စစ်ကိုင်းမျက်မမြင်ကျောင်း (၁၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

လူမှုဝန်ထမ်းဦးစီးဌာန စစ်ကိုင်းမျက်မမြင်ကျောင်း (၁၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ(၁၆)ရက် နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ တေးဂီတခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာညွန့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အောက်မှာရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနသည် လူ့အသိုင်းအဝိုင်းတွင် အမြဲကြုံတွေ့နေရသည့် လူမှုရေးပြဿနာများကို ဖြေရှင်းရန်၊ ကြိုတင်ကာကွယ်ရန်နှင့် လိုအပ်သည့် ပြန်လည်ထူထောင်မှုများကို လူမှုဝန်ထမ်းနည်းပညာများဖြင့် ဆောင်ရွက်ပေးနေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ စစ်ကိုင်း မျက်မမြင်ကျောင်းကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ဖွင့်လှစ်စဉ်က ကျောင်းသား/ ကျောင်းသူ(၂၅)ဦးသာရှိပြီး ယခုပညာသင်နှစ်တွင် (၅၇)ဦးအထိ ရှိလာခဲ့ရာ တက္ကသိုလ်ဝင်တန်း တက်ရောက်သူ (၃)ဦးရှိကြောင်း၊ (၁၅)နှစ်တာကာလအတွင်း ပညာရေးပိုင်းဆိုင်ရာ ဘွဲ့ရရှိပြီးသူ(၆)ဦး၊ အကြောပြင်အနှိပ် ပညာရပ်ဆိုင်ရာ (၅၈)ဦးနှင့် ဌာနတွင်းဝန်ထမ်း တာဝန်ထမ်းဆောင်နေသူ(၂)ဦး ရှိပြီဖြစ်ကြောင်း၊ ယခင်ပညာသစ်နှစ်များတွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ စစ်ကိုင်းမြို့မှ စာရေးဆရာ မောင်မျက်ရှင်က မျက်မမြင်ကျောင်း (၁၅)နှစ်ပြည့် အမှတ်တရစကား ပြောကြားခဲ့ပြီး ဧမေတ္တာစေတနာရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်နိုင်က အထိမ်းအမှတ် မော်ကွန်းဖတ်ကြား၍ အကြိမ် (၃၀)မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြကာ အလှူရှင်များ လှူဒါန်းငွေများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံပေးခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်