စစ်ကိုင်းခရိုင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကျေးရွာပြည်သူများသို့ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေး

စစ်ကိုင်း ၃၀  ဒီဇင်ဘာ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ လင်းတလူး၊ မာလဲတောကျေးရွာသို့ ဒီဇင်ဘာ (၃၀) ရက်၊ နံနက် (၉) နာရီမှစ၍ စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

 

12192

 

“ ကျွန်တော့ ကျေးရွာပြည်သူတွေ စာဖတ်ကြတာတွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုဆို နှစ်ပတ်တစ်ကြိမ် ပုံမှန်ဖြစ်နေတော့ စာဖတ်ဖြစ်ကြတယ် အမျိုးသမီးတွေက ပိုပြီးစာဖတ်ကြတာကို တွေ့ရတယ်။ အမျိုးသားတွေကတော့ လုပ်ငန်းလုပ်နေကြတော့ စာမဖတ်ဖြစ်ကြသေးဘူး။ တဖြည်းဖြည်းနဲ့တော့ ဖတ်လာကြမှာပါ " ဟု လင်းတလူးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဇူဇူအောင်ကလည်း " ဒီနေ့ မှာတော့ကျေးရွာနှစ်ရွာကိုပဲ စာအုပ်တွေအခမဲ့ငှားရမ်းပေးခဲ့ပါတယ်။ ဒီတစ်ပတ်ကျောင်းတွေပိတ်ထားတော့ ကျော်ဇေယျာကျောင်းကိုတော့ မငှားပေးခဲ့ရပါဘူး။ ကျောင်းပြန်ဖွင့်မှပဲ ငှားပေးတော့မယ်" ဟု ပြောသည်။ 

စစ်ကိုင်းခရိုင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၊ အခြေခံပညာ ကျောင်းများသို့ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ သွားရောက်၍ တစ်နေရာလျှင် နှစ်ပတ်တစ်ကြိမ်နှုန်းဖြင့် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။
    
ဇော်မြင့်နိုင် (စစ်ကိုင်းခရိုင်ပြန်/ဆက်)