စစ်ကိုင်းမြို့နယ်အတွင်း ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်စည်းကမ်း မလိုက်နာသူများအား ငွေဒဏ်သာပေးဆောင်စေခဲ့ပြီး တည်ဆဲဥပဒေအရ အရေးယူခဲ့ခြင်းမရှိ

စစ်ကိုင်း၊  ၁၉  ဒီဇင်ဘာ

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာမှုများအား ပညာပေးကာလ ကျော်လွန်လာပြီဖြစ်၍ ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ကာ အထူးကြပ်မတ် စိစစ်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက်က စည်းကမ်းမလိုက်နာသူ ၂၄ ဦးအား စိစစ်ရေး အဖွဲ့များမှ ငွေဒဏ်ဖြင့် အပြစ်ပေးခဲ့ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။  

မြို့နယ်အတွင်း စည်းကမ်းမလိုက်နာ၍ အပြစ်ပေးခံရသူ ပထမနေ့တွင် ၇၆ ဦး၊ ဒုတိယနေ့တွင် ၅၈ ဦး၊ တတိယနေ့တွင် ၂၈ ဦး၊ စတုတ္ထနေ့တွင် ၂၄ ဦးတို့ဖြစ်ကာ စတင်စိစစ်သည့် ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၈ ရက် ညနေအထိ စုစုပေါင်း ၁၈၆ ဦးအား သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကြောင့်  ငွေဒဏ်သာ အပြစ်ပေးခဲ့ကြပြီး ယနေ့အထိ တည်ဆဲဥပဒေအရ အရေးယူခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း အဆိုပါစိစစ်ရေးအဖွဲ့များ ထံမှသိရသည်။                                                                                     

မျိုးဝင်း(ပြန်/ဆက်)