ဆွာချောင်းရေလျံမှုကြောင့် စာသင်ကျောင်းပေါင်း(၂၅)ကျောင်းထိခိုက်ပျက်စီးကာ ဆွာမြို့ အထက်တန်းကျောင်း ၌ သောက်သုံးရေ နှင့် သင်တောက်ကူပစ္စည်းများလိုအပ်နေ

ရေတာရှည်  ၄  စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ် ဆွာချောင်းရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းပေါင်း ၁၁၇ ကျောင်းယာယီပိတ်ခဲ့ရပြီးစက်တင်ဘာ ၄ ရက်နေ့အထိ ကျောင်းပေါင်း(၂၅)ကျောင်းပိတ်ထားရဆဲဖြစ်ကာ စာသင်ကျောင်း (၂၇) ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ပညာရေးမှူး၏ မှတ်တမ်းများအရ သိရှိရသည်။ 

 

ဩဂုတ်(၂၉)ရက် နံနက် ၇ နာရီ မိနစ်၂၀ ခန့်တွင် ဆွာချောင်းရေများ စတင်အလုံး အရင်းဝင်ရောက်ခဲ့သည့် ဆွာမြို့အထက်တန်းကျောင်းမှ ရှေ့မျက်နှာစာ အုတ်တံတိုင်းအားလုံးပြိုကျပျက်စီးသွားခဲ့ရသည့်အပြင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများသုံးစွဲသည့် ရေသန့်စက်မော်တာများနှင့် သင်ထောက်ကူသုံး ကွန်ပျူတာများ၊ စာအုပ်များပါပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ကျောင်းဖွင့်သည့်အခါ ကျောင်းသား ကျောင်းသူများ သုံးစွဲရန် သောက်သုံးရေအတွက်အခက်အခဲရှိနေကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စောကပြောကြားသည်။

 

“ရေသန့်စက်အတွက် မော်တာတွေလိုတယ်။ နောက် သန့်စင်ခန်းသုံးရေအတွက်လည်း ကလေးတွေဆွဲထည့် မှရတော့မယ်။ ရေပိုက်လိုင်းတွေပါပျက်စီးကုန်တာ။ စာရွက်စာတမ်းတွေကတော့ အရေးကြီးတာတွေကို သိမ်းလိုက်နိုင်ပေမယ့် အခြားစာအုပ် စာတမ်းတွေပျက်စီးကုန်တာ စိတ်မကောင်းစရာပါ အလှူရှင်တွေအနေနဲ့လဲ အစားအသောက်ထက် ခုနပြောသလိုပေါ့လေ သောက်သုံးရေအတွက် မော်တာလေးများလှူနိုင်ရင် ကလေးတွေလည်း အဆင်ပြေနိုင်မယ်ထင်လို့ပါ” ဟု ကျောင်းအုပ်ဆရာမကြီးကပင်ဆက်ပြောကြားသည်။

 

ဆွာမြို့အထက်တန်းကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများက သန့်ရှင်းရေးပြု လုပ်ခြင်း၊ ကျောင်းတွင်း ကျောင်းပြင်လမ်းများ ကိုပြုပြင်ခြင်းတို့ကို နေ့တိုင်းနီးပါးဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းမှစတင်၍ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းတို့တွင်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတက်ကြရန်နှင့် ကျောင်းသားအားလုံး ရေသန့်ဘူးများယူဆောင်လာကြရန် သင်ပုန်းဖြင့် ကြော်ငြာထား သည်ကိုတွေ့ရသည်။ 

 

ကိုလွင်(ဆွာ)