စစ်မှန်သည့်ညီညွတ်ရေးဆိုသည်မှာ…

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့၌ ဖဆပလအဖွဲ့ချုပ်က ကြီးမှူးပြုလုပ်သော ပြည်လုံးကျွတ်ညီလာခံသဘင်ကြီး၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက "ညီညွတ်ရေး ဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေး ဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာရှိရမယ်။ ညီညွတ်ရေး ဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမလဲ။ အဲဒီတော့ကာ ကျွန်တော် လိုချင်တဲ့ ညီညွတ်ရေးက တစ်တိုင်းပြည်လုံး၊ လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့ အကျိုး၊ အဲဒီလို တူညီတဲ့ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် ဒါတွေကိုရအောင်၊ အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သား တွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးဖြစ်ရမယ်” ဟု ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်းက စစ်မှန်သည့်ညီညွတ်ရေးကို ပွင့်ပွင့်လင်းလင်း ရှင်းရှင်းပြတ်ပြတ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်မှန်သောညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့သဖြင့် အင်အားတောင့်တင်း ခိုင်မာသော ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ကြီးများကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့သည်။ စည်းလုံးညီညွတ်မှု အားနည်းသောအခါ၊ စည်းလုံးညီညွတ်မှု မမှန်ကန်သောအခါ တိုင်းပြည်ယိုယွင်း ပျက်စီးခြင်းသို့ ရောက်ရသည်။ အမြော်အမြင်ကြီးမားသော နိုင်ငံခေါင်းဆောင်များက ပျက်စီးယိုယွင်းသော နိုင်ငံတော်ကို စစ်မှန်သော စည်းလုံးညီညွတ်မှုဖြင့် ပြန်လည်တည်ဆောက်ကာ စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့ကြသည်။

 

မြန်မာနိုင်ငံ သူ့ကျွန်ဘဝသို့ ကျရောက်ပြီးနောက် တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် မျိုးချစ်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် စည်းလုံးညီညွတ်မှုကို ခိုင်မြဲစွာတည်ဆောက်ကာ နယ်ချဲ့ရန်ကို တွန်းလှန်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ကိုလိုနီနယ်ချဲ့စနစ် ပျက်ပြုန်းလာပြီး နိုင်ငံများအား လွတ်လပ်ရေးပေးရတော့ မည့်အချိန် ရောက်လာသောအခါ တစ်ချိန်က မျိုးချစ်ခေါင်းဆောင်တချို့၊ အမျိုးသား ခေါင်းဆောင်တချို့သည် အယူအဆနှင့် ခံယူချက်တို့အပေါ် မူတည်၍ မြန်မာနိုင်ငံတွင် အခိုင်အမာရှိခဲ့ပြီးသော စည်းလုံးညီညွတ်မှုကို တလွဲညီညွတ်မှု အဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။

 

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက စစ်မှန်သော စည်းလုံးညီညွတ်မှုနှင့် မမှန်ကန်သော စည်းလုံးညီညွတ်မှုတို့ကို ရှင်းလင်းပြတ်သားစွာ ကွဲကွဲပြားပြားသိနိုင်အောင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးမရမီက တက်တက် ကြွကြွ စည်းစည်းလုံးလုံး ကြိုးပမ်းအားထုတ်ခဲ့ကြသော နိုင်ငံရေးခေါင်းဆောင်တချို့တို့သည် လွတ်လပ်ရေး ဧကန်မုချရတော့မည်ကို သိရှိကြပြီးသောအခါ ဗိုလ်ချုပ်အောင်ဆန်းပြောသကဲ့သို့ ရာထူးအာဏာရရေးအတွက် အားထုတ်ကြသူတို့ကတစ်မျိုး၊ အခွင့်အရေး အကျိုးစီးပွား မျှော်မှန်းကြသူများက တစ်နည်း၊ သင်းဖွဲ့ ဂိုဏ်းဂဏစုဖွဲ့၍ ထင်ရာစိုင်းချင် သူတို့ကတစ်ဖုံ အမျိုးမျိုးအဖုံဖုံ၊ အကွဲကွဲအပြားပြားဖြင့် တစုတစည်းတည်း ရှိသောညီညွတ်မှုအား ဖြိုဖျက်ခဲ့ကြသည်ကို သမိုင်းတွင်တွေ့ရမည်ဖြစ်သည်။

 

ထို့ကြောင့်လည်း တိုင်းပြည်မှာ မဖွံ့ဖြိုး၊ မငြိမ်းချမ်းသေးဘဲ သူတစ်ပါးနောက် ရောက်နေကြရသည်။ ဗိုလ်ချုပ် အောင်ဆန်းမျှော်မှန်းသော၊ အလိုရှိသော ညီညွတ်ရေးဆိုသည်မှာ တစ်တိုင်းတစ်ပြည်လုံး၊ တိုင်းရင်းသား ပြည်သူအားလုံးအတွက် လွတ်လပ်ရေး၊ တစ်မျိုးသားလုံးအတွက် အကျိုးစီးပွား၊ တစ်မျိုးသားလုံးအတွက် တူညီသော ရည်ရွယ်ချက်၊ တူညီသည့်အလုပ်၊ တူညီသည့်အကျိုးခံစားမှုများ မျှဝေခံစားရရှိနိုင်မည့် ညီညွတ်ရေးဖြစ်သည်ကို သတိမူ ရှုမြင်ကြရမည်ဖြစ်ပါကြောင်း။   ။

ကြေးမုံ