စွဲလမ်းစေတတ်သော

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

စွဲလမ်းစေတတ်သော

ကျွန်တော်တို့ မြတ်စွာဘုရားဟောကြားခဲ့တာ တခုရှိပါတယ်။ လူမှန်ရန် စွဲလမ်းမှုတဏှာမကင်းတဲ့ အရူးတွေချည်းပဲတဲ့။ မှန်ပါတယ်။ လူသားတွေဟာ လူ၊အရာဝတ္ထု၊ အတွေးအခေါ်၊ နေရာ စသဖြင့် ပြောလို့ မကုန်နိုင်အောင် စွဲလမ်းတတ်ကြပါတယ်။ ဒီလို စွဲလမ်းတတ်ကြတဲ့ အရာတွေထဲကမှ လူအများစုစွဲလေ့ရှိတဲ့ အမူအကျင့်/ပစ္စည်း/စားသောက်ဖွယ်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ စမတ်ဖုန်း

ဒါကတော့ ပြောဖို့တောင် သိပ်မလိုပါဘူး။ ဒီနေ့ခေတ် အရွယ်သုံးပါးဟာ စမတ်ဖုန်းတွေရဲ့ ကျွန်ဖြစ်နေပါပြီ။ ဖုန်းတွေကို (အင်တာနက်ကို) အလွန်အကျွံ သုံးစွဲခြင်းဟာ လူမှုဆက်ဆံရေး ထိခိုက်ခြင်း၊ အလုပ်ကို ထိခိုက်ခြင်း၊ မျက်စိနဲ့ အာရုံကြောအပါအဝင် ခန္ဓာကိုယ်ကို ထိခိုက်ခြင်း စသဖြင့် ဆိုးကျိုးတွေ ပြောမဆုံးပေါင် တောသုံးတောင် ရှိနေပါတယ်။

 

၂။ ကဖင်း (ကော်ဖီ)

ကော်ဖီစွဲတာ အပြစ်ကြီးတခု မဟုတ်ပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါ။ အိပ်ယာထလို့ ကော်ဖီလေး တခွက်လောက်မှ မသောက်လိုက်ရရင် စိတ်ဓာတ်ကျချင်သလိုလို၊ ခေါင်းကိုက်သလိုလို ဖြစ်နေမယ်ဆိုရင်တော့ သင်ကော်ဖီစွဲနေပါပြီ။

 

၃။ ချောကလက်နဲ့ အချိုတွေ

ဒါတွေဟာလည်း သင်စားပေးရမယ့် အစားအစာတွေထဲမှာ ပါဝင်သလို ကျန်းမာရေးအတွက် အထောက်အကူ ပြုတဲ့ အာနိသင်တွေကို ရရှိစေတာလည်း အမှန်ပါ။ဒါပေမယ့် ချောကလက်နဲ့ အချိုတွေဟာ မစားရမနေနိုင် အောင် စွဲလမ်းလာစေနိုင်ပြီး ဒီလို စွဲလာမယ်၊ အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေအပြင် တခြားရောဂါတွေပါ ရလာနိုင်ပါတယ်။

 

၄။ လောင်းကစား

လောင်းကစားဟာလည်း လှုပ်လေမြုပ်လေ အမျိုးဖြစ်တဲ့အပြင် ရှုံးတဲ့အခါ ဖိစီးသောကရောက်ရတတ်တာမို့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အထွေထွေကို ထိခိုက်စေနိုင်ပါတယ်။

 

၅။ အလှအပရေးရာ ခွဲစိတ်ခြင်း

ဒါ စွဲတတ်လို့လား?သိပ်စွဲတတ်တာပေါ့။ ဂျပန်၊ ကိုရီးယားလို နိုင်ငံတွေမှာ အကြိမ်ပေါင်းရာနဲ့ချီ၊ ထောင်နဲ့ချီ ခွဲစိတ်ထားသူတွေမှ ပုံလို့ပါ။ ကျွန်တော်တို့ နိုင်ငံမှာလည်း အလှအပရေးရာ ဆေးခန်းတွေ ပေါများ ခေတ်စားလာခြင်းနဲ့အတူ botox လေးထိုးဦးမှ၊ နှာခေါင်းလေးချွန်ဦးမှ၊ filler လေးထိုးဦးမှ၊ V-shape လေးလုပ်ဦးမှ စသဖြင့် အသေးစားပြုပြင်မှုတွေကနေ အကြီးစား ခွဲစိတ်မှုတွေအထိ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလို ပြုလုပ်ကြပါတယ်။ ဒါဟာ ကာယကံရှင်တဦးတည်းကသာ သတိထားမိနိုင်မယ့် ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေအပေါ်မှာ အလွန်အကျွံ အာရုံစိုက်မိ၊ စွဲလမ်းနေမိတဲ့အတွက်ပါလို့ ဆိုပါတယ်။

 

၆။ နေဆာလှုံခြင်း

ဒီအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်ကလူတွေနဲ့ သိပ်မဆိုင်လှဘဲ ဗဟုသုတအနေနဲ့သာ ထည့်ပြောခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ နေဆာမလှုံချင်မှ အဆုံး မဟုတ်လား။နေရောင်နဲ့ အထိအတွေ့နည်းပြီး အမြဲအုံ့မှိုင်းနေတဲ့ နိုင်ငံတွေမှာတော့ သူတို့ရဲ့ အသားအရေ ဖြူရော်ရော်ကို သဘောမကျဘဲ ညိုတိုတိုလေးနဲ့ လှချင်တဲ့ သူတွေကတော့ နေဆာလှုံတာကို စွဲစွဲလမ်းလမ်းကြီး ပြုလုပ်လေ့ရှိကြပါတယ်။ဒါပေမယ့် ဒီလို နေဆာလှုံတာကို စွဲသွားရင်လည်း ကမ်းခြေသွားဖို့ ငွေကုန်ကြေးကျများတဲ့အပြင် အရေပြားကင်ဆာ အပါအဝင်း အသားအရေနဲ့ ပတ်သက်တဲ့ ပြဿနာအများအပြားကို ကြုံတွေ့လာရနိုင်ပါတယ်။ဒီနိုင်ငံမှာ လူလာဖြစ်တာကို ကျေးဇူးတင်ကြပါ။

 

၇။ လိင်မှုရေးရာများကို စွဲလမ်းခြင်း

ဒါဟာ ဘိန်းစွဲသလို စွဲတာမျိုး မဟုတ်ပေမယ့် လိင်စိတ်နှိုးဆွတဲ့ စာအုပ်စာပေတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေကို မကြည့်ရမနေနိုင်၊ လိင်မှုအာရုံကို မခံစားရ မနေနိုင်လောက်အောင် စွဲလမ်းနေသူတွေ အများအပြားရှိပြီး လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေအပါအဝင် ဥပဒေရေးရာပြဿနာတွေနဲ့ပါ ရင်ဆိုင်ရကိန်း ရှိနေပါတယ်။ လိင်စိတ်ဟာ လူသားတွေအတွက် မရှိမဖြစ်နီးပါး လိုအပ်တဲ့ သဘာဝတရားတခုဖြစ်ပေမယ့် စွဲလမ်းတပ်မက်မှု အားကြီးလာရင်တော့ မကောင်းပါဘူး။

 

၈။ ဂိမ်းစွဲခြင်း

ဂိမ်းအမျိုးမျိုးကို စွဲလမ်းခြင်းဟာ ကလေးတွေမှ၊ လူငယ်တွေမှ မဟုတ်ဘဲ အရွယ်သုံးပါးလုံး ခံစားရနိုင်ပါတယ်။ အဓိကအားဖြင့် ဦးနှောက်နဲ့အာရုံကြော၊ အမြင်အာရုံ၊ ကျောင်းတွင်းစွမ်းဆောင်ရည် စတာတွေကို ထိခိုက်ကျဆင်းစေတဲ့ ဂိမ်းစွဲခြင်းဟာလည်း အငိုလွယ် အရှိုက်ခက်ဆိုသလို စွဲလွယ်ပြီး ပြန်ကုရခက်တဲ့ ရောဂါမဟုတ်သော ရောဂါတခုပါ။

 

ဒါတွေကတော့ လူသားတွေ စွဲလမ်းလေ့ရှိတဲ့ အရာတွေပါ။ မူးယစ်ဆေးစွဲသလို၊ အရက်ဆေးလိပ်စွဲသလိုကြီး ကျန်းမာရေးအတွက် ဗြုန်းစားကြီး အန္တရာယ်ရှိတာ၊ ဥပဒေနဲ့ ငြိစွန်းနေတာမျိုး မဟုတ်ပေမယ့် လူတယောက်ရဲ့ ကိုယ်စိတ်နှလုံးသုံးပါးကို ထိခိုက်စေတဲ့ စွဲလမ်းမှုတွေပေါ့။ ကျွန်တော်တို့တွေဟာ အသက်ရှင်နေထိုင်စဉ် ကာလမှာ လူ၊ ပစ္စည်းအရာဝတ္ထု စတာတွေကို သုံးစွဲရပါတယ်။ ဒီလို ‘သုံး’တဲ့ နေရာမှာ မ ‘စွဲ’ စေဖို့ ကြိုးစားရပါမယ်။ဒါမှသာ ကိုယ့်အတွက်ရော၊ကိုယ့်ဘေးနားက ချစ်သူခင်သူတွေအတွက်ပါ ကောင်းကျိုးချမ်းသာ တွေ ဖြစ်ပေါ်လာနိုင်မှာပါ။ မှတ်သားဖူးတဲ့ စကားလေးတခွန်းကို ပြန်လည်ဝေမျှရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

 

“ သုံးသာသုံးလေ မစွဲစေနဲ့၊စိတ်နေအေးမြမည်” ပါတဲ့။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_60.jpg