စစ်ကိုင်းမြို့ရှိ ရှေးဟောင်းသိမ်တော်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းသွားမည်

စစ်ကိုင်း ၆ စက်တင်ဘာ

 

စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ် သမိုင်းဝင်ဝေဠုဝန် ငါးထပ်ကြီးဘုရား အနီး မဟာသိမ်တော်ကျောင်းတိုက် အတွင်းတည်ရှိပြီး ထိုင်း၊ မြန်မာနံရံဆေး ရေးပန်းချီလက်ရာ များစွာရှိနေသော ရှေးဟောင်းမဟာသိမ်တော်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရှေးဟောင်းမဟာ သိမ်တော်ကြီးကို သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ဦးစီးဆောင်ရွက်နေသူ မစ္စတာမစ်ကီဟာ့က ပြောကြားသည်။

 

ရှေးဟောင်း မဟာသိမ်တော်ကြီး တည်နေရာသည် ဧရာဝတီမြစ်ရေကြီးမြင့်ချိန်တွင် နှစ်စဉ် ရေဝင်ရောက်မှုများရှိခြင်း၊ နှစ်ကာလကြာမြင့်နေသည့်အတွက် အမိုးများကြံ့ခိုင်မှုအားနည်း၍ ရေများစိမ့်ဝင်ကာ နံရံဆေးရေးပန်းချီများ ပျက်စီးနိုင်သည့် အခြေအနေများရှိနေခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ရေကာတာနှင့် အမိုး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ရှေးဟောင်းသိမ်တော်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

''လူမျိုးနှစ်မျိုးရဲ့အနုပညာက တစ်နေရာတည်းမှာ ပေါင်းစည်းနေတယ်၊ နှစ် ၂၅ဝ ကျော်သွားပြီဆိုတော့ အချို့နေရာ တော်တော်များများမှာ မရှိဘူး၊ အင်မတန်ရှားတယ်၊ မြန်မာနိုင်ငံမှာဆို ပုဂံခေတ်က ရာဇကုမာရ်ကျောက်စာက ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာနဲ့ ရေးထိုးတယ်၊ ရာဇာကုမာရ်ကျောက်စာက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားပြီ။ အဲ့ဒါကြောင့် သိမ်တော်ကြီးကိုလည်း သဘာဝဘေးအန္တရာယ် မကြုံတွေ့နိုင်အောင်လုပ်ပြီးရင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ တစ်ဆင့်ကြိုးစားသွားမှာပါ''ဟု မစ္စတာမစ်ကီဟာ့က ပြောသည်။

 

ရှေးဟောင်းသိမ်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်က စစ်ကိုင်းမြို့ရှိ Hotel Sagaing၌ ကျင်းပပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပညာရှင်များပါဝင်သော ရှေးဟောင်းသိမ်တော်ကြီး ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

 

ထိုင်း၊ မြန်မာရှေးဟောင်းနံရံဆေးရေး ပန်းချီ လက်ရာများစွာရှိနေသော ရှေးဟောင်း မဟာသိမ်တော်ကြီးကို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ရေကာတာနှင့် အမိုးတည်ဆောက် ခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ကလည်း ယခုနှစ် ဧပြီ ၂၉ ရက်က မဟာသိမ်တော်ကျောင်းတိုက်၌ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)