စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်ရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အနွေးထည်များ ထောက်ပံ့

မုံရွာ ၁၇ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီက မုံရွာမြို့နယ် မုံ့ရွေး၊ သစ်ဆိမ့်၊ ကျောက္ကာ၊ ပြည်တော်သာနှင့် အလုံ စသည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မိမိတို့ မုံရွာမြို့နယ်အတွင်း COVID-19 ရောဂါအား  ဒေသတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများမှာ လွန်စွာမှ အရေးကြီးသော လုပ်ငန်းဖြစ်၍ COVID-19 ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသောဒေသ၊ Stay At Home သတ်မှတ်ထားသော ဒေသများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသူများအားလုံးကို စစ်ဆေးကြပ်မတ်ရန် အရေးကြီးကြောင်း၊ ယခုလို တိုင်းဒေသကြီးအတွင်းရှိ မြို့အဝင်/အထွက် ဂိတ်များတွင် စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြလို့ အထူးပင်ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားပြီး COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ် (၅)ခုမှ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူ (၈၅)ဦးအတွက် ဆောင်းတွင်းဝတ် အနွေးထည် (၈၅)ထည်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)