စစ်ကိုမရပ်ချင်သူသည်သာ စစ်ကိုအစပျိုးခဲ့သူဖြစ်သည်နှင့် ယနေ့ကမ္ဘာ့ပဋိပက္ခများ၏ တရားခံ

 

မိုးမြင့်

 

ယနေ့ကမ္ဘာကြီးကို  ထိပ်တိုက်ရန်စောင်မှုများနဲ့အတူ စစ်မီးလျှံထဲ တွန်းပို့နေတာ ဘယ်သူဖြစ်မလဲဟူ၍ မေးခွန်းထုတ်ဖြစ်ခဲ့ ရင် အဖြေက အမေရိကန်နိုင်ငံရေး ခေါင်းဆောင်တွေကိုပဲ ပြေးမြင်မိတယ်။

 

ယူကရိန်း - ရုရှား ပဋိပက္ခနဲ့အတူ ယနေ့ကမ္ဘာ့ပဋိပက္ခပေါင်းစုံရဲ့ တရားခံအစစ်ကို မြင်အောင် ကြည့်သင့်ပါတယ်။ သမိုင်းမှာ အမေရိကန်နဲ့ အနောက်အုပ်စုဟာ ရုရှားကို အချိန်ပြည့်ရန်လိုခဲ့ကြတယ်။ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ပူးပေါင်းအလုပ်လုပ်ကြရမယ့်အစား ရုရှားကို အမြဲဆန့်ကျင်ခဲ့ကြတယ်။ ယူကရိန်းသမ္မတ ဇာလန်စကီးကိုယ်တိုင် နှစ်ပေါင်းများစွာ သူ့ပြည်သူနဲ့ အထူးသဖြင့် ယူကရိန်းလူငယ်တွေကို ရုရှားလူမျိုးတွေအပေါ် မုန်းတီးနေအောင် စိတ်ဓာတ်ရေးရာအရ ဝါဒဖြန့်ရိုက်သွင်းထားခဲ့ကြတယ်။ အတိတ်က ညီအစ်ကိုတွေလိုနေခဲ့ကြတဲ့ ရုရှားတွေကိုဆန့်ကျင်ပြီး အနောက်အုပ်စုအလိုကျ ရုရှားဆန့်ကျင်ရေးစာပေတွေကို ယူကရိန်းကျောင်းတွေမှာ သင်ကြား ပို့ချခဲ့ကြတဲ့ အထောက်အထားများစွာ ရှိပါတယ်။

 

ရောဘတ်အက်ဖ်ကနေဒီဂျူနီယာရဲ့ မှတ်ချက်စကားအရ

 

အထက်ပါအချက်တွေကို ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်တဲ့ ရောဘတ်အက်ဖ်ကနေဒီဂျူနီယာရဲ့ မှတ်ချက်စကားကို ကိုးကားပြီး ပြောလို့ရပါတယ်။ သူ့အနေနဲ့ လက်ရှိသမ္မတ ဘိုင်ဒင်နဲ့ အစိုးရအဆက်ဆက်ကို ကိုလိုနီလက်သစ်ဝါဒီတွေအဖြစ် ဝေဖန်ခဲ့ပါတယ်။ လက်ရှိ ယူကရိန်းသမ္မတ ရုရှားမုန်းတီးရေးဝါဒီ ဇာလန်စကီးအနေနဲ့ ရုရှားနဲ့ဖြစ်မယ့်စစ်ပွဲကို " I will not join NATO" လို့ စကားလုံး ငါးလုံးသာပြောပြီး ရှောင်ရှားလို့ရတဲ့အခြေအနေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီလို မလုပ်ခဲ့ဘူးလို့ ကနေဒီကဆိုပါတယ်။ အိမ်ဖြူတော်က ကိုလိုနီလက်သစ်တွေရဲ့ ဖိအားကို လွန်ဆန်ရမဲ့အစား ရုရှားကိုပစ်မှတ်ထားတဲ့ အေဂျစ်အမျိုးအစား နျူကလီးယားဒုံးကျည်တွေကို မိုင်ပေါင်း ၁၂၀၀ ခန့်အထိကပ်နေတဲ့ ရုရှားနယ်စပ်မှာ ချထားဖို့ ကြိုးစားခဲ့ပါတယ်။

 

ဒီအချက်ဟာ ရုရှားအစိုးရက အကြိမ်ကြိမ်သတိပေးထားတဲ့ ကျော်ဖြတ်ဖို့မသင့်တဲ့ သတ်မှတ်ချက် red line တစ်ခုပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အပြန်အလှန်လေးစားမှုနဲ့ နားလည်မှုရှိသင့်တဲ့ သတ်မှတ်စည်းတစ်ခုပါပဲ။ ကနေဒီဂျူနီယာဟာ လက်ရှိ အိမ်ဖြူတော်အသိုင်းအဝိုင်းကို ဖက်ဆစ်များလို့ သမုတ်ခဲ့ပြီး သူတို့ဟာ ယူကရိန်းစစ်အပါအဝင် လက်ရှိနိုင်ငံတကာရေးရာတွေမှာ အမှားများစွာ ကျူးလွန်ခဲ့ကြတယ် လို့ ဝေဖန်ခဲ့ပါတယ်။

 

မှန်လည်းမှန်ပါတယ်။ ယနေ့ အိမ်ဖြူတော်ရှိ neocolonialism တွေရဲ့ မဆင်မခြင် ပြုမူမှုတွေကြောင့် အချိန်မရွေး နျူစစ်ပွဲအောက်ရောက်နေတဲ့ ကမ္ဘာကြီး၊ အကျပ်အတည်းမျိုးစုံနဲ့ ဆိုးရွားလာနေတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ အဖြစ်များဟာ အလွန်ကိုမဖြစ်သင့်တဲ့ အရာများပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လိုလားသူ ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်မဆို အလေးအနက်ထား စဉ်းစားဆင်ခြင်ရမယ့် အရာများဖြစ်ပါတယ်။

 

ကမ္ဘာ့ပြည်သူတွေရဲ့ငြိမ်းချမ်းရေးကို အဓိကခြိမ်းခြောက်နေတဲ့ ယူကရိန်းပဋိပက္ခကို အမြန်ဖြေရှင်းရမယ့်အစား မီးလောင်ရာလေပင့် စစ်ပွဲကိုပိုကြီးမားလာအောင်၊ ယူကရိန်းပြည်သူတွေ သွေးချောင်းစီးအောင် လုပ်သလိုဖြစ်နေပါတယ်။ အကဲခတ်ရသလောက်တော့ လက်ရှိအမေရိကန် အစိုးရနဲ့ အင်္ဂလန်ကလွဲလို့ ဥရောပနိုင်ငံအများအပြား အမေရိကန်နိုင်ငံရေး ခေါင်းဆောင်အချို့ အပါအဝင် ကမ္ဘာ့ပြည်သူအားလုံးက ဒီစစ်ကြီးကို အမြန်ရပ်ပြီး ငြိမ်းချမ်းချင်နေကြပါပြီဆိုတာ သိသာလာနေပါတယ်။

 

NATO ကို တိုးချဲ့လို့ ဖြစ်ခဲ့တဲ့စစ်၊ ယခုလည်း အနီရောင်မျဉ်းကို ဖြတ်ကျော်ဆဲ

 

ယူကရိန်းကို နေတိုးထဲဆွဲသွင်းဖို့ ကြံစည်ရာက အစပြု၊ ရုရှားနိုင်ငံကြီးရဲ့ အချုပ်အခြာအာဏာကို ထိပါးစေမယ့် နယ်ပယ်ချဲ့ထွင်မှုမျိုး ဘယ်တော့မှ မလုပ်ပါဘူးဆိုတဲ့ နေတိုးရဲ့ ကတိပေးထားချက်ကို ဖောက်ဖျက်ပြီး ရုရှားတို့ သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းကို အကြိမ်ကြိမ်ကျော်ဖြတ်ခဲ့ကြတဲ့အတွက် ယနေ့အထိ မပြီးနိုင်မစီးနိုင်ဖြစ်နေရတဲ့ ရုရှား - ယူကရိန်းစစ်၊ ယခုတစ်ဖန် ကရင်မလင်နန်းတော်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တင်းမာမှုဟာ ပိုမိုဆိုးရွားလာပြန်ပါတယ်။

 

နော်ဒစ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဖင်လန်ဟာ နေတိုးအဖွဲ့ဝင် ဖြစ်သွားတဲ့အတွက်လည်း ဒေသတွင်း ပဋိပက္ခအသွင်ဟာ ပိုပြီးကြီးထွားလာခဲ့တယ်။ ဖင်လန်တင်မက ရုရှားကိုပိုပြီးဖိအားပေးနိုင်ဖို့ ဆွီဒင်ကိုပါ နေတိုးထဲဆွဲသွင်းနေဆဲပါ။ ကာဒ်ကိစ္စကြောင့် နေတိုးအဖွဲ့ဝင် တူရကီက လက်မခံသေးလို့သာ ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး နှောင့်နှေးနေရခြင်းဖြစ်ပါတယ်။ ဆွီဒင်သာ နေတိုးအဖွဲ့ဝင်ဖြစ်သွားရင် ရုရှားနဲ့ နေတိုးကြားမှာ အဆိုးရွားဆုံး ပိုပြီးတင်းမာလာမယ့် အနေအထားရှိပါတယ်။ ဒီအချက်ကို အမေရိကန်ကလည်း ကောင်းကောင်းသိပါတယ်။

 

ကမ္ဘာသူ ကမ္ဘာသားအားလုံး အလွန်ကိုမှ စိုးရိမ်နေကြတာကဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ ယူဆနေကြတဲ့ တတိယ ကမ္ဘာစစ်ကြီးကိုပါ။ စစ်ကြီးများ၊ စစ်ပွဲများရဲ့ ဆိုးကျိုးတွေကို စစ်ဒဏ်ခံခဲ့၊ ခံရဆဲ ကမ္ဘာ့ပြည်သူတွေက ပိုပြီးစိုးရိမ်ထိတ်လန့်ကြတာ သဘာဝကျပါတယ်။ စစ်ရဲ့ဆိုးရွားလှတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင် အားလုံး မသိသူမရှိပါဘူး။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ခေတ်အဆက်ဆက် အမေရိကန် ခေါင်းဆောင်တွေဆိုတာက ကိုရီးယား၊ ဗီယက်နမ်၊ အီရတ်၊ လစ်ဗျား၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား စတဲ့နိုင်ငံ တွေကို ကျူးကျော်ဝင်ရောက်ပြီး စစ်ပွဲတွေကို ကိုယ်တိုင်ဖန်တီးယူခဲ့ကြသူတွေပါ။

 

ယနေ့လည်း ယူကရိန်းစစ်မှာ ယူကရိန်းပြည်သူတွေ ဒီလောက်သေကျေ ဒုက္ခရောက်နေတာတောင် ဇာလန်စကီးကို လက်နက်တွေ အဆက်မပြတ်ပေးပို့ပြီး စစ်ဆက်တိုက်ခိုင်းနေတာကို ကြည့်ခြင်းဖြင့် ယူကရိန်းပြည်သူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုရက်နိုင်တဲ့၊ အံ့ဩဝမ်းနည်းစရာကောင်းတဲ့ အမေရိကန်နိုင်ငံရေး သမားတွေရဲ့ အတ္တကိုသာ တွေ့မြင်ရပါတော့တယ်။ ထိုနည်းတူ ယူကရိန်းပြည်သူ တွေနဲ့ ယူကရိန်းနိုင်ငံကြီး ပျက်စီးနေတာကို ဝမ်းသာလုံးဆို့နေကြတဲ့ အမေရိကန် လက်နက်ကုမ္ပဏီတွေနဲ့ အမေရိကန်ရေနံစီးပွားရေးသမားကြီးတွေရဲ့ ကုပ်သွေးစုပ် အမြတ်ထုတ်ကွက်တွေကိုလည်း မြင်အာင်ကြည့်စေလိုပါတယ်။

 

စစ်တကယ်ဖြစ်လျှင် ဘယ်သူအကျိုးရှိနိုင်မလဲ

 

စစ်ဖြစ်ရင် တကယ်အကျိုးများသွားတာက အမေရိကန်သာဖြစ်တဲ့အတွက် အမေရိကန်ကလွဲပြီး ဘယ်နိုင်ငံကမှ စစ်မဖြစ်ချင်ကြပါဘူး။ အမေရိကန်ဟာ ယူကရိန်းမှာ ရုရှားကို စစ်မီးမွှေးပေးပြီး ယခု ထိုင်ဝမ်မျက်နှာစာမှာလည်း တရုတ်ကို မီးရှို့နေပါတယ်။ ယူကရိန်းစစ်မှာ ရုရှားကို နိုင်ငံတကာဥပဒေတွေ အပြင်းထန်ဆုံးချိုးဖောက်သူ အကြမ်းဖက်သမားအဖြစ် ပုံဖော်ပြီး ယနေ့ ယူကရိန်းစစ်ရဲ့ အဓိကလက်မည်းကြီးကို မမြင်နိုင်အောင် ဖုံးကွယ်ဖို့ကြိုးစားနေ ခြင်းဖြစ်ပါတယ်။

 

ဒီမိုကရေစီနဲ့ အာဏာရှင်၊ အဖျက်စွမ်းအားကြီးလက်နက်များနဲ့ အကြမ်းဖက်ကိစ္စ အမျိုးမျိုး အကြောင်းပြပြီး အီရတ်၊ လစ်ဗျား၊ အာဖဂန်နဲ့ ဆီးရီးယားနိုင်ငံတွေကို ဝင်ရောက်ကျူးကျော်ခဲ့ပေမယ့် တကယ့်အကြောင်းရင်းက လောဘဇောတက်နေတဲ့ အမေရိကန်နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေရဲ့ အကျူးကျော်ခံရတဲ့ နိုင်ငံများဆီက ရေနံလောင်စာစွမ်းအင် အရင်းအမြစ် တွေကို သိမ်းပိုက်လက်ဝါးကြီးအုပ်ဖို့နဲ့ ရုရှားနဲ့ တရုတ်တို့ရဲ့ရန်ကို အကြောင်းပြပြီး အမေရိကန် လက်နက်ကုမ္ပဏီတွေကနေ လူသတ်အဖျက်လက်နက်များကို ကမ္ဘာပတ်ရောင်းချပြီး အမြတ်ထွက်ပေါ် ရေးက အဓိကအကြောင်းရင်းများသာ ဖြစ်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

 

စီးပွားရေးသမားတွေရဲ့ အမြတ်အစွန်းက အမေရိကန်နိုင်ငံရေး လောကအပေါ်လည်း လွှမ်းမိုးမှု ရှိပြန်ပါတယ်။ ရုရှားရန်ကို အကြောင်းပြပြီး နေတိုးအဖွဲ့ဝင်အသစ် ဖင်လန်နဲ့ ဆက်စပ်နိုင်ငံတွေ အပါအဝင် အချို့နေတိုးနိုင်ငံတွေဟာ ယခုကို အမေရိကန်ဆီက လက်နက်တွေ ဝယ်နေရပါပြီ။ တရုတ်ရန်ကို အကြောင်းပြပြီးမှ အမေရိကန်လက်နက်တွေဟာ ထိုင်ဝမ်နဲ့ ဆက်စပ်အာရှနိုင်ငံတွေဆီ အမေရိကန်လက်နက်တွေ စီးဝင်နေပါပြီ။ ထို့ပြင် ဖိလစ်ပိုင်မှာလည်း အမေရိကန်ဖက်က စစ်စခန်းများ တည်ဆောက်ခွင့်ကို ရရှိလိုက်ပါပြီ။

 

စစ်ရဲ့ဆိုးကျိုးများကို သိသော်လည်း

 

စစ်ဆိုတာ မကောင်းမှန်းသိသော်လည်း ဒီမိုကရေစီအကြောင်းပြပြီး သွေးချောင်းစီးစစ်ပွဲတွေကို ဖန်တီးနေ ကြဆဲဖြစ်ပါတယ်။ ဒီမိုကရေစီမရှိလို့ဆိုပြီး ပြည်တွင်းစစ်တွေ ဖန်တီး၊ သွေးကွဲအောင် သွေးခွဲ၊ ရန်တိုက်ပေး၊ အိမ်ကြက်ချင်း ခွပ်ခိုင်းပြီး ညီညွတ်မှုမရှိအောင်လုပ်...။ နဂိုကတည်းက ဒီမိုကရေစီ မရှိတာက ဘာမှမဖြစ်ဘူး။ ဒီမိုကရေစီမရလို့ ရအောင်လုပ်ကာမှ လူ့အသက်တွေ မတန်တဆ ပေးဆပ်နေကြရတယ်။ စစ်ဒဏ်ခံနိုင်ငံတိုင်းမှာ မြို့အနှံ့၊ ရွာအဆုံး ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေ၊ သေကျေပျက်စီးမှုတွေ၊ စစ်ဘေးရှောင် ဒုက္ခသည် အနိဋ္ဌာရုံတွေနဲ့ ဘယ်လိုမှ မြင်ရက်၊ ကြားရက်စရာမရှိပါဘူး။

 

ယခု ရုရှား- ယူကရိန်းစစ်မှာလည်း ဘယ်အချိန်ဘယ်လိုပြီးမယ် မသိနိုင်ပါဘူး။ လက်ရှိမှာတော့ ကမ္ဘာမှာ တရုတ်၊ ရုရှား ဦးဆောင်အုပ်စုနဲ့ အမေရိကန်နေတိုးအုပ်စု အင်အားစုနှစ်ခုဟာ မထင်မရှား စည်းရုံးလှုပ်ရှား နေကြပါပြီ။ အမေရိကန်ဟာ တစ်ဖက်မှာ ယူကရိန်းကို လက်နက်ခဲယမ်းထောက်ပံ့ပြီး ရုရှားကို ထိန်းနေသလို အရှေ့ဘက်မှာလည်း တရုတ်ကိုထိန်းဖို့ တရုတ်ရဲ့ထွက်ပေါက် တွေကို ပိတ်ဆို့ဖို့ လှုပ်ရှားမှုခပ်စိပ်စိပ်လေး လုပ်လာတာ သတိထားမိပါတယ်။

 

အထူးသဖြင့် အနောက်ဘက်က မေ့ထားလို့မရတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံထဲက ဖိလစ်ပိုင်မှာပါ။ တရုတ်နိုင်ငံကိုထိန်းဖို့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံနဲ့လည်း ဆက်စပ်နေတာမို့ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ ထိုအချက်ဟာ မြန်မာပြည်သူတွေဘက်က အလေးအနက်ထားစရာ အရေးကိစ္စတစ်ခုဖြစ်နေ ပါတယ်။ မြန်မာပြည်တွင်းရေးကိစ္စတချို့ အပေါ်မှာ ပွဲ့လန့်ဖျာခင်း ၊ attention ရှာကြမယ့်သူတွေက မြန်မာပြည်သူတွေကို ကမ္ဘာစစ်မီးလျှံထဲ တွန်းပို့လာနိုင်မယ့် အရေးကို စေ့စေ့တွေးမြော်၍ ခပ်လေးလေး သဘောထားသင့်ပါတယ်။

 

အာရုံလွှဲကိုယ်စားပြုစစ်ပွဲဖန်တီးမှုများ ရှိလာနိုင်

 

ကမ္ဘာကြီးမှာ ယနေ့ပဋိပက္ခအခြေ အနေတွေကနေ လွန်မြောက်နိုင်ခြင်းရှိ၊ မရှိ ဆန်းစစ်တဲ့နေရာမှာ အချို့သော ပဋိပက္ခများကို အမေရိကန်အစိုးရရဲ့ ပြည်တွင်း၊ ပြည်ပ အခြေအနေတချို့နဲ့လည်း ဆက်စပ်ပြီး စဉ်းစားနိုင်ပါတယ်။ ယူကရိန်းကို အလွန်အကျွံ ပံ့ပိုးမှုတွေနဲ့အတူ ပြည်တွင်းမှာစီးပွားရေး ကျဆင်းလာမှု၊ အမေရိကန်ဒေါ်လာ ပုန်ကန်ခံရမှုနဲ့ ငွေကြေးအကျပ်အတည်း၊ ပြည်ပ ဩဇာသက်ရောက်မှု အားနည်းလာတဲ့ အခြေအနေတွေ၊ အမေရိကန်သမ္မတနဲ့ သူ့သားရဲ့ ပြစ်မှုတွေကြောင့် ဒီမိုကရက်တွေအပေါ် ပြည်သူထောက်ခံမှုကျဆင်းလာတဲ့ အခြေအနေ အရပ်ရပ်ကြောင့် အစိုးရရဲ့ နေဝင်ချိန်ပုံရိပ်ကို ပြန်တင်ဖို့ မလွဲမသွေ ကြိုးစားလာနိုင်ပါတယ်။

 

ရှုံးမှန်းသိသာလာနေတာကို အာရုံလွှဲတဲ့အနေနဲ့ ကမ္ဘာ့ဒေသတချို့မှာ ရန်စမှုတွေပြုလုပ်ပြီး ပြဿနာမျိုးစုံဖန်တီး၊ ဒေသတွင်းကိုယ်စားပြု proxy war စစ်ရေးနှိုးဆွမှုတွေ ရှိလာနိုင်ပါတယ်။ တိုက်ဆိုင်စွာပဲ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အကြိမ်ကြိမ်ပြုလုပ်၊ တင်းမာနေတဲ့ ကိုရီးယား ကျွန်းဆွယ်ကို နျူကလီးယားသင်္ဘောစေလွှတ်ပြီး မြောက်ကိုရီးယားကို ရန်စခြင်း၊ ရေနံဆီတင်သင်္ဘောကိစ္စကို ပြဿနာဖန်တီးပြီး အီရန်ကို စစ်ရေးအရဖိအားပေးခြင်း ဒီကိစ္စရပ်တွေဟာ အမေရိကန်ရဲ့ ကျဆင်းလာတဲ့ ပုံရိပ်နဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက် လာနေမှုများအဖြစ် သုံးသပ်မိပါတယ်။

 

 နိဂုံးချုပ်ရရင်တော့ ယနေ့ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် ဖြေဆေးဟာအမေရိကန် ခေါင်းဆောင်တွေအပေါ်မှာပဲ မူတည်နေပါတယ်။ ဘရာဇီးသမ္မတ လူလာ ပြောသလို အမေရိကန်အနေနဲ့ ယူကရိန်းစစ်ကို အားပေးအားမြှောက်မပြုတော့ဘဲ ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးနိုင်စွမ်းအားလုံးကို အသုံးချသွားမယ်ဆိုရင် ယခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ အလိုအလျောက် ချုပ်ငြိမ်းသွားနိုင်ပါတယ်။ စစ်ပွဲရဲ့ အကြောင်းတရား ဘယ်လိုပဲရှိခဲ့ရှိခဲ့ ယနေ့လက်တွေ့မှာတော့ ယူကရိန်းစစ်ပွကို မရပ်စေဘဲ စစ်ပွဲအရှိန်မြှင့်ဖို့ ကြိုးစား နေတဲ့ လက်သည်တရားခံဟာ ဘယ်သူလဲဆိုတာ ရှင်းနေပါတယ်။

 

တရုတ်နိုင်ငံဘက်က လမ်းပြဖော်ဆောင်မယ့် ငြိမ်းချမ်းရေးတံခါးကို ပိတ်ခဲ့တာလည်း အမေရိကန်တွေပါပဲ။ စစ်ပွဲပြီးဖို့ ငြိမ်းချမ်းရေးစကားပြောသူမှန်သမျှ အမေရိကန်ရဲ့ အပြစ်တင်မှုက မလွတ်ကင်းခဲ့ပါဘူး။ နောက်ဆုံး ဇာလန်စကီး ကိုယ်တိုင် စစ်ကိုရပ်ချင်ရင်တောင် ရပ်လို့ရမယ့် အခြေအနေကို ယခုအခါ မမြင်မိသေးပါ။ ရုပ်သေးအစိုးရတစ်ဖြစ်လဲ သမ္မတရဲ့အဖြစ်က ထိန်းချုပ်သူများရဲ့ ကြိုးဆွဲရာကရမယ့်အဖြစ် ရောက်ရှိနေတာကို သင်ခန်းစာယူသင့်ပါတယ်။

 

ယခုအချိန်မှာတော့ စစ်ကိုရပ်စေချင်သူနဲ့ စစ်ကိုလိုလားသူ၊ ဘယ်သူက မင်းသား ဘယ်သူက လူဆိုးလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။ စစ်ကို မရပ်စေချင်သူသည်သာ စစ်ကိုအစပျိုးသူ ဖြစ်ခဲ့သည်...ဆိုတဲ့ အချက်တစ်ချက်ကိုတော့ ဆက်စပ်စဉ်းစားမိပါရဲ့။