စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

====================

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်

လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။

ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၂)ဒီဂရီစင်တီ ဂရိတ် လျော့နည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့သည်။

ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၁)ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် (၆)ဒီဂရီစင်တီ ဂရိတ်နှင့် ကျောက်မဲမြို့၊ လွိုင်လင်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်မှာ ကော့သောင်းမြို့တွင် (၀.၃၂)လက်မ ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့သည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်ဘက် ရေမိုင်(၄၃၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်-အနောက်တောင်ဘက်ရေမိုင်(၅၀၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam)၏ တောင်- အရှေ့တောင်ဘက် ရေမိုင်(၂၇၀)မိုင်ခန့်၊ ဂိုလ်ပါပူ(Gopalpur)မြို့၏ တောင်-အရှေ့ တောင်ဘက်ရေမိုင် (၃၂၀)မိုင်ခန့်နှင့် ပါရာဒစ်ရှ်(Paradip)မြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၃၈၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ     အများအားဖြင့် သာယာမည်။

လာမည့် စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်မှာ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန