စစ်ကိုင်း၊ မုံရွာနှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အထင်ကရ နေရာများသို့ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပ ခရီးသွား (၁၅၀၂၃၁)ဦး ဝင်ရောက်လည်ပတ်ခဲ့

မုံရွာ ၇  ဇန်နဝါရီ

 

စစ်ကိုင်း၊မုံရွာ၊ယင်းမာပင်နှင့်ဝက်လက်မြို့နယ်အတွင်းရှိ အထင်ကရ နေရာများသို့(၂၀၁၉)ခုနှစ်အတွင်း ပြည်ပ ခရီးသွားဧည့်သည် (၁၅၀၂၃၁)ဦးဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။

 

 ““ နိုင်ငံခြား ခရီးသွားဧည့်သည်တွေ စိတ်အေးချမ်းသာစွာ ဝင်ရောက်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ခရီးသွား ဝင်ရောက်လာမှုကလည်း တိုးတက်လာတယ်၊ နောက်ထပ်နေရာအသစ်တွေကိုလည်း ထပ်မံအကောင်အထည်ဖော် လုပ်ဆောင် နေပါတယ်၊ ပြည်ပခရီးသွားတွေက ပြည်တွင်းမှာရှိတဲ့ ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ တွေနဲ့ ချိတ်ဆက်ပြီး လာတာရှိတယ်၊ တိုင်းဒေသကြီးအတွင်းမှာ အထင်ကရနေရာတွေ အများကြီးရှိတယ်၊ သူတို့ဘယ်လိုပဲ လာလာ ဒေသခံပြည်သူတွေအတွက်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရှိလာမှာဖြစ်ပါတယ်”” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။

 

၂၀၁၉ ခုနှစ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် စစ်ကိုင်းမြိ့နယ်အတွင်းရှိ မင်းကွန်းဒေသသို့ နိုင်ငံခြား ခရီးသွားဧည့်သည် (၁၃၅၃၇၆)ဦး၊ မုံရွာမြို့နယ်အတွင်းရှိ မိုးညှင်းသံဗုဒ္ဓေဘုရားသို့ (၄၈၂၀)ဦး၊ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်သို့ (၇၂၄၂)ဦး၊ ရွှေဘတောင်သို့ (၂၄၁၀)ဦး၊ ဝက်လက်မြို့နယ် ဟန်လင်း မြို့ဟောင်းသို့ (၂၅၈)ဦးနှင့် ရွှေဘိုမြို့ရှိ ရွှေဘိုနန်းတော်ကြီးသို့ (၁၂၅)ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)