စစ်ကိုင်းမြို့ အရုဏ်တော်ဝတ်အသင်းများ ဝါတွင်းကာလ ဆွမ်းပန်း ရေချမ်းများ ကပ်လှူပူဇော်သည့်ဓလေ့ ကိုဗစ် - ၁၉  ရောဂါကြောင့် မပြုလုပ်နိုင်

စစ်ကိုင်း ၃  သြဂုတ်

စစ်ကိုင်းမြို့ရှိ အရုဏ်တော်ဝတ်အသင်းများသည် ဝါတွင်းကာလ ဘုရားစဉ်ဘုရားပွဲတော်များကို လိုက်လံ၍ ဆွမ်း၊ ပန်း၊ ရေချမ်း စသည့်ရှိသည်တို့ကို လိုက်လံကပ်လှူလျက်ရှိရာမှ ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်အတွက် ဆွမ်းကပ်လှူဒါန်းမှုများ မပြုလုပ်နိုင်ခဲ့ကြောင်း အရုဏ်တော်ဝတ်အသင်းများထံက သိရသည်။

 

စစ်ကိုင်းမြို့၏ ဝါတွင်းသုံးလ ဘုရားစဉ်ပွဲများကို နှစ်စဉ်ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ''ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း၊ နန်၊ လေး၊ ပ၊ ထူ၊ ရှင်၊ ငါး၊ အောင်၊ ကောင်း''ဟူ၍ အပတ်စဉ် ဥပုသ်နေ့တိုင်း ကျင်းပလျက်ရှိရာမှ ယခုနှစ်တွင် Covid -19 ကပ်ရောဂါဖြစ်ပွားနေသည့်အတွက်  ဗုဒ္ဓဇနိယပွဲတော်များ မကျင်းပရခြင်း၊ စေတီတော်များအတွင်း ဝင်ရောက်ဖူးမြောက်ခွင့်များ ပိတ်ထားခြင်းတို့ကြောင့် အရုဏ်တော် ဝတ်အသင်းများမှလည်း  ဆွမ်း၊ ပန်း၊ ရေချမ်း စသည့်ရှိသည် တို့ကို လိုက်လံကပ်လှူခြင်း အစဉ်အလာ ပျက်ခဲ့ရကြောင်း မိုးဇာအရုဏ်တော်အသင်းမှ ဦးဇော်မြင့် ကပြောသည်။

 

''ဒီနေ့ ဆွမ်းဦးပုညရှင် ဘုရားပွဲမှာ ဘုရားကလည်း ပိတ်ထားတော့ အရုဏ်တော်အသင်းတွေ မသွားနိုင်ကြဘူး၊ ကိုဗစ်-၁၉ကြောင့် ဘုရားစဉ်ပွဲတွေလည်း ကျင်းပခွင့်မရသေးဘူး၊ ဘုရားစေတီတွေလည်း ပိတ်ထားတယ်။ ဒါကြောင့် အရုဏ်တော်ဝတ်အသင်းတွေလည်း မသွားကြတော့ဘူး။ အရုဏ်တော်တွေက  ဘုရားစဉ်ပွဲတွေကို လိုက်လံပြီး ဆွမ်းမကပ်လှူတော့ဘူးဆိုတာ ပြောလို့ မရသေးပါဘူ။ ပြန်ဖွင့်တဲ့အချိန်မှာ ကျင်းပမယ့် ဘုရားစဉ်ပွဲကနေစပြီး သွားရောက်ကပ်လှူမှုတွေ လုပ်ကြမှာပါ။ covid ကာလ ထိန်းချုပ်ကာလ သတ်မှတ်ရက် ထပ်မတိုးတော့ဘူးဆိုရင် စတဲ့ ဘုရားစဉ်က သွားကြမှာပါပဲ" ဟု ၎င်းကပြောသည်။

 

စစ်ကိုင်းမြို့နယ်ရှိ အရုဏ်တော် ဝတ်အသင်းများမှာ မိုးဇာအရုဏ်တော်၊ ကျောက်တာ အရုဏ်တော်၊ ပန်းဘဲတန်းအရုဏ်တော်၊ နန်းဦးမြို့သစ်အရုဏ်တော် ရိုင်တန်း အရုဏ်တော်၊ ဗျဉ်းညားအရုဏ်တော်၊ စျေးကုန်းအရုဏ်တော်၊ တကောင်းအရုဏ်တော်၊ ညောင်ကုန်း အရုဏ်တော်၊ ဒါးဝယ်စျေးအရုဏ်တော်၊ ဘော်ဂါအရုဏ်တော်၊ ဝါးချက်အရုဏ်တော်၊ သာစည်အရုဏ်တော်စသည့် အရုဏ်တော် ဝတ်အသင်းတို့ ရှိပြီး အရုဏ်တော်ဝတ်အသင်း တစ်သင်းတွင် လူဦးရေ ၂၀၀ မှ ၄၀၀ ကြားထိရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။   

 

စစ်ကိုင်းမြို့နယ်ရှိ အရုဏ်တော် ဝတ်အသင်းများသည် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုရားစဉ် လှည့်လည်၍  ဆွမ်းတော်ကြီးကပ်လှူကြရာ၌ ရပ်ကွက်အလိုက် ကျေးရွာအလိုက်  စည်းကား သိုက်မြိုက်စွာ ကပ်လှူပူဇော်ကြပြီး စစ်ကိုင်းမြို့တွင် ဝါတွင်းကာလ  ဘုရားစဉ်လှည့်လည်၍ ဆွမ်းကပ်လေ့ အစဉ်အလာမှ" ဥသြမြည်ဟည်း ဆွမ်းတော်ကြီး"ဟူ၍  သက္ကရာဇ် ၁၁၅၆ ခုနှစ် ဘိုးတော် ဘုရားလက်ထပ်က စတင်ပေါ်ပေါက်ခဲ့ရာ ယခုအခါတွင် နှစ်ပေါင်း(၂၂၅) နှစ်ပင်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ခိုင်ဇေယျ