စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်နိုင်တစ်ပိုင် Home Garden စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များ အခမဲ့ဖြန့်ဝေ

စေတုတ္တရာ    ၈    မေ  

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလ Stay Home နေရချိန်တွင် ဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်ကျေးရွာများရှိ တောင်သူများ မိမိတို့၏ အိမ်ခြံဝန်းအတွင်း သီးနှံနှင့်ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် Home Gardening စိုက်ပျိုးနိုင်ရေးအတွက် သီးနှံနှင့်ဟင်းသီးဟင်းရွက် မျိုးစေ့များအား ယမန်နေ့နံနက်ပိုင်းက စတင်၍ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်ရှိ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအနေဖြင့် သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းအားဖြင့် အပိုဝင်ငွေ ရရှိစေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုအိမ်အသုံးစရိတ် ကုန်ကျမှုသက်သာစေရန်၊ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ထားသော ဟင်းသီးဟင်းရွက် အသီးအနှံများ စားသုံးခြင်းဖြင့် သန့်ရှင်းလတ်ဆတ်၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးအထောက်အကူရရှိစေရန် ရည်ရွယ်၍  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ကြက်ဟင်းခါး၊ တိုင်ထောင်ပဲ၊ ခရမ်း၊ ခရမ်းကစော့၊ ဘူးဝိုင်း၊ ဘူးရှည်၊ ကျောက်ဖရုံ၊ ငရုပ်(မိုးထောင်)၊ ငရုတ်(အောက်ဆွဲ)၊ ပြောင်းချို၊ ချဉ်ပေါင်၊ သခွါး၊ ရုံးပတီ၊ ဟင်းနုနွယ်၊ ခရမ်းချဉ် အစရှိသည့် သီးနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များအား ဝန်ထမ်းမိသားစုများနှင့် နီးစပ်ရာ တောင်သူများသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးမည့်သူများအား စိုက်ပျိုးရေး Home Garden နည်းပညာများ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြစံထံမှ သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)