စစ်မီးငြိမ်းချိန် တန်ပါပြီ

သတင်းဆောင်းပါး - အေးကြွယ်

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့။ 
တော်လှန်ရေးကောင်စီက       ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်ဆိုင်းလိုက်တဲ့အချိန်။

ရဲဘော်ဌေးခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီ ကိုယ်စားလှယ်များ နဝင်းရေတိမ်ချောင်းလေး ကိုဖြတ်ပြီး တောထဲကို ပြန်ဝင်သွားခဲ့ရပါတယ်။
၁၉၆၃ ခုနှစ်     သြဂုတ်လ   ၂၈   ရက်နေ့မှာ ပေါက်ခေါင်းမြို့အဝင် ကျပ်တုန်းဇရပ်မှာ ငြိမ်းချမ်း ရေးဆွေးနွေးဖို့ လာရောက်ကြတဲ့ ရဲဘော်ဌေး၊ ရဲဘော် အောင်ကြီး၊   ဗိုလ်ဇေယျ၊   ဗိုလ်စိုးမောင်တို့ပါဝင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ်တွေကို ခလရ(၂၃)မှ တပ်မတော်သားတွေနဲ့ ဒေသခံပြည်သူ တွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ပါတယ်။ အဲဒီ သတင်းကို ကြားရတဲ့ မြန်မာပြည်သူတွေရဲ့ရင်ထဲမှာ အင်မတန် ကြည်နူးဝမ်းမြောက်ခဲ့ကြရပါတယ်။

တကယ်တော့     ရဲဘော်ဌေးခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက တော်လှန်ရေးကောင်စီ နဲ့ (၇)ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးမှ အဖြေမထွက်လို့ ကျောခိုင်းသွားခဲ့ရတာ  ဖြစ်ပါတယ်။   ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာ့သမိုင်းမှာ ရင်နင့်စရာ သမိုင်းပုံရိပ်တွေ ထဲက    ရဲဘော်ဌေးတို့   ငြိမ်းချမ်းရေးကို ကျောခိုင်း ထွက်သွားတဲ့ ပုံရိပ်ကတော့ အင်မတန်စိတ်မကောင်း ဖွယ်ရာ    ပုံရိပ်တစ်ခုပါပဲ။   လောဘ၊    ဒေါသတွေ တင်းကျမ်းပြည့်နေတဲ့ကမ္ဘာကြီးမှာ စစ်ပွဲတွေကြောင့် ကျခဲ့ရတဲ့မျက်ရည်တွေ၊    ပျက်စီးခဲ့ရတဲ့    အသက် အိုးအိမ်စည်းစိမ်ပစ္စည်းတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ကိုယ်လက် အင်္ဂါအစိတ်အပိုင်းတွေ၊ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခ မျိုးစုံတွေဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် ပြောမပြနိုင်လောက်အောင် များပြားလွန်းပါတယ်။

စစ်ပွဲတွေကြား ကျွန်တော်တို့ ရုန်းကန်နေရတဲ့ ဘဝတွေကိုကြည့်ရင် လှေပေါက်ကြီးနဲ့ ခရီးသွားရ သလို အလွန်အန္တရာယ်များလှပါတယ်။ ဘယ်အချိန် ရေနစ်လိမ့်မလဲ၊ ဘယ်နေရာ လှေမြုပ်လိမ့်မလဲဆိုတဲ့ စိုးရိမ်သောကတွေက    ကျွန်တော်တို့ဘဝတွေကို ဖိစီးလွန်းလှပါတယ်။ ဒါ့ကြောင့်လည်း ဒီနေ့အချိန်မှာ ငြိမ်းချမ်းရေးရရှိဖို့ထက်   အရေးကြီးတဲ့လုပ်ငန်း မရှိဘူးလို့ နားလည်လက်ခံထားမိခဲ့ပါတယ်။

စစ်နဲ့ငြိမ်းချမ်းရေး

စစ်နဲ့ငြိမ်းချမ်းရေးဆိုတဲ့   စကားလုံးကို ရုရှား စာရေးဆရာကြီး လီယိုတော်စတွိုင်း(၁၈၂၈-၁၉၁၀)က ကျွန်တော်တို့ ရင်ထဲရောက်အောင် လုပ်ပေးခဲ့ပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀  ကျော်က “စစ်နဲ့ ငြိမ်းချမ်းရေး”   ဆိုတဲ့   ဂန္ထဝင်ဝတ္ထုရှည်ကြီးရေးပြီး ကမ္ဘာ့ပြည်သူတွေကို နား၊ မျက်စိ ဖွင့်ပေးခဲ့ပါတယ်။ ၁၉ ရာစုဦး ရုရှားနဲ့  ပြင်သစ်တို့ရဲ့   သမိုင်းနောက်ခံ ပုံရိပ်တွေ၊ ဇာဘုရင်နဲ့ နပိုလီယံတို့ရဲ့အကြောင်းတွေ၊    စိန့်ပီတာစဘက်၊ ရောမ၊ အင်္ဂလန်၊ သြစတြီးယား တို့ရဲ့   အကြောင်းတွေ၊   စစ်ပွဲတွေရဲ့အကြောင်း၊ စစ်မြေပြင်စစ်သုံ့ပန်းတွေရဲ့    အကြောင်းတွေကို   ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်အောင် ပြောပြပေးခဲ့ ပါတယ်။   အဲဒီဝတ္ထုကြီးကြောင့်ပဲ   စစ်ကိုရွံမုန်းပြီး    ငြိမ်းချမ်းရေးကို ချစ်တတ်လာတယ်လို့ ပြောရမှာပါပဲ။

ငြိမ်းချမ်းရေးလို့ဆိုလိုက်တာနဲ့      ပူးပေါင်း ဆောင်ရွက်ခြင်း၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းနဲ့ အငြင်း ပွားမှုများကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းဖြေရှင်းခြင်းလို့   အလိုလို  နားလည်လက်ခံ ထားမိပါတယ်။

သက်ဆိုးရှည်ဆုံး ပြည်တွင်းစစ်
“အမုန်းပင်မျိုး 
သည်အမျိုးလျှင်၊ အချစ်ပင်မပေါက်
မုန်းညှောက်ညွန့်ကြ၊ သူ့ဘဝ၏
ဓမ္မတရား၊ သင်ကြားခဲ့သည်
သင်ဘယ်သစ်ပင်စိုက်မည်နည်း။”
( ဒဂုန်တာရာ၊ ၁၉၈၁ အောက်တိုဘာ၊ ရှုမဝမဂ္ဂဇင်း)
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး လမ်းကြောင်းဟာ လှိုင်းလေထန်ခဲ့တယ်လို့ အချို့က ဆိုကြပါတယ်။ အချို့ကတော့ နာတာရှည်ခရီးကြမ်း ကြီးပါဟု   ဆိုပါတယ်။    ၁၉၄၈  ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းဟာ    အကောင်း၊ အဆိုးတို့    ရောပြွမ်းရှုပ်ထွေးနေခဲ့တာကတော့ အမှန်ပါပဲ။   အရှေ့တောင်အာရှမှာ   ပြည်တွင်းစစ် သက်ဆိုးအရှည်ဆုံး နိုင်ငံလို့တောင် ပြောစမှတ်ပြုခဲ့ ကြပါတယ်။        လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ ပြည်တွင်း စစ်မီးတွေကို ဒီနေ့အချိန်ထိ အပြီးသတ် မငြှိမ်းသတ် နိုင်သေးတာကလည်း အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို ဒါမှမဟုတ်    နာတာရှည်ရောဂါဆိုးကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး နှစ်လအကြာမှာ ဗကပတို့ တောခိုခဲ့ပြီး ပြည်တွင်းစစ်ကို   ကြီးစိုးခဲ့ပါတယ်။  အဲဒီအချိန်ကတည်းကစပြီး တိုင်းပြည်လည်း စစ်မီး တွေနဲ့ ဘေးကျပ်နံကျပ် ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီး တစ်နှစ်တာကာလ  ပြည်တွင်းစစ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေဟာ  အံ့မခန်းလောက်အောင် ပါပဲ။ အဲဒီပျက်စီးမှုတွေနဲ့ပတ်သက်ပြီး ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ပြည်ထောင်စုသစ္စာတော်ခံ လူထုအစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးနုက -
-    “အဆောက်အအုံ၊ တံတား၊ မီးရထားအစရှိတဲ့  ပြည်သူလူထုပိုင် ပစ္စည်းတွေ အဖျက်အဆီး ခံရတဲ့အတွက်   သိန်း (၃၆၀)  ဖိုးလောက် ပျက်စီးသွားပြီ။
-    ငွေတိုက်အဖောက်ခံရတဲ့   ပြည်သူလူထု ငွေတွေ သိန်း(၁၂၅)သိန်းကျော်လောက် ပျောက်သွားပြီ။
-    အဓမ္မမှုတွေကြောင့်    အခွန်တော်ငွေနဲ့ ပြည်ထောင်စုရဲ့    နိုင်ငံတော်ဝင်ငွေ   သိန်း ပေါင်း (၂၀ဝဝ)ကျော် ဆုံးရှုံးပျက်စီးသွားပြီ။
-    အဓမ္မမှုတွေကို    နှိမ်နင်းဖို့   အရန်ရဲတပ်၊ စစ်ရဲတပ်၊ စစ်ဝန်ထမ်းတွေ ထပ်ပြီး ဖွဲ့စည်း ခဲ့ရတဲ့အတွက်     မူလကုန်ကျပြီးဖြစ်တဲ့ ကာကွယ်ရေးစရိတ်အပြင်       တစ်နှစ်ကို သိန်း(၃၀ဝ) ကျော် ထပ်ပြီး ကုန်နေပြီ။ 
-    သေကျေပျက်စီးရတဲ့   လူတွေရဲ့   အရေ အတွက်ဟာ အနည်းဆုံး (၃၀ဝဝဝ)ထက် မနည်းဘူး”လို့ တွက်ချက်ပြောကြားခဲ့ပါတယ်။ 
 
အဲဒီဆုံးရှုံးမှုတန်ဖိုးတွေဟာ         ယခုခေတ် ငွေတန်ဖိုးနဲ့မဟုတ်ဘဲ    အဲဒီခေတ်   အဲဒီအခါက ရွှေတန်ဖိုး၊ ငွေတန်ဖိုးတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန် များပြားတဲ့ ဆုံးရှုံးမှုများဖြစ်ပါတယ်။   နောက်ပြီး အဲဒီဆုံးရှုံးမှုတွေဟာ ပြည်တွင်းစစ်ဖြစ်ပြီး တစ်နှစ် တာကာလရဲ့ ဆုံးရှုံးမှုမျှသာ ဖြစ်ပါတယ်။ ပြည်တွင်း စစ်ဖြစ်ပွားခဲ့တဲ့   နှစ်ပေါင်း (၇၀)  ကျော်ကာလ တစ်လျှောက် တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ဆုံးရှုံးမှု တွေကို အဲဒီလိုတွက်ဆကြည့်မယ်ဆိုလျှင် ကျွန်တော် တို့အားလုံး အံ့သြကြရမှာ အမှန်ပါပဲ။ 

ပြည်တွင်းစစ်နဲ့ ဗကပတို့ အကြောင်းပြောရမယ် ဆိုရင် သခင်သန်းထွန်းအကြောင်းကို ချန်ထားခဲ့လို့ ရမယ်မထင်ပါဘူး။ ဗကပတို့က သခင်သန်းထွန်းကို နှစ်ပေါင်းများစွာ ခေါင်းဆောင်တင်ပြီး လက်နက် ကိုင်လမ်းစဉ်ကို ကျင့်သုံးခဲ့ပါတယ်။ သခင်သန်းထွန်း နဲ့  ဗကပတို့   ကျဆုံးရခြင်းဟာ   ကွန်မြူနစ်ဝါဒနဲ့ လက်နက်ကိုင်လမ်းစဉ်ကြောင့်လို့    ဆိုနိုင်သလို အမျိုးသားနိုင်ငံရေးအပေါ်        ခံယူကျင့်သုံးခဲ့မှု အားနည်းခဲ့ခြင်းကြောင့်လို့လည်း     ဆိုရမှာပါပဲ။ အမျိုးသားရေးဝါဒနဲ့ အမျိုးသားနိုင်ငံရေးဆိုတာဟာ လူထုလူတန်းစားအရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ထက် အရေးကြီးတယ်ဆိုတာ သူတို့ သတိမပြုမိခဲ့ကြပါဘူး။ ဘယ်နိုင်ငံရဲ့ အမျိုးသားရေးဝါဒကိုပဲကြည့်ကြည့်၊  မိမိတို့ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းနဲ့ သီးခြား ခွဲထွက်မနေဘဲ ဆက်စပ်နေကြတာကို တွေ့ရပါလိမ့် မယ်။ ကျွန်တော်တို့ နိုင်ငံရဲ့  အမျိုးသားရေးဝါဒ (ဝါ)  အမျိုးသားနိုင်ငံရေးဆိုတာကတော့ ကျွန်တော်တို့ ဒီနေ့ပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးပဲလို့ ပြောကြ ရမှာဖြစ်ပါတယ်။

နိုင်ငံရေးနည်းနဲ့ အဖြေရှာ

တကယ်တော့    စစ်ပွဲတိုင်းဟာ    နိုင်ငံရေးနဲ့ ကင်းလွတ်တာတော့မဟုတ်။ နိုင်ငံရေးနဲ့  ညှိနှိုင်း အဖြေရှာကြရမှာသာ ဖြစ်ပါတယ်။ ဒီနေ့ကျွန်တော် တို့နိုင်ငံမှာ နိုင်ငံရေးအရ   လွတ်လပ်မှုတွေရှိလာ ပါပြီ။ ယခင်က  မပြောနိုင်တဲ့ကိစ္စတွေ၊ မပြောရဲတဲ့ ကိစ္စတွေကို  ပြောရဲဆိုရဲ  ပြောနိုင်ဆိုနိုင်ကြပါပြီ။ ယခင်က မမျှော်လင့်ရဲတာတွေ မျှော်လင့်နိုင်ပြီ။ ယခင်က    မမက်ရဲခဲ့တဲ့   အိပ်မက်တွေကိုလည်း မက်ခွင့်ရနေပါပြီ။ တစ်နည်းအားဖြင့်ပြောရရင် ကမ္ဘာ့ နိုင်ငံအားလုံး မျက်နှာမူရာဖြစ်နေတဲ့ ဒီမိုကရေစီ စနစ်ကို စနစ်တကျပြောင်းလဲနိုင်ခဲ့ပြီး    နိုင်ငံရေး အသစ်၊ ယဉ်ကျေးမှုအသစ်၊   ဇာတ်ကောင်အသစ် တွေကိုလည်း ပြောင်းလဲပေးနိုင်ခဲ့ပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ်    ရာစုနှစ်ဝက်လောက်    ကင်းကွာနေတဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းပေးနိုင် ခဲ့ပြီဆိုတော့    အရေးကြီးတဲ့နိုင်ငံရေး   အလှည့် အပြောင်းကြီးတစ်ခုကို    အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြပါပြီလို့ ပြောနိုင်ပါတယ်။ 

အဲဒီလိုရရှိထားတဲ့       နိုင်ငံရေး၊    စီးပွားရေး ဖြစ်ထွန်းမှုများကို   ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များနဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ အရေးကြီး ပါတယ်။    အစိုးရအဆက်ဆက်က     ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့     ကြိုးပမ်းခဲ့ကြပေမယ့်   လုံးဝ အဆုံးသတ်သွားသည်အထိတော့ ယနေ့အထိ မလုပ် နိုင်ခဲ့ကြသေးပါဘူး။   တကယ်တော့    ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ဆိုတာ အပစ်အခတ်ရပ်စဲရေးတစ်ခု တည်းနဲ့ မလုံလောက်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခ တွေရဲ့ဇာစ်မြစ်ကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေး နည်းလမ်းနဲ့လည်း ဖြေရှင်းပေးကြရမှာ ဖြစ်ပါတယ်။

အားကျစရာ သက်တံရောင်ဆွေးနွေးပွဲ

ငြိမ်းချမ်းရေးဆော်သြသံတွေ     ကြားရတိုင်း ကျွန်တော့်မျက်စိထဲမှာ မန်ဒဲလားတို့  ဦးဆောင် ဦးရွက်ပြုခဲ့ကြတဲ့ တောင်အာဖရိက ဆွေးနွေးပွဲများ ကို မြင်ယောင်မိပါတယ်။ အသားအရောင် ခွဲခြားမှု ပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့တဲ့ တောင်အာဖရိကငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို   ကျွန်တော်တို့    အားကျ အတုယူစရာ ကောင်းလှပါတယ်။ မျိုးနွယ်စုပေါင်း ၁၈၄ ခု၊   လူ့အဖွဲ့အစည်းပေါင်း   ၅၆၀  ခန့်ရှိတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသားသီချင်းသံကို နားထောင်လိုက်ရုံနဲ့ သူတို့ရဲ့အနာဂတ်၊ သူတို့ရဲ့ မျိုးဆက်တွေအတွက် သူတို့ဘယ်လို တာဝန်ကျေခဲ့ ကြတယ်ဆိုတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
“အနာဂတ်မျိုးဆက်အတွက်     ဒီသီချင်းကို ဆိုပါတယ်။   အားလုံးပါဝင်ပြီး    သာတူညီမျှရှိတဲ့ လူ့အဖွဲ့အစည်း   တည်ဆောက်ပါတယ်” ဆိုတဲ့ စာသားတွေကို လူ့အဖွဲ့အစည်း ၁၃ ခုကို ကိုယ်စား ပြုတဲ့   ဘာသာစကား  ၁၃ မျိုးနဲ့   စပ်ဆိုထားတဲ့ သီချင်းသံတွေဟာ အဓိပ္ပာယ်ပေါင်း မြောက်မြားစွာ ကို ဖော်ကျူးနေကြပါတယ်။

အဲဒီလိုသီချင်းမျိုး     ရေးဖွဲ့သီဆိုဖို့      သူတို့ ဘယ်လောက်ဆောင်ရွက်ခဲ့ရတယ်။ ဘယ်လောက် အားထုတ်ခဲ့ရတယ်ဆိုတာကို   လေ့လာကြည့်ရင် သင်ခန်းစာယူစရာတွေ များစွာတွေ့ရပါလိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ ပြီး ဒုတိယအကြိမ်ပြုလုပ်တဲ့ ဆွေးနွေးပွဲကို အရောင် အသွေးစုံညီမှု၊ မတူကွဲပြားမှုတွေအပေါ် နားလည် လက်ခံမှုကို    ပြသနိုင်ဖို့အတွက်   သက်တံရောင် (Rainbow) ဆွေးနွေးပွဲအဖြစ် ခေါ်ဝေါ်ကျင်းပခဲ့ပါ တယ်။ ပထမအကြိမ် ကျင်းပခဲ့တဲ့အချိန်က ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် လမ်းပြမူဘောင် (Structure) ကောင်းကောင်းမချနိုင်ခဲ့ရုံသာမက ပြဿနာရဲ့အရင်း အမြစ်ကို    ဆန်းစစ်ဆောင်ရွက်မှု   အားနည်းခဲ့တဲ့ အတွက် ပျက်ပြားသွားခဲ့ရတာ တွေ့ရပါတယ်။

ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မန်ဒဲလားက   “အပြောင်းအလဲတစ်ခုလုပ်မည်ဆိုရုံ သက်သက်နဲ့တော့      စကားထိုင်မပြောချင်ဘူး၊ တစ်ခုခုကို ဖော်ဆောင်ပေးဖို့ပဲ အပြောင်းအလဲကို လုပ်ချင်ပါသည်” ဟု သူ့ရဲ့ဆန္ဒနဲ့ ရပ်တည်ချက်ကို အတိအလင်းပြောကြားကာ ငြိမ်းချမ်းရေးအတွက် သက်တံရောင်       ဆွေးနွေးပွဲများကို         စတင် ကန့်လန့်ကာ ဖွင့်ပေးခဲ့ပါတယ်။

ဆွေးနွေးပွဲများမှာ   “တောင်အာဖရိကမှာရှိတဲ့ ပြည်သူပြည်သားအားလုံးရဲ့    ဆန္ဒဖြည့်ဆည်းဖို့ စေ့စပ်ဆွေးနွေးမယ်” လို့ ကြေညာပြီး ဆောင်ရွက် ခဲ့တဲ့အတွက် ပဋိပက္ခများ ချုပ်ငြိမ်းသွားခဲ့ပါတယ်။ တကယ်တမ်းပြောရရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာ    အပစ်အခတ်ရပ်စဲရေးတစ်ခုလောက်သာ ဆောင်ရွက်တာမဟုတ်ပါဘူး။ နိုင်ငံရဲ့အနာဂတ်ကို ဘယ်လိုပုံဖော်ကြမယ်ဆိုတာကိုပါ ဆွေးနွေးရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။      မတူညီတဲ့အမြင်တွေနဲ့ အစပြုပြီး မတူညီတဲ့ ရည်မှန်းချက်တွေကို  စုစည်း ကာ အားလုံးလက်ခံနိုင်မယ့် ဘုံရည်မှန်းချက်မျိုး ဖန်တီးယူခြင်းလို့ နားလည်မိပါတယ်။  


အဲဒီလို တောင်အာဖရိက သက်တံရောင်ဆွေးနွေးပွဲ မျိုးကို   ကျွန်တော်တို့နိုင်ငံအတွက်   စိတ်ကူးဖြင့် အကြိမ်ကြိမ် အိပ်မက်မက်ခဲ့ဖူးပါတယ်။

စစ်မီးငြိမ်းချိန်တန်ပါပြီ

အိပ်ချ်ဂျီဝဲလ်က   “စစ်ပွဲတွေကို  ကျွန်တော်တို့ အဆုံးသတ်ချင်သတ်၊   အဆုံးမသတ်နိုင်ရင်တော့ စစ်ပွဲတွေက ကျွန်တော်တို့ကို အဆုံးသတ်လိမ့်မယ်” ဟု ပြောခဲ့ဖူးပါတယ်။ တကယ်တော့ စစ်ပွဲဆိုတာဟာ အဖြေမဟုတ်ဘူးဆိုတဲ့ သဘောတရားကို ကျွန်တော် တို့အားလုံး   နားလည်လက်ခံသင့်ပါပြီ။ ပြည်တွင်း စစ်မီးများကြောင့် ကျွန်တော်တို့   ပြည်သူများရဲ့ အသက်အိုးအိမ်ဥစ္စာတွေ၊ လွတ်လပ်ပျော်ရွှင်မှုတွေ ဘယ်လောက်ဆုံးရှုံးခဲ့ရတယ်ဆိုတာ        အားလုံး အသိပင်ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် တိုင်းပြည် ရဲ့   ကံကြမ္မာကိုတောင်   စတေးပေးခဲ့ရပါတယ်။ ယနေ့အချိန်မှာ စစ်ပွဲနဲ့ဖြေရှင်းတဲ့နည်းကို အပြီး အပိုင် စွန့်လွှတ်ကြစေချင်ပါတယ်။

ပြန်ကြည့်ရင်   ညီအစ်ကိုအချင်းချင်း  စစ်ခင်း ကြရတဲ့အတွက် မည်သူနိုင်နိုင် မည်သူရှုံးရှုံး အကြွင်း သုညဂိမ်းသာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံး အနိုင်ရ စေမယ့်နည်းကတော့   ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပြေအလည်ညှိနှိုင်းဆွေးနွေးဖို့သာ    ဖြစ်တယ်။  မိမိတို့မျှော်လင့်ထားသလောက်     အကျိုးရလဒ် မရလင့်စေဦးတော့ ပြည်သူ့မျက်နှာကို ထောက်ထား ပြီး ဆွေးနွေးပွဲ၊  စကားဝိုင်းများမှာ   ခြေမြဲလက်မြဲ ပါဝင်ဆွေးနွေးစေချင်ပါတယ်။ ကျွန်တော်တို့ပြည်သူ တွေကတော့ နောက်တစ်ကြိမ် ပြည်သူကို ကျောခိုင်း ထွက်ခွာသွားခြင်းမျိုး     မပြုလုပ်ကြပါနဲ့လို့သာ ကြိတ်၍ ဆုတောင်းနေမိပါတယ်။     

မည်သို့ပင်ဖြစ်စေ     ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုရဲ့      ပုံသဏ္ဌာန်ဟာ     နိုင်ငံသမိုင်းကြောင်း နောက်ခံအနေအထား၊   ပဋိပက္ခဖြစ်ပွားမှုပုံစံတို့ရဲ့ လွှမ်းမိုးမှုအောက်မှာ       ဖြစ်ပေါ်လာရပါတယ်။ ယနေ့ကျင်းပပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် နှစ်ပေါင်း များစွာ    ကျွန်တော်တို့   မက်ခဲ့မိတဲ့   အိပ်မက်၊ ကျွန်တော်တို့ရဲ့ အနာဂတ်လို့ ဆိုနိုင်ပါတယ်။

 ဖြစ်နိုင်မယ်ဆိုရင် ယနေ့အချိန်မှာ “စစ်”ဆိုတဲ့ အသံပင် မကြားချင်တော့ပါ။   လွတ်လပ်ရေးရပြီး ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ စစ်ပွဲများရဲ့ခါးသီးမှုများက  အင်မတန်အရုပ်ဆိုး      အကျည်းတန်လှပါတယ်။ ထိုခါးသီးမှုတွေကို ကျွန်တော်တို့အားလုံး ဆင်ခြင် သတိပြု    သင်ခန်းစာယူကြရမှာ   ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်မီးများနဲ့ နိုင်ငံရေး မိုးသက်မုန်တိုင်းများကြား  ပြေးလွှားဖြတ်သန်းခဲ့ဖူးသူတစ်ဦးရဲ့ ဖြောင့်ဆိုချက်တစ်ခု ပေးရမည်ဆိုရင် ငြိမ်းချမ်းရေးမရှိရင်  အခြားစီးပွားရေး၊ လူမှုရေး အားလုံး      ပြိုလဲသွားနိုင်တဲ့အတွက်    အနာဂတ် မျိုးဆက်များအတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်းဆုံး ထားပေး ခဲ့ဖို့ အချိန်တန်ပါပြီလို့ ဆိုချင်ပါတယ်။      ။