စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ချက်များ ရှိနေသေးဟုဆို

မုံရွာ ၂၀  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီးသည် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဒုတိယ အကျယ်ဆုံး တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် ခရီးသွားလုပ်ငန်း အခြေခံ အဆောက်အအုံများ တည်ဆောက်သွားရန် လိုအပ်နေသေးကြောင်း အွန်လိုင်းခရီးသွား လုပ်ငန်းလုပ်ကိုင်သည့် (Flymya.com)မှ ဦးငြိမ်းချမ်းစိုးဝင်းက ပြောသည်။

 

 

''စစ်ကိုင်းတိုင်း ဒေသကြီးဟာ  ဧရိယာအားဖြင့် အရမ်းကျယ်ပါတယ်၊ ခရီးသွားတွေ သွားရောက် လည်ပတ်တဲ့ နေရာတွေလည်း အများကြီးရှိပါတယ်၊ ဥပမာ ကသာခရိုင်ဆို အမွေအနှစ်တွေ ရှိတယ်၊ အဲဒီလိုပဲ ယင်းမာပင် ခရိုင်အတွင်းက ဖိုလ်ဝင်တောင်နဲ့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဆိုရင်လည်း သဘာဝကို နှစ်သက်တဲ့ ခရီးသွားတွေ သွားကြပါတယ်၊ ဒါပေမယ့် တစ်နေရာနဲ့ တစ်နေရာ အလှမ်းကွာဝေးတာကြောင့် နိုင်ငံခြားသား ခရီးသွားတွေ တည်းခိုသွားလာ စားသောက်နိုင်ဖို့ နေရာတွေကို တဖြည်းဖြည်းခြင်းလုပ်သွားရမှာပါ၊ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် တဆင့်ခြင်းအနေနဲ့ လုပ်ဆောင်နေပါတယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာ ခရီးသွားတွေ လည်ပတ်နိုင်ဖို့  အကောင်းဆုံးလို့ ပြောရတာ နည်းနည်းခက်နေပါသေးတယ်'' ဟု အွန်လိုင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် (Flymya.com)မှ ဦးငြိမ်းချမ်းစိုးဝင်းက ပြောသည်။

 

 

စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး သဘာဝခရီးသွားနယ်မြေများ၊ အထင်ကရနေရာများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ အများအပြားရှိပြီး လူမျိုးပေါင်းစုံ နေထိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သဖြင့် ခရီးသွားလုပ်ငန်းများ လုပ်ဆောင်နိုင်သည့် နေရာဒေသများစွာ ရှိနေသော်လည်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လမ်းများ ကောင်းမွန်ရေးသည် အဓိက အခက်အခဲဖြစ်နေကြောင်း သိရသည်။ 

 

ဝင်းဦး(ဇေယျာတိုင်း)