စစ်ကိုင်းမြို့တွင် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

စစ်ကိုင်း  ၁၃  ဇန်နဝါရီ 

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌  ကျင်းပသည်။

 

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပါရဂူခန်းမရှေ့တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ သုံးထပ်ကွမ်း လူရည် ချွန် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့် မောင်ကောင်းမင်းခန့်နှင့် မနှင်းနုနုဝေ တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

222

 

ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ပါရဂူခန်းမတွင် ဆက်လက်ကျင်းပရာ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song ကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို အဓိကပင်တိုင်ပြု၍ အမြို့မြို့ အနယ်နယ်တွင် ကလေးစာပေပွဲတော်များကို ကျင်းပလျက်ရှိပါကြောင်း၊ ယခုလို ကျင်းပ ရာတွင် တိိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နှင့် ခရိုင်အဆင့် ဟူ၍ ကျင်းပပြီး ယနေ့ စစ်ကိုင်းခရိုင်၌  ကျင်းပရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ကျင်းပသည့် ကလေးစာပေပွဲတော်များနည်းတူ စည်ကားစေရန် ကြိုးစားဆောင်ရွက်ကြသည်ကို တွေ့ရှိရပါကြောင်း။

 

ပြီးခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ကလေးစာပေပွဲတော်များကို ကျင်းပပြီး အဆိုပါပွဲတော်များ ကျင်းပရန် ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ခံ့ခံ့ညားညား သိုက်သိုက်ဝန်းဝန်း မဖြစ်နိုင်ပါကြောင်း၊ အခြားသော ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးတွဲပြီးဆောင်ရွက်၍ ယခုကဲ့သို့ အောင်မြင်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်တွင် လူငယ်များ စာပေဖတ်ရှုလိုစိတ် ပျိုးထောင်ပေးရန် ကလေး စာပေပွဲများကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊  ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာအုပ်စာပေများရှိပြီး ကျောင်းသားကျောင်းသူများရှိသော ပညာရေးဌာနနှင့် ပူးတွဲ၍ ကျင်းပရန် ပညာရေးဝန်ကြီးဌာနမှ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်သည့်အတွက် ယခုလိုကလေးစာပေပွဲတော်များ ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး  သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ    ပူးပေါင်းပါဝင်၍ လည်း အောင်မြင်စွာ ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း။  

 

ကလေးများ စာပေဖတ်ရှုလိုစိတ်ဖြစ်ပေါ်စေရန်မှာ တစ်တိုင်းပြည်လုံး၏ အရေးကိစ္စ ဖြစ်သလို မိဘ၊ ဆရာ ဆရာမများနှင့် အများပြည်သူအားလုံး၏ အရေးကိစ္စ ဖြစ်သည့်အတွက် သက်ဆိုင်သူအားလုံး အားတက်သရော ပူးပေါင်းပါဝင်မှသာ စည်စည်ကားကားဖြင့် အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ပါကြောင်း။

 

111

 

ကလေးစာပေပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နှစ်ပိုင်းရှိပါကြောင်း ပထမအချက်အနေဖြင့် လတ်တလော အကျိုးကျေးဇူးရရှိစေရန် ဖြစ်ပါကြောင်း၊ လတ်တလော အကျိုးကျေးဇူးဆိုသည်မှာ အဆိုပါပွဲတော်တွင် ကလေးများ စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ လှုပ်ရှား သက်ဝင်စေရမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနည်းဆုံးကလေးများ ဤပွဲတော်ကို လာရောက်ပြီး ပျော်ရွှင်စရာ အမှတ်တရများကို အသက်ကြီးသည့်လာသည်အထိ သတိတရ ရှိနေစေရန်၊ လှုပ်လှုပ်ရှားရှား သွက် သွက်လက်လက်ဖြင့် ပျော်ရွှင်စေရန် ဖန်တီးပေးခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် ပျော်ရွှင်မှုနှင့်အတူ စာအုပ်၊ စာပေဆိုသည့် ပတ်ဝန်းကျင်နှင့် တွဲဖက်ပြီး ထိတွေ့မှု ရရှိသွားရန် အဓိက ရည်ရွယ်ပါကြောင်း။

 

ဒုတိယအချက်မှာ ကလေးများ စာအုပ်၊ စာပေနှင့် ဆက်စပ်ပြီး ပျော်ရွှင်မှု ရစေရန်   ဖြစ်ပါကြောင်း၊   ယခုပွဲတော် ကျင်းပခြင်းဖြင့် ကလေးများ စုပေါင်းလုပ်ဆောင်လို စိတ်များတွင် စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်လို စိတ်များလည်း ဖြစ်ပေါ်လာရန် ရည်ရွယ်ပါကြောင်း။

 

ထို့ကြောင့်  ပွဲတော်တွင် ပြိုင်ပွဲအများအပြား ထည့်သွင်း၍ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အခြားကလေးများ၏ ယှဉ်ပြိုင်မှုများကိုလည်း လေ့လာ၍ ဗဟုသုတများ ရရှိသွားစေနိုင်ပါကြောင်း၊ ပျော်ရွှင်ရင်း စာပေနှင့် ရင်းနှီးမွေ့လျော်ကာ စာဖတ်ဝါသနာများ ရာသက်ပန် ရရှိသွားခြင်းဖြင့် နိုင်ငံအတွက် အသိပညာ ဗဟု သုတ ပြည့်ဝသည့် လူတော်လူကောင်းများ ဖြစ်လာစေရန်အထိ ရေရှည်အတွက် ရည်မှန်းချက်များထား၍ ကလေးစာပေပွဲများကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ 

 

333

 

ယနေ့ မိမိတို့ နိုင်ငံတွင် စာမသင်ရသေးသည့် ကလေးအရွယ်များအထိ စာပေကို စိတ်ဝင်စားစေရန် ပြုစုပျိုးထောင်ပေးနေပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင်လည်း စာဖတ်နှုန်း မြင့်တက်စေရန် ဆရာဆရာမများ၊ သက်ဆိုင်ရာ စာကြည့်တိုက် ဝန်ထမ်းများ မြို့နယ်ကျေးရွာရှိ ဆရာ၊ ဆရာမများ စာပေဝါသနာရှင်များနှင့် နွေရာသီ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရန် စီစဉ်ထားပြီးဖြစ်သည်ကို အသိပေးလိုပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ အနာဂတ်ထူထောင်ရန်နှင့် လူငယ်များ၏ အနာဂတ်ကောင်းမွန်ရန် ကလေးစာပေပွဲတော်များကို ယခုကဲ့သို့ အားပေးကူညီ ပါဝင်ဆောင်ရွက်ပေးရန်နှင့် ကလေးစာပေပွဲတော်မှ ရရှိသည့် စိတ်ကူးအကြံဉာဏ်ကောင်းများဖြင့် ကလေးများ စာဖတ်ရင်း အသိပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်  ဆက်လက် ပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်က ကျေးဇူးတင်စကား ပြောကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေဖြင့်က ကလေးစာပေပွဲတော် (စစ်ကိုင်းမြို့) ဖြစ်မြောက်အောင် ပါဝင်ကူညီသည့် ကျောက်မျက်လုပ်ငန်းရှင် အသင်း(စစ်ကိုင်း)ဥက္ကဋ္ဌ ဦးအောင်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ဆက်လက်၍ စစ်ကိုင်းမြို့ KID'S SMILE ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်းဖြင့် လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အတုမရှိ ရွှေစစ်ကိုင်း တေးသီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း ခွဲ (ရန်နိုင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက ဆီမီးခွက်အကဖြင့် လည်းကောင်း သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် အခြေခံပညာမူလတန်းကျောင်း(ဒေါင်းမ)မှ ကျောင်းသား၊ ကျောင်းသူ လေးများက သိုင်းအက ဖြင့်လည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ရှမ်းအကဖြင့်လည်းကောင်း၊ အမှတ်(၁) ရွှေသမား ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက ကလေးတို့ရဲ့ စာပေပွဲ ဒိုးပတ်သံ(ဒွေးချိုးကဗျာ)ဖြင့်လည်းကောင်း သီဆို ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူ များသည် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ဖွင့်လှစ်ပြသထားသည့် ပြခန်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စာအုပ်ပြခန်း၊ ကလေးစာဖတ်ခန်း၊ စာအုပ်အရောင်း ဆိုင်များ ခင်းကျင်းပြသထားမှု၊ ပြိုင်ပွဲများ၊ ဆင်အကနှင့် အခြားဖျော်ဖြေပွဲများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

စစ်ကိုင်းမြို့တွင် ကျင်းပသည့် အဆိုပါပွဲတော်ကို ဇန်နဝါရီ   ၁၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ရာ ပွဲတော်အတွင်း ပညာရေးဝန်ကြီးဌာနမှ နည်းပညာတက္ကသိုလ်ပြခန်း၊ အခြေခံပညာကျောင်းများပြခန်းနှင့် ကိုယ်ပိုင်းကျောင်းများမှ ပြခန်းများ၊  ပြည် ထဲရေး ဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ပညာပေးပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ပြခန်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးပြခန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စု တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)ပြခန်းတို့မှ လာရောက်ပြသသည့် အသိပညာပေးပြခန်းများနှင့် စစ်ကိုင်းမြို့ဝန်းကျင်ရှိ ငွေထည် လုပ်ငန်း၊ ကျောက်စိမ်းပုတီးလုပ်ငန်းနှင့် ဂစ်တာလုပ်ငန်း အစရှိသည့်် လက်မှု ထုတ် ကုန်ပြခန်းများ၊ ဒေသထွက်ကုန်ပြခန်းများ အပါအဝင် စုစုပေါင်းပြခန်း ၂၁ ခန်း၊ စာပေ ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စက္ကူ ခေါက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများနှင့်အတူ အားကစားလှုပ်ရှားမှုများအနေဖြင့် ဖူဆယ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ တာရာဂိုးသွင်းပြိုင်ပွဲများနှင့် ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒိသာ ကျွေးမွေး လှူဒါန်းသည့် အစီအစဉ်များအပြင် သုတရသ စာအုပ်မျိုးစုံ လာရောက် ရောင်းချကြသည့် စာအုပ်အရောင်းဆိုင်ပေါင်း ၈၃ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိ ကြောင်း နှင့် အဆိုပါပွဲတော်အား မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုုယ်ပွား)၊ 

 

ဓာတ်ပုံ -အောင်ဖြိုးကျော်

 

444