စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းလှမြို့နယ် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကျွန်းလှ  ၁၈   စက်တင်ဘာ   


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ တရားရေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ရွှေကျွန်းသာခန်းမ၌ ကျင်းပသည်။


တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြီး မိတ်ဆက်စကား ပြောကြားကြသည်။


ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက ကျေးရွာချင်းဆက်လမ်းများအဆင့်မြှင့်တင်ရေး၊ ဆည်ပတ်လမ်းပြုပြင်ပေးရေး၊ သိမ်းဆည်းလယ်ယာမြေ ပြန်လည်ရရှိရေး၊ ကျေးရွာများ လျှပ်စစ်မီးလင်းရေး၊ စည်ပင်သာယာဈေးဖွံ့ဖြိုးရေး၊ သောက်သုံးရေရရှိရေး၊ ရေနစ်မြုပ်လယ်ယာမြေများ အစားထိုးရရှိရေး၊ ထရန်စမော်မာ တိုးချဲ့တပ်ဆင်ပေးရေး၊ ရေလွှဲဆည်တည်ဆောက်ပေးရေး၊ ပုံစံ(၇)ရရှိရေး၊ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းချထားပေးရေး၊ပညာရေး၊ ကျန်းမာရေး စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မေးမြန်းကြရာသက်ဆိုင်ဝန်ကြီးများနှင့် တိုင်းအဆင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။


ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ထပ်မံဖြည့်စွက်ရှင်းလင်းပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရသည်။


အဆိုပါ တွေ့ဆုံပွဲတွင်တိုင်ကြားစာများ လက်ခံဆောင်ရွက်ပေးလျှက်ရှိပြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ တိုင်ကြားစာ(၂၄)စောင်ရှိရာ တာဝန်ရှိသူများကပြန်လည် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးဝင်းညို  (ကျွန်းလှ)