စစ်တွေတက္ကသိုလ်တွင် ယာယီဆေးရုံထပ်မံပြုလုပ်ကာ COVID-19 လူနာများထားရှိရန် စီစဉ်

စစ်တွေ ၃၁ ဩဂုတ် 

ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ (၃၀)ရက်နေ့အထိ (၂)ပတ်တာကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာအသစ် (၃၀၀)ကျော် အထိ တွေ့ရှိလာရပါသည်။  စစ်တွေမြို့တွင် ကူးစက်ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇပြောင်းနေသည့် အမျိုးအစားဖြစ်ခြင်းကြောင့် ကူးစက်မြန်လျက်ရှိ၍  စစ်တွေပြည်သူ့ဆေးရုံကြီးတွင် သာမက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့တွင်  COVID-19 လူနာများထားရှိ ကုသနေလျက်ရှိပါသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်မှ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများကို စောင့်ကြည့်ကုသနိုင်ရန် ဆေးရုံအသီးသီးတွင် ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စုစုပေါင်း  ကုတင် (၇၂၆) ခု အထိ လက်ခံကုသပေးနိုင်ရန်  ပြင်ဆင်ဆောင်ရွက် ထားရှိပါသည်။ ထို့အပြင် လိုအပ်လာပါက စစ်တွေတက္ကသိုလ်တွင် ယာယီဆေးရုံ ထပ်မံပြုလုပ်ကာ COVID-19 လူနာများထားရှိရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

#စစ်တွေသတင်းဌာနခွဲ

Crd#MRTV