နေပြည်တော်  ၅  ဒီဇင်ဘာ

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများတက်ရောက်ကြသည်။

ဆုများပေးအပ်ချီးမြှင့် ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်း ကိုခံယူပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၈၇၅၊ ဗိုလ်လောင်း ရီဝေအောင် လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၇၀၉၊ ဗိုလ်လောင်း ထင်အောင်လင်း၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၃၈၈၉၊ ဗိုလ်လောင်း ရဲမင်းစိုး၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၉၂၆၊ ဗိုလ်လောင်း ရှိုင်းအောင်ကျော်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၀၂၇၊ ဗိုလ်လောင်း သက်နိုင်လင်းတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တက္ကသိုလ်ကျောင်း ဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းငါးဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်