စစ်မှန်သည့်မျိုးချစ်စိတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်

မြန်မာနိုင်ငံသည်   တိုင်းရင်းသားလူမျိုးများ စုံလင်စွာဖြင့်   မတူညီသော ယဉ်ကျေးမှုများနှင့် အတူပေါင်းစည်းနေထိုင်ကြသည်။ လူမျိုးတစ်မျိုးစီတွင် ချစ်ခင်နှစ်လိုဖွယ်ရာ ဂုဏ်ယူစရာကောင်း သည့် ယဉ်ကျေးမှုအနုပညာရပ်များကို ပိုင်ဆိုင်ကြသည်။ ဒေသအလိုက် မတူကွဲပြားသည့် ယဉ်ကျေး မှုများမှာ မြတ်နိုးစရာဖြစ်သည်။ ရှေးအစဉ်အဆက်ကတည်းက  ပေါ်ထွန်းခဲ့ပြီး   ယနေ့ထက် တိုင်အောင်   မြန်မာ့ယဉ်ကျေးမှုအနုပညာများ   တည်ထွန်းနေခြင်းသည်   အမျိုးဂုဏ်၊ ဇာတိဂုဏ် ကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းနေသောကြောင့်ဖြစ်သည်။

 

ခေတ်ရေစီးကြောင်းသည် တိုးတက်မှုများနှင့်အတူ လိုက်ပါပြောင်းလဲနေသောအခါ ခေတ်ပေါ် ယဉ်ကျေးမှုများသည် မြန်မာ့ယဉ်ကျေးမှုအပေါ် လွှမ်းမိုးလာသည်။ သို့သော် သိမ်မွေ့နက်နဲပြီး နှစ်လိုဖွယ်ရာကောင်းသည့် မြန်မာ့ယဉ်ကျေးမှုသည် တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိဘဲ   ဆက်လက်ရှင်သန်နေသည်ကို   မြန်မာ့အနုသုခုမ  တင်ဆက်မှုများကို ကြည့်ရှုခံစားလျှင် သိနိုင်ပါ သည်။ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များကို တစုတစည်းတည်း စုစည်းမိနိုင်ရန်နှင့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များကို ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်နိုင်ရန်အတွက်   မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်က ၁၉၉၃ ခုနှစ်တွင် စတင်ဖော်ထုတ်ပေးခဲ့ရာ ယခုနှစ်အခါတွင် (၂၃)ကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် အဆို၊ အက၊ အရေး၊ အတီး မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာ ရပ်များကို ရှေးအစဉ်အဆက်လက်ဆင့်ကမ်း၍ တန်ဖိုးထားထိန်းသိမ်းလာခဲ့ကြသော သက်ရှိထင်ရှား  အနုသုခုမပညာရှင်များ၊   အနယ်နယ်အရပ်ရပ်မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုသုခုမပညာရပ် များကို စိတ်ဝင်စားပြီး လေ့လာလိုက်စားကြသည့် မျိုးဆက်သစ်များ၊ လူငယ်လူရွယ်များက   မြန်မာ့ရိုးရာယဉ်ကျေးမှုကို   ထိန်းသိမ်း မြှင့်တင်ပေးလျက်ရှိနေသည်မှာ     ဂုဏ်ယူစရာ၊   ကျေးဇူး တင်စရာဖြစ်သည်။ မျက်မှောက်ကာလတွင်   ခေတ်ရေစီးကြောင်းပြောင်းလဲမှု၊  အနောက်တိုင်း ယဉ်ကျေးမှုလွှမ်းမိုးလာမှုနှင့် မြန်မာ့ယဉ်ကျေးမှုကို ပျက်ပြယ်အောင် ပုံဖော်နေသူများကြောင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ ပျောက်ပျက်မည့်အန္တရာယ် နှင့်ကြုံတွေ့နေရသည်။

 

ယခုအခါတွင် စစ်မှန်သော အမျိုးသားရေးစိတ်ဓာတ်များနှင့် မြင့်မားသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ် စိတ်ဓာတ်များဖြင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ပြန်လည်မြင့်တက်လာအောင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့်      မြှင့်တင်ဖော်ထုတ်ပေး နိုင်တော့မည် ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ အနုသုခုမပညာရှင်များ၊ ဝါသနာရှင်များက မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်အထိ အဆင့်ဆင့်ပြိုင်ပွဲ ဝင်ခဲ့ကြရာ မကြာမီကာလတွင် ဗဟိုအဆင့်သို့ တက်လှမ်းယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။ ပြိုင်ပွဲကြီးအောင်မြင်စွာပေါ်ထွက်လာစေရန်      ကြိုးပမ်းဆောင်ရွက်ကြသည့်    နိုင်ငံတော်အစိုးရ နှင့် တာဝန်ရှိသူများ၊  အနုသုခုမပညာရှင်များ၊  ဝါသနာရှင်များအားလုံးကို ကျေးဇူးတင်ရမည် ဖြစ်သည်။

 

မကြာမီကျင်းပတော့မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို (က) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ခ) တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အနုပညာ အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ (ဂ) အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်  ပိုမိုထွန်းကားစေရန်  ရိုးရာယဉ်ကျေးမှုအနုပညာများကို  ဖော်ထုတ် ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ (ဃ) ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေးဟူသည့် ဦးတည်ချက်များကိုချမှတ်၍ ဖော်ထုတ်မြှင့်တင်လျက်ရှိသည်။

 

အဆိုပါဦးတည်ချက်များတွင် မျက်မှောက်ကာလ တိုင်းပြည်အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုအနုပညာသည် လူသားတို့၏  နှလုံးသည်းပွတ်ပမာဖြစ်သကဲ့သို့ ပြည်သူများ၏ နှလုံးစိတ်ဝမ်းကို လန်းဆန်းစေပြီး ညှို့ယူဖမ်းစားနိုင်ပေသည်။ ထို့ကြောင့် ယဉ်ကျေးမှု အနုပညာရပ်များဖြင့် ခက်ထန်နေသောစိတ်ဓာတ်များ၊ အမုန်းတရားများကို ပျောက်ပျက်သွား နိုင်အောင် ဝိုင်းဝန်းဆောင်ကြဉ်းကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ  မျိုးဆက်သစ်လူငယ်များသာမက  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် လိုအပ် နေသော စစ်မှန်သည့်တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ ခိုင်မာလာအောင် ဖော်ဆောင်ပေးမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ဝိုင်းဝန်းမြှင့်တင်အားပေးကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ပေးကြရ မည်ဖြစ်ပါကြောင်း။        ။

ကြေးမုံ