စစ်တွေမြို့ပေါ်ရှိ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်း

စစ်တွေ မေ ၁၅

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စစ်တွေမြို့ပေါ်ရှိ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်းပွဲကို မေ ၁၅ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်၌ ကျင်းပရာ သံဃာတော် အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ၊ ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သီလရှင် ဆရာကြီး၊ ဆရာလေးများအား အခြေခံစားကုန်များ ဆက်ကပ်လှူဒါန်းကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်နှင့် အခြေခံစားကုန်များကို ပို့ဆောင်ဆက်ကပ်နိုင်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လမှ မေလအထိ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော် စုစုပေါင်း ၈၈၉ အိတ်လှူဒါန်းခဲ့ပြီး ယနေ့တွင် သံဃာတော် ၁၁၁၃ ပါးနှင့် သီလရှင် ဆရာကြီး၊ ဆရာလေး အပါး ၃၄၀ တို့အတွက် ငွေကျပ် ၁၅၂၅၆၅၀၀ တန်ဖိုးရှိ အခြေခံစားကုန်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး