စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  သဘာဝဘေးဒဏ်သင့် ကျေးရွာများသို့ ဦးစားပေးစနစ်ဖြင့် ဝါးမျိုးစေ့ အထုပ်များ ဖြန့်ဝေပေးရန် စီစဉ်လျက်ရှိ

မုံရွာ ၅  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်အများဆုံးခံစားရသော ကျေးလက်ဒေသများတွင် လေကာပင်များအဖြစ် စိုက်ပျိုးနိုင်ရေး ဝါးမျိုးစေ့အထုတ်များ ဖြန့်ဝေပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝါးနှင့်သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအသင်း ဥက္ကဋ္ဌ ဦးသန့်ဇင်ထံမှ သိရသည်။

 

 ““ အခုဖြန့်ဝေပေးမဲ့ မျှင်ဝါးဖြူမျိုးက ကောလင်းဒေသမှာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ ဝါးမျိုးဖြစ်ပါတယ်၊ သူကအပူဒဏ်ကိုလည်း ခံနိုင်တဲ့အတွက် အပူပိုင်းဒေသမှာစိုက်ပျိုးဖို့ သင့်လျော်တဲ့ အတွက် ဖြန့်ဝေပေးဖို့ စီစဉ်တာဖြစ်ပါတယ်၊ နှစ်စဉ်သဘာဝဘေးဒဏ်ကို အများဆုံးခံစားနေရတဲ့ ကျေးရွာတွေကို ဦးစားပေးဖြန့်ဝေပေးမှာဖြစ်သလို အရိပ်ရလေကာပင်စိုက်ပျိုးတာတို့ ဝါးမျိုးပျိုးနည်း တွေကို သင်တန်းပေးပြီး လုပ်ဆောင်ပေးသွားဖို့စီစဉ်ထားပါတယ်၊ ဝါးမျိုးအစေ့(၆၀ဝ၀)လောက်ပါတဲ့ နို့ဆီဘူး တစ်ဘူးစာ တစ်ထုပ်နှုန်း ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုး လာစေရန်၊ သဘာဝ ဘေးအန္တရာယ်များကို စုပေါင်းကာကွယ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာစေရန်၊ အရိပ်ရ လေကာပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝဘေးများကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဖြန့်ဝေပေးတာ ဖြစ်ပါတယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်း ဥက္ကဋ္ဌ  ဦးသန့်ဇင်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအသင်း အနေဖြင့် မျှင်ဝါးဖြူ မျိုးစေ့တစ်ထုပ်လျှင် နို့ဆီဘူးတစ်ဘူးနှုန်းဖြင့် ဖြန့်ဝေခြင်းကို ဧပြီလ(၆)ရက်နေ့မှ စတင်ဖြန့်ဝေပေးမည် ဖြစ်ပြီး သဘာဝဘေးဒဏ်သင့် ကျေးရွာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းများ၊ သဘာဝ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူများ၊ အခြားအသင်းအဖွဲ့များသို့ ဦးစားပေးဖြန့်ဝေပေးမည်ဖြစ်ကြောင်းနှင့် မှာယူလိုသူများ အနေဖြင့် ဖုန်းနံပတ် (ဝ၉၄၂၂၁၃၀၃၆၅)ဦးသန့်ဇင်ထံသို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)