယင်းနောက် နှစ်ဦးကောက်သစ်စားပွဲတော်ဖွင့်ပွဲ ကျင်းပသည့် နမ္မနကျေးရွာဘောလုံးကွင်း၌ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားပြီး ကချင်မျိုးနွယ်စုဗဟို စာပေယဉ်ကျေးမှုကော်မတီ၏ သဝဏ်လွှာကို ကော်မတီအဖွဲ့ဝင် ဦးခက်ထိန်နန်က လည်းကောင်း၊ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စု စာပေယဉ်ကျေးမှုကော်မတီ၏ သဝဏ်လွှာကို မြို့နယ်ရှမ်းနီစာပေ ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးတင်ညွှန့်က လည်းကောင်း အသီးသီးဖတ်ကြားကြပြီး ပွဲတော်ကျင်းပရေးနာယက ဦးကျော်မြင့်က ပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဆားမှော်နှင့် ပင်းဘောဒေသရှိ ရှမ်းတိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရိုးရာအကအလှ အဖွဲ့များအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အတူနေဌာနေတိုင်းရင်းသားများ၏ နှစ်ဦးကောက်သစ်စားပွဲတော်ကို ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ မိုးကောင်းမြို့နယ်၊ ဆားမှော်-ပင်းဘောဒေသရှိ ကျေးရွာအုပ်စု ၁၂ စု၊ ကျေးရွာပေါင်း ၁၇ ရွာမှ အတူနေတိုင်းရင်းသားများက အတူတကွ ကောက်သစ်စားခြင်း၊ ဆွမ်းကပ်ခြင်း၊ ဆုတောင်းခြင်းတို့အပြင်  တိုင်းရင်းသားရိုးရာ အကအလှဖျော်ဖြေမှုများ၊ အားကစားပြိုင်ပွဲများ၊ ဈေးဆိုင်ခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

MDN

mdn