စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ ၁၁ ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သော မုံရွာမြို့ရှိ နတ်လူထိပ္ပန် တောင်သူနည်းပညာပေးစင်တာ ဆောင်ရွက်ထားရှိမှုများ ပြသခြင်းနှင့် သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် GAP သီးနှံစတင်ရောင်းချနေမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ဆက်လက်၍  သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က မုံရွာမြို့နယ်အတွင်း IHTDV ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာအတွက် စပါးမျိုးစေ့ ဧက(၂၀)နှင့် ဝါမျိုးစေ့ (၁၀)ဧကတို့အတွက်တို့အပြင် ဟင်းသီးဟင်းရွက်၊ ဝါနှင့် ပဲတီစိမ်းတို့ စိုက်ပျိုးသော တောင်သူများထံသို့ သီးနှံမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နမူနာစိုက်ကွင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။ 

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က   မုံရွာမြို့ပေါ်ရှိ  အဝေးပြေးကားကြီးကွင်း အဆောက်အဦများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ကမ်းနားလမ်း အေးသာယာလမ်းဆုံအား အဖြောင့်ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ အ.ထ.က အမှတ်(၇) ကျောင်းဆောင်သစ် (၁၄၀×၃၀)ပေ၊ အာစီစီ (၃)ထပ် အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအတွင်း သုံးထပ်အဆောက်အဦ တည်ဆောက်ပြီးစီးမှုတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာလုပ်ငန်းများအလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မှီပြီးစီးရေး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းညွှန်းမှာကြားခဲ့သည်။

 

ယင်းနောက် မုံရွာတက္ကသိုလ်အတွင်း တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ စစ်ဆေးနေသော ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က စားသောက်စရိတ်များအဖြစ် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀)နှုန်းဖြင့် ထပ်ဆောင်း၍  စုစုပေါင်းငွေကျပ် (၃၉၉)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ထွန်းကိုကို(ယင်းမာပင်)