စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ မီးလောင်ဒဏ်ရာများ၊ အဖုအကြိတ်များ အခမဲ့ ခွဲစိတ်ကုသပေးမည်

မုံရွာ  ၁၉ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ မီးလောင်ဒဏ်များနှင့် အဖုအကျိတ် ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ပေးခြင်းကို ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မုံရွာမြို့ ခုတင်(၅၀ဝ)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခြေပူး၊ လက်ပူး၊ မီးလောင်ဒဏ်ရာ၊ အဖုအကျိတ် ဝေဒနာရှင် လူနာ ၁၆၀ ဦးကို ကနဦးစမ်းသပ်မှုများ ပြုလုပ်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာ ၁၂၀ ဦးကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းမှ စတင်ပြီး ခွဲစိတ်မှုများကို နေ့စဉ် နံနက် ၈ နာရီမှ ညပိုင်းအထိ ဂျာမနီနိုင်ငံမှ Inter Plast အသင်းမှ ခွဲစိတ်ဆရာဝန်ကြီး ၃ ဦး၊ မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီး ၁ ဦး၊ မုံရွာပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်များ၊ မေ့ဆေးဆရာဝန်များ၊ သူနာပြုများနဲ့ ပူးပေါင်းကာ ခွဲစိတ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

“စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခြေပူး၊ လက်ပူး၊ မီးလောင်ဒဏ်ရာ၊ အဖုအကျိတ် လေးမျိုးစလုံးကို ခွဲစိတ်မှုလုပ်ပေးနိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်၊ တစ်တိုင်းလုံးမှာရှိတဲ့ ဝေဒနာရှင်တွေကို စုံစုံလင်လင် ဖြစ်အောင်၊ ခွဲနိုင်မယ့်လူဦးရေရအောင်၊ ဘဝကံကြောင့်ခံစားရတဲ့ ဝေဒနာကို တိုးတက်လာတဲ့ ဆေးပညာအရ လုပ်နိုင်ပြီဆိုတာကို တွေ့ရတဲ့အတွက် ဝေဒနာရှင်တွေအနေနဲ့ အဲဒီအခွင့်အရေးတစ်ခုကို ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု အဆိုပါပွဲဖြစ်မြောက်ရေးကို ဦးဆောင်လုပ်ကိုင်သူ ဦးကျော်တင်က ပြောသည်။

အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ မီးလောင်ဒဏ်ရာများ၊ အဖုအကြိတ်များ အခမဲ့ ခွဲစိတ်ကုသခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ စားဖိုမှူးများအသင်းနှင့် ဂျာမနီနိုင်ငံ Inter Plast အသင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး (မုံရွာ)၊ မုံရွာမြို့ပေါ်မှ ပရဟိတအသင်းများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)