စာတတ်သူတိုင်း စာဖတ်ရေးအခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

“စာတတ်သူတိုင်း စာဖတ်ရေး” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လူထုလှုံ့ဆော်မှု အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ  ဒုတိယအကြိမ်  အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စာတတ်သူတိုင်းစာဖတ်ရေး အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက်  အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က စာတတ်သူတိုင်း စာဖတ်ရေး  အခမ်းအနား ကျင်းပမည့် ရည်ရွယ်ချက်၊ ကျင်းပမည့်နေရာ၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများနှင့် ဆုပေးပွဲများ၊ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာအုပ်ဈေးရောင်းပွဲတော် ပြုလုပ်မည့် အစီအစဉ်များ၊ ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊  အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ Forever Group Co.Ltd ၊ ရွှေသံလွင်မီဒီယာ၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များက စာတတ်သူတိုင်း စာဖတ်ရေး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု၊ ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

စာတတ်သူတိုင်း စာဖတ်ရေး အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရေးနှင့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်နိုင်စေရေးအတွက် နှိုးဆော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပမည်ဖြစ်သည်။

 

ဖွင့်ပွဲအခမ်းအနားနှင့်အတူ ဝန်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုကောင်းမွန်သည့် စာကြည့်တိုက်များကို ဆုချီးမြှင့်ခြင်း၊ စာပေဆိုင်ရာ ဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲများ၊ အသိပညာပေး ပြခန်းများ၊ ရှေးဟောင်းပေစာများ၊ ရွှေပေလွှာနှင့် ပုရပိုက်များ၊ ကျောက်စာများ၊ ခေတ်နှင့်အညီ ပြောင်းလဲဆောင်ရွက်လာသည့် စာပေဆိုင်ရာများ၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်နှင့် အမျိုးသားမော်ကွန်းတိုက်များမှ ရှေးဟောင်းစာရွက်၊ စာတမ်းများ၊ စာအုပ်စာပေ ထိန်းသိမ်းဆောင်ရွက်နေမှုများ စသည့် စာပေဆိုင်ရာပြခန်းများ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ရှန်တီစေတနာ့ဝန်ထမ်း ဖောင်ဒေးရှင်းတို့၏ နယ်လှည့်စာကြည့်တိုက် ပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်များ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

(သတင်းစဉ်)