စားသုံးသူရေးရာ ဦးစီးဌာနက အသုံးပြုရန် မရှိသည့် မြေယာများအား နိုင်ငံတော်သို့ ပြန်လည် လွှဲပြောင်းပေးအပ်

မြောင်းမြ ၃ ဇန်နဝါရီ     

 

စားသုံးသူရေးရာ ဦးစီးဌာနက အသုံးပြုရန် မရှိသည့် မြေယာများအား နိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြောင်းမြခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလွင်က စားသုံးသူရေးရာ ဦးစီးဌာနက အသုံးပြုရန် မလိုအပ်တော့သည့် မြေကွက်များအား နိုင်ငံတော်ကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်သည်။

 

"မြောင်းမြခရိုင် စားသုံးသူရေးရာ ဦးစီးဌာနက အသုံးပြုရန် မရှိတော့တဲ့ မြေကွက် များကို နိုင်ငံတော်ကို ပြန်လည်အပ်နှံခြင်း ဖြစ်ပါတယ်၊ ဒီကနေ့ အပ်နှံတာမှာ အိမ်မဲမြို့နယ်က မြေကွက် ၅ ကွက်၊ မြောင်းမြမြို့နယ်က မြေကွက် ၁ ကွက်၊ စုစုပေါင်း ၆ ကွက်ကို နိုင်ငံတော်ကိုယ်စား အထောက်အထား စာရွက်စာတမ်းတွေ ပြန်လည် အပ်နှင်းတာ ဖြစ်ပါတယ်" ဟု မြောင်းမြခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလွင်က ပြောကြားသည်။

 

စားသုံးသူရေးရာ ဦးစီးဌာနမှ နိုင်ငံတော်သို့ ပြန်လည် အပ်နှံရန် မြောင်းမြခရိုင်အတွင်း မြောင်းမြမြို့တွင် ၇ ကွက်၊ ဝါးခယ်မမြို့တွင် ၅ ကွက်၊ အိမ်မဲမြို့တွင် ၅ ကွက်ပေးအပ်ရန်ရှိပြီး ပြန်လည်အပ်နှံ မြေကွက်များကို လယ်ယာမြေ စီမံခန့်ခွဲရေးစာရင်းအင်းဦးစီးဌာန၊ မူလမြေပိုင်ရှင်နှင့် တိုက်ဆိုင် စစ်ဆေးကာ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အောင်မင်း (မြောင်းမြ)