မန္တလေး ၆ ဇူလိုင်
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၃ မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း ၂၄၉ ရွာအား တစ်ရွာလျှင် သိန်း ၁၀၀ နှုန်းထောက်ပံ့ပြီး မိသားစုများဝင်ငွေရရှိစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မန္တလေး)မှ သိရသည်။
အဆိုပါစီမံကိန်းသည် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၄၉ ရွာကို ရွေးချယ်အတည်ပြု၍ ဆောင်ရွက်သွား မည်ဖြစ်ကာ လက်ရှိအချိန်တွင် ကျေးရွာများ၌ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးအတွက် ကွင်းဆင်း ရွေးချယ်မှုများပြုလုပ်နေပြီး စီမံကိန်းလုပ်ငန်းများကို ဇူလိုင်လလယ်ပိုင်းမှစတင်ကာ စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။
"စီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ ထိခိုက်လွယ်မိသားစုတွေ၊ လက်လုပ်လက်စား မိသားစုတွေနဲ့ အမျိုးသမီးဦးဆောင်တဲ့ မိသားစုတွေကို ဝင်ငွေရစေချင်လို့ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ သဘောပါ။ ဝင်ငွေရစေချင်တော့ ပိုက်ဆံကိုတိုက်ရိုက်မထောက်ပံ့ဘဲနဲ့ သူတို့ရဲ့လုပ်အားကိုရယူပြီး လုပ်အားခကိုပေးချေတဲ့ သဘောပါ။ ယခုလပထမပတ်ထဲမှာ ကျေးရွာတွေအတည်ပြုပြီးတော့ ဒုတိယပတ်ထဲမှာ ဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ပြောသည်။
အဆိုပါ Cash For Work စီမံကိန်းသည် ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများပြုပြင်ခြင်း၊ ရေနုတ်မြောင်းများပြုပြင်ခြင်း၊ မိုးရေလှောင်ကန် များ တူးဖော်ပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ မြေသားလမ်းများခင်းခြင်း စသည့် လုပ်ငန်းများကို ကျေးရွာ လူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်း စနစ်ဖြစ်ပြီး ၎င်းလုပ်ငန်းများဆောင်ရွက်ရာတွင် ထောက်ပံ့ငွေ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို လုပ်အားခအဖြစ် အသုံးပြုသွားမည်ဖြစ်ကာ ကျန်သည့် ၆၀ ရာခိုင်နှုန်းကို ပစ္စည်းတန်ဖိုး အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
Cash For Work စီမံကိန်းဖြင့် မိသားစုများဝင်ငွေရရှိစေရန် ဆောင်ရွက်သွားမည့် မြို့နယ်များမှာ အမရပူရ၊ မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကိုင်၊ တံတားဦး၊ သာစည်၊ မြင်းခြံ၊ နွားထိုးကြီး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ ညောင်ဦး၊ တောင်သာ၊ ပုသိမ်ကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်း၊ ငါန်းဇွန်၊ ပြင်ဦးလွင်နှင့် မလှိုင် စသည့် မြို့နယ်များရှိ ကျေးရွာပေါင်း ၂၄၉ ရွာတွင် အကောင်အထည်ဖော် ဆောက်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


