စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားရက်သတ္တပတ် အစီအစဉ် ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ထွက်ခွာမည်

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားရက်သတ္တပတ် အစီအစဉ်ကို  ဒီဇင်ဘာ ၂၄ ရက်တွင် စတင်၍ ထွက်ခွာမည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာ ကော်မတီများ၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့် အဖွဲ့များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းမှ မီဒီယာများ လိုက်ပါမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။

 

အဆိုပါ ခရီးစဉ်ကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၆ နာရီမှ စတင်၍ စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာမှ  မီးရထားဖြင့် အင်းတော်သို့ ထွက်ခွာမည်ဖြစ်ပြီး ကသာမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၂၅ ရက်တွင် ကသာမြို့၊ ဗန်းမောက်မြို့ ဇလုံတောင်ခြေ ခမိုးစခန်းဖွင့်ပွဲ၊ အင်းတော်မြို့ရှိ ဆရာပွဲဗုံလုပ်ငန်းတွင် ပြုလုပ်နေသည့် ကမ္ဘာအကြီးဆုံးစည်ကြီး၊ ဂျပန်မြေအောက် ဆေးရုံ၊ မန်လည်တံခွန်တိုင်၊ ဝန်းသိုနှင့် ကောလင်းမြို့များသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ကောလင်းမြို့တွင် ညအိပ်မည်ဖြစ်ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၂၆ ရက်တွင် ကောလင်းမြို့မှ လင်းနို့ဂူ ဖွင့်ပွဲတက်ရောက်ပြီး ရွှေဘိုမြို့သို့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ရွှေဘိုမြို့တွင်  ညအိပ်ရပ်နားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် ရွှေဘိုမြို့မှ နွယ်ငြိမ်းဒေသရှိ စဉ့်ထည်လုပ်ငန်းနှင့် ရှိမ်းမကား တောရကြီးကျောင်း ဘေးမဲ့တောသို့ သွားရောက်လေ့လာမည်ဖြစ်၍ ရှိမ်းမကားမှ မင်းကွန်း၊ စစ်ကိုင်းမြို့များသို့ ဧရာဝတီ ရေလမ်းခရီးအတိုင်း သင်္ဘောဖြင့်သွားရောက်ကာ စစ်ကိုင်းမြို့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

 

ခရီးစဉ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သတင်းမီဒီယာများကို  သတင်းဌာနတစ်ခုလျှင် ဓာတ်ပုံသတင်း မီဒီယာဆိုပါက တစ်ဦး၊ ရုပ်သံမီဒီယာဆိုပါက နှစ်ဦး (လိုအပ်ပါက သုံးဦး) လက်ခံမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးအတွက် ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်များကို  ပေးဆောင်ရန်မလိုဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

ကိုမင်း(အင်းတော်)

SHARE THIS ON SOCIAL MEDIA