စေတနာသွေးလှူရှင်တိုးပွားရေး ဝိုင်းဝန်းကူညီပေး

ဒေါက်တာ သီတာအောင်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် (၄၃)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သူနာပြုတက္ကသိုလ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သွေးလှူရှင်အကြိမ်(၄၀)မှစပြီး (၅)ကြိမ်ခြား၍ အကြိမ် (၁၀၀)နှင့်အထက် သွေးလှူရှင် ၁၃၀ အပါအဝင် သွေးလှူရှင်စုစုပေါင်း ၄၅၂ ဦး တက်ရောက်ကြမည် ဖြစ်ပေသည်။

၁၉၈၄ ခုနှစ်မှ စတင်၍ လူမှုထူးချွန်ဆုချီးမြှင့်ရာတွင် ပြည်သူများအတွင်း စေတနာဖြင့် လှူဒါန်းပေးသည့်၊ လူနာများ၏အသက်ကို ကယ်တင်ပေးသည့် သွေးလှူရှင် များကိုပါ ပြည်သူ့အကျိုးပြုသူများအဖြစ် သတ်မှတ်ခဲ့ ကြောင်းသိရှိရပါသည်။ ၁၉၈၄ ခုနှစ် လူမှုထူးချွန် (ဒုတိယဆင့်)တွင် တစ်ဦးတည်းသာ ချီးမြှင့်ခဲ့ရာ ၎င်းဆုကို သွေးလှူရှင် ဦးစိုင်းမောင်မောင်ကြီးက လက်ခံ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်း သွေးလှူဘဏ်အဆောက်အအုံ လှူဒါန်းခဲ့သော ဒေါ်မြနွယ်(ဗဟန်း)သည်လည်း လူမှုထူးချွန် (တတိယ ဆင့်)ကိုချီးမြှင်ခံခဲ့ရကြောင်း တွေ့ရှိခဲ့ပါသည်။


အထူးလေးစားအသိအမှတ်ပြု
ထို့ကြောင့် သွေးလှူရှင်များ၏ လူမှုရေးစွမ်းဆောင် မှုများကို ယခင်ကတည်းက ခေါင်းဆောင်များအနေဖြင့် အထူးလေးစားအသိအမှတ်ပြုခဲ့ကြပါသည်။ သွေးလှူ ဒါန်းမှု အကြိမ်(၄၀)ကို လူမှုထူးချွန်တတိယဆင့်၊ အကြိမ်(၆၀)ကို ဒုတိယဆင့် ၊ အကြိမ်(၇၀)ကို ပထမဆင့် စသည်ဖြင့် ၂၀၁၀ ပြည့်နှစ်အထိ ချီးမြှင့်ခဲ့ပါသည်။
ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကလည်း စေတနာသွေးလှူရှင်စနစ် ပြန့်ပွားရေးအတွက် စဉ်ဆက်မပြတ် လှူဒါန်းပေးသော သွေးလှူရှင်ကြီးများ အား ဂုဏ်ပြုခြင်းကို ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် ဗဟိုအမျိုးသားသွေးလှူဘဏ်ကော်မတီ စတင် တည်ထောင်သည့် အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဒီဇင်ဘာ လ ၁၄ ရက်နေ့ကို သွေးလှူရှင်များအား ဂုဏ်ပြုသည့် နေ့အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ သွေးလှူဒါန်းမှု အကြိမ်(၅၀) လှူဒါန်းပြီးသူများကို စတင် ဂုဏ်ပြုခဲ့ပြီး နှစ်စဉ်မှန်မှန် လှူဒါန်းမှုပြုပြီး (၅) ကြိမ် ထပ်မံလှူဒါန်းပြီးပါမှ ဂုဏ်ပြုခဲ့သည်။


၂၀၁၀ ပြည့်နှစ်နောက်ပိုင်း လူမှုထူးချွန်ဆုများ ချီးမြှင့်မှု ရပ်ဆိုင်းသွားသည်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကြိမ်(၅၀) အစား အကြိမ် (၄၀)မှစ၍ သွေးလှူရှင်များကို ဂုဏ်ပြုခဲ့ကြောင်း သိရှိ ရပါသည်။


မြန်မာနိုင်ငံ၏သွေးသွင်းကုသမှု
မြန်မာနိုင်ငံ၏သွေးသွင်းကုသမှုမှာ အခြားဖွံ့ဖြိုးဆဲတိုင်းပြည်များနှင့် နှိုင်းစာလျှင်သွေးလှူရှင် ရှာဖွေရရှိနိုင် မှုမှာ ပိုမိုအဆင်ပြေခဲ့ပါသည်။ သွေးလိုအပ်သည်ဟု ကြားသိရသည့်သူများစွာမှာ လှူဒါန်းပေးရန် စေတနာ ထက်သန်ကြပါ၍ သွေးအချိန်မီမရရှိ၍ အသက်ဆုံးပါး သည်ကို ကြားသိခြင်းမရှိခဲ့ကြပါ။


သို့ရာတွင် သွေးလိုအပ်မှ လူနာရှင်များရှာဖွေရခြင်း အတွက် စိတ်ပူပန်မှု၊ ဆက်သွယ်စုံစမ်းရမှု၊ ကျေးဇူးတင် ရှိ၍ ကျေးဇူးဆပ်ရမှု၊ အသွားအလာ အာဟာရ စသည်တို့ကို တာဝန်ယူရမှု စသည်တို့သည် လူနာရှင်အတွက် ခံစား နေရသောဝေဒနာအပြင် ပိုမိုထပ်ဆင့်ခံစားရသော ပင်ပန်းမှု များဖြစ်ပါသည်။ လူနာတစ်ယောက်အတွက် သွေးလှူရှင် နှစ်ဦးခန့်ရှာဖွေရလျှင်ပင် ခက်ခဲမှုစတင်လာပြီး ဘဝ တစ်လျှောက်လုံးအခြားသူ၏

သွေးဖြင့်သာအသက်ဆက်ရမည့်သူများအတွက် ပိုမိုခက်ခဲသော ပင်ပန်းမှုများကို ကြုံတွေ့ခံစားရမည်ဖြစ်သည်။ ထို့သို့ လိုအပ်မှရှာဖွေ လှူဒါန်းခွင့် ရသော သွေးလှူရှင်များမှာလည်း လူနာများ၏ အသက်သခင်များပင် ဖြစ်ကြပါသည်။
လူနာများဆေးရုံများတွင် ရှိနေသရွေ့ သွေးလိုအပ် မည့်သူများ မလွဲမသွေရှိနေမည်ဖြစ်ရာ လူနာရှင် မရှာဖွေ ရခင် လိုအပ်သည့်သွေးနှင့်သွေးပစ္စည်းများကို အဆင်သင့် ထုတ်ယူကုသမှုခံယူနိုင်ရန် မိမိတို့အားလပ်ချိန်တွင် လာရောက်လှူဒါန်းပေးသော သွေးလှူရှင်ကြီးများ များပြား လာပါက လူနာများခံစားရသော ဒုက္ခ၊ ပင်ပန်းမှုများ လျော့နည်းလာသကဲ့သို့ စနစ်တကျစစ်ဆေး၊ ပြင်ဆင်မှု များပြုလုပ်နိုင်သောကြောင့် သွေးမှတစ်ဆင့် ရရှိနိုင်သော ဆိုးကျိုးများကို ပိုမိုကာကွယ်နိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့် မလိုအပ်ခင် ကြိုတင်လှူဒါန်းမှု (Voluntary Donation) သည် လိုအပ်မှ လှူဒါန်းပေးသော (Replacement Donation) နှင့် နှိုင်းယှဉ်လျှင် လူမှုဒုက္ခလျော့ကျစေမည့်အပြင် နည်းပညာနှင့် ထိရောက်သော ကုသမှုတို့ကိုလည်း အဆင့်မြင့်စွာ ရရှိစေပါသည်။


ရောဂါပိုးစစ်ဆေးတွေ့ရှိမှု
နိုင်ငံတစ်နိုင်ငံ၏ သွေးသွင်းကုသမှုကို ထောက်ပံ့နေ သည့် လှူဒါန်းမှုများမှာ Voluntary Donation မှ ထောက်ပံ့ နေခြင်းသည် ၎င်းနိုင်ငံရှိ ပြည်သူများအတွင်း အချင်းချင်း ကူညီလိုမှုကို ညွှန်းပြနေပေသည်။ ထို့အပြင် သွေးမှ တစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးများ စစ်ဆေးတွေ့ရှိမှုမှာ လည်း လိုအပ်မှလှူဒါန်းရ၍ မိမိတို့၏ သံသယဖြစ်ဖွယ် အနေအထိုင် ၊ အခြေအနေများကို လိုအပ်မှု၏ တွန်းတိုက်မှု ကြောင့်၊ မှန်ကန်စွာမစဉ်းစားဘဲ လှူဒါန်းမှုပြုသွားသော ကြောင့်၊ ရောဂါပိုးစစ်ဆေးတွေ့ရှိမှု ရာခိုင်နှုန်းမှာ မြင့်မား ကြောင်းတွေ့ရှိရပါသည်။ သို့ရာတွင် စေတနာသွေးလှူ ရှင်များလှူဒါန်းသော သွေးများကိုစစ်ဆေးပြင်ဆင်ရာတွင် တွေ့ရှိရသောရောဂါပိုးတွေ့ရှိမှုမှာ သိသာစွာလျော့နည်း ကြောင်း တွေ့ရှိရပါသည်။


အမျိုးသားသွေးဌာနတွင် ၂၀၁၆ ခုနှစ်အထိ ရန်ကုန် မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ ၁၁ ရုံကို ထောက်ပံ့နိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လာသော စေတနာ သွေးလှူရှင်များကြောင့် အခြားဆေးရုံ သုံးရုံကိုပါ ထောက်ပံ့ နိုင်ခဲ့ပါသည်။


သွေးလှူရှင် များပြားလာ

လွန်ခဲ့သော ဆယ်စုတစ်စုခန့်က တစ်နှစ်လျှင် သွေးလှူရှင်စုစုပေါင်း ၃၆၀၀၀ ခန့် လှူဒါန်းခဲ့ရာမှ ယခု နှစ်တွင် ၁၁-၁၂-၂၀၁၉ ရက်နေ့အထိ သွေးလှူဒါန်းမှု သွေးလှူရှင် စုစုပေါင်း ၉၉၂၂၂ လှူဒါန်းခဲ့ပြီး ၇၇၈ ဦး ထပ်မံလှူဒါန်းပါက သွေးလှူဒါန်းမှုပေါင်း ၁၀၀၀၀၀ ပြည့် တော့မည်ဖြစ်ပါသည်။ သွေးလှူဒါန်းမှုများ၏ မှတ်မှတ်ရရ ဖြစ်စေမည့် အရေအတွက်ရရှိရန် ဝိုင်းဝန်းကူညီလှူဒါန်းပေးသူများကို များစွာ လေးစားကျေးဇူးတင်ရှိပါသည်။


ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများ၏ ထူးကဲသော ထောက်ပံ့မှုတစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်ရိပ်အောက်တွင် ၂၀၁၈ ခုနှစ် မတ်လမှစ၍ နေ့စဉ်လှူဒါန်းခဲ့သည့် လှူဒါန်းမှုများမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် သွေးလှူဒါန်းမှု စုစုပေါင်း ၃၀၀၀၀ အထိ ရရှိခဲ့ပါသည်။ ထို့ပြင် အခြားလှူဒါန်းမှု ၂၀၀၀ မှာ စေတနာသွေးလှူ ရှင်များ၏ မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းခဲ့ကြောင်း တွေ့ရှိခဲ့ပါသည်။ ယခင်ကရုံးပိတ်ရက် များတွင် တစုတစည်းတည်း လူအင်အားများစွာဖြင့် လှူဒါန်းခဲ့မှုကြောင့် သွေးယူနစ်များ၏ သက်တမ်းကုန်ဆုံး မှုမှာ တစ်ပြိုင်နက် ကုန်ဆုံးနိုင်ပါ၍ အကြိမ်ခွဲကာ လှူဒါန်း မှုပြုနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ စွမ်းဆောင် နိုင်မှု ကြောင့် ယခုအခါ အဖွဲ့အစည်းတစ်ခုမှ အဖွဲ့ငယ်များ အဖြစ်ခွဲပြီး မတူညီသော အချိန်များတွင် လှူဒါန်းမှုပြုပေး လျက်ရှိရာ ၎င်းအဖွဲ့များ၏ နားလည်ပေးမှုကို များစွာ ဂုဏ်ယူမိပါသည်။ ၂၀၁၆ ခုနှစ်က Corporate Donor Group ၃၀ ခန့်သာရှိခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၈၀ ခန့် အထိ တိုးတက်ထောက်ပံ့လာမှုမှာလည်း လူနာများ အတွက် အင်အားတစ်ခုဖြစ်ခဲ့ပါသည်။


လူနာများအား တိုးတက်ထောက်ပံ့နိုင်

ထို့သို့တိုးတက်လာမှုကြောင့် ရန်ကုန်ကလေးဆေးရုံ ကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့မှ လူနာများအား တိုးတက်ထောက်ပံ့နိုင်ပြီဖြစ်ပါသည်။ မွေးရာပါသွေးအားနည်းရောဂါခံစားနေရသော လူနာများအနေဖြင့် တခြား သူများ၏ သွေးဖြင့်သာ ကုသမှုခံယူရသောကြောင့် ရန်ကုန် ကလေးဆေးရုံကြီးတွင် နေ့ချင်းသွေးသွင်းကုသမှုခံယူ နိုင်ရန် စုပေါင်းလှူဒါန်းပေးကြပါသော စေတနာ သွေးလှူ ရှင်များအားလုံးကို လူနာများနှင့် မိဘများကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။ သို့ရာတွင် ရန်ကုန်မြို့ပေါ်ရှိ အခြားသော ကျန်ရှိနေသေးသည့် ဆေးရုံများကို ပြည့်မီ အောင်ထောက်ပံ့နိုင်ရန် တစ်လလျှင် စုစုပေါင်း သွေးလှူ ရှင် ၁၀၀၀၀ ခန့်ရရှိရန် လိုအပ်ပါမည်။ ထို့ကြောင့် ရန်ကုန်မြို့ပေါ်ရှိ လူနာများအား ရာနှုန်းပြည့် ထောက်ပံ့ နိုင်ရေးအတွက် တစ်နှစ်အတွင်း သွေးလှူဒါန်းမှု ၁၂၀၀၀၀ ခန့်ရရှိရန် ထပ်မံအားဖြည့် လှူဒါန်းပေး နိုင်ကြပါရန်လည်း နှိုးဆော်အပ်ပါသည်။


နိုင်ငံ၏အခြားဒေသများတွင် ကုသမှုခံယူနေသော လူနာများအတွက် ထောက်ပံ့ပေးသော သွေးလှူရှင်ကြီး များကလည်း ယခုကဲ့သို့ မလိုအပ်ခင်က ကြိုတင်လှူဒါန်း ပေးခြင်းဖြင့် ထောက်ပံ့ပေးပြီး ကျန်နည်းပညာ၊ လူ အင်အား၊ ဘဏ္ဍာငွေထောက်ပံ့မှုတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပိုမိုရရှိအောင်ကြိုးစားပေးပါက လူနာများအားလုံး အဆင်ပြေစွာ ကုသမှုခံယူနိုင်မည် ဖြစ်ပါသည်။


လိုအပ်မှု၏ ၁၀၀ ရာခိုင်နှုန်းကို စေတနာသွေးလှူရှင် စုဆောင်းမှုမှ ရရှိရန်မှာ ခက်ခဲသော်လည်း ယခုအခါ ဒေသတစ်ခုမှ အောင်မြင်စွာ စွမ်းဆောင်နိုင်ပြီဖြစ်ပါ၍ အခြားဒေသများမှ ပြည်သူများ၏ ပူးပေါင်း ထောက်ပံ့မှုကို ၂၀၂၀ ပြည့်နှစ်တွင် ရရှိနိုင်မည်ဟု စာရေးသူယုံကြည် မိပါသည်။


စေတနာရှင်၊ သွေးလှူရှင်ကြီးများအားလုံး ကိုယ်စိတ် နှဖြာ ကျန်းမာစွာဖြင့် ဆက်လက် ထောက်ပံ့နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ။