စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးစစ်ဆေး

စစ်ကိုင်း           ဇူလိုင်   ၁၈

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယခင် ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်သူများအား ရှာဖွေ၍ သက်ဆိုင်ရာ Quarantine Center များတွင် ထားရှိကာ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 “စစ်ကိုင်းခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာအနေနဲ့ ဇူလိုင် ၁၆ ရက်အထိ ၅၀၀ ကျော်လောက် ရှိနေပါတယ်၊ ပိုးတွေ့လူနာ အရေအတွက်က အချိန်နဲ့အမျှ ကိန်းဂဏန်း ပြောင်းလဲမှုတော့ရှိနေမှာပါ’’ ဟု ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသော်တာထက်က ပြောပြသည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး အသက်ကြီး၍ ရောဂါအခံရှိကာ ရောဂါလက္ခဏာ ပြင်းထန် သူများကို ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ထားရှိကုသပေးပြီး သာမန် ရောဂါပိုး လက္ခဏာရှိသူများကို သက်ဆိုင်ရာ ကုသရေးစင်တာများတွင် ထားရှိကာ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့များက စစ်ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)