စားသုံးဆီနှင့် စက်သုံးဆီ ချွေတာကြမယ်ဆိုရင်….

(အောက်တိုဘာ ၃၀ ရက်နေ့မှအဆက်) 

မော်တော်ကားတွေသာမက ကျောက်မီးသွေးသုံး စက်ရုံတွေမှာလည်း နည်းပညာတွေ မြင့်မားလာတဲ့အတွက် ဂျပန်၊ ဂျာမနီ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွေမှာ ကျောက်မီးသွေးသုံးစက်ရုံကို ၂၀၄၀ ပြည့်နှစ်အထိ ဆက်လက်အသုံးပြုမယ်လို့ သိရပါတယ်။ လျှပ်စစ်စွမ်းအင်ထုတ်ရာမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပနဲ့ ဂျပန်နိုင်ငံတို့ဟာ ကျောက်မီးသွေး၊ ရေနံ၊ အဏုမြူစွမ်းအင်နဲ့ ရေအားလျှပ်စစ်စွမ်းအင် အရင်းအမြစ်ကို အခြေခံပြီး လျှပ်စစ်ဓာတ်ကို ထုတ်ကြရပါတယ်။ လျှပ်စစ်နဲ့ပဲ ပစ္စည်းမျိုးစုံကိုထုတ်၊ အလုပ်လုပ်ကြပါတယ်။

နေရောင်ခြည်သုံးလျှပ်စစ်

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၅-၁၀ ရာခိုင်နှုန်းသော အိမ်ရာအဆောက်အအုံတွေအတွက် နေရောင်ခြည်သုံးပြီး လျှပ်စစ်ထုတ်ဖို့ စီမံခဲ့တာလည်းတွေ့ရပါတယ်။ ပေကျင်းမြို့တော်က တစ်သန်းသော အိမ်ရာမိသားစုအတွက် ကျောက်မီးသွေးလောင်စာအစား နေရောင်ခြည်စွမ်းအင်ကို သုံးခြင်းဖြင့် လေထုတွင်းရောက်သွားမယ့် ကာဗွန်မိုနောက်ဆိုက် (CO) တန် ၇ ဒသမ ၇ သန်း လျှော့ချနိုင်ခဲ့ပါတယ်။ ၁၀ နှစ်အတွင်းမှာ ဆာလ်ဖာဒိုင်အောက်ဆိုက် ဓာတ်ငွေ့တန်ချိန် သုံးသောင်းငါးထောင်နဲ့ ဖုန်မှုန့်အမှုန်တန်တစ်သောင်းတစ်ထောင်တို့ကို လျှော့ချ နိုင်ခဲ့ပါတယ်။ ဒါဟာ လေထုညစ်ညမ်းမှုကင်းဝေးရေး မဟာစီမံကိန်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

တစ်နည်းအားဖြင့် ကျောက်မီးသွေးသုံးလျှပ်စစ်ပမာဏ တစ်နာရီမှာ ကီလိုဝပ် ခြောက်ဘီလီယံကို ချွေတာနိုင်ခဲ့ပါတယ်။ မြန်မာတို့ဟာ စားသုံးဆီ၊ စက်သုံးဆီ၊ လျှပ်စစ်အထိ အရာရာမှာ အလေအလွင့်အဟောသိကံ မဖြစ်ဖို့၊ ချွေတာဖို့ ဆက်လက်ကြိုးပမ်း နေကြရမှာ ဖြစ်ပါတယ်။ 

ဥပမာ တောင်ပေါ်ဒေသတွေမှာသုံးတဲ့ စက်သုံးဆီဟာ 92 ပဲဖြစ်ရမယ်လို့ ဓာတုဗေဒသဘောအရ သိရှိရပါတယ်။ 95 ဖြစ်ဖို့မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တောင်ပေါ်ဒေသလေထုဟာ အောက်ဆီဂျင်နည်းလို့ဖြစ်ပါတယ်။
ဒါကြောင့် 95 အောက်တိန်းဓာတ်ဆီဟာ စွမ်းအားရှိသလောက် မလောင်ကျွမ်းလို့ အလေ အလွင့်များပါတယ်။ 92 အောက်တိန်းကတော့ တောင်ပေါ်ဒေသတွေမှာ အသင့်တော်ဆုံးဓာတ်ဆီ လောင်စာဆီဖြစ်ပါတယ်။ ဒါကြောင့် တောင်ပေါ်ဒေသတွေမှာ ကားကောင်းစီးကြသူတွေဟာ 92 ဓာတ်ဆီဆိုရင် လုံလောက်ပါပြီ။ 95 RON ဖြစ်ဖို့ မလိုအပ်လို့ ကုန်ကျစရိတ်နည်းသွားမှာလို့ ပြောချင်ပါတယ်။ 

အမေရိကန်တို့ဟာ စက္ကူဟောင်းတွေကို နှစ်စဉ်တန်ချိန် ၁၈ သန်းအထိ ပြန်လည်သုံးစွဲ နိုင်တဲ့အတွက် ၁ ဒသမ ၁ သန်းသော သစ်တော သစ်ပင်တို့ကို ထိန်းသိမ်းနိုင်လို့ သစ်တောတွေဟာ ညို့နေပါတယ်။ များစွာသော အမေရိကန်မြို့ပြတွေဟာ အမျိုးသားလေထုညစ်ညမ်းမှုစံချိန်ကို မမီနိုင်ဘဲ ဖြစ်နေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အိုဇုန်းနဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ပမာဏ လေထုအရည်အသွေးအညွှန်း (Air Quality Index Values 0-50) အကောင်းဆုံး သုညမှ ၅၀ ကို မရောက်နိုင်သေးတာပဲ ဖြစ်ပါတယ်။ 

၅၁ မှ ၁၀၀ ဆိုရင် အတော်အသင့်ကောင်းပြီး ၁၀၁ မှ ၁၅၀ အထိ ရောက်သွားပြီဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ၃၀၁ မှ ၅၀၀ အထိ လေထုအရည်အသွေးပမာဏ ရောက်ပြီဆိုရင်တော့ အန္တရာယ်အဆင့်ရောက်သွားပါပြီ။ ရန်ကုန်တို့၊ မန္တလေးတို့ဆိုတာ အခြေအနေကောင်းနေပါတယ်။ ရန်ကုန်မြို့ဟာ အဲဒီအဆင့် ရောက်လာပြီဆိုရင် မွန်းကျပ်၊ အသက်ရှူမဝ၊ သွားလို့လာလို့မရဖြစ်သွားပါလိမ့်မယ်။ 

ကာဗွန်မိုနောက်ဆိုက်အန္တရာယ်

ကျွန်တော်တို့တစ်တွေဟာ နေ့စဉ်နေ့တိုင်းလေကို လီတာ ၁၀၀၀၀ နဲ့ ၂၀၀၀၀ ကြားမှာ ရှူရှိုက်ပါတယ်။ သာမန်အရည်အသွေးရှိတဲ့လေ တစ်ကုဗမီတာထဲမှာ ကာဗွန်မိုနောက်ဆိုက် ၅၀၀၀ မိုက်ခရိုဂရမ် ပါဝင်လေ့ရှိပါတယ်။ သို့သော် ခဏတစ်ဖြုတ် ဒီလိုလေမျိုးရှူရှိုက်မိရင်လည်း အန္တရာယ်မကြီးနိုင်ပေဘူး။ ဒါပေမဲ့ ဒီလေမျိုးကို ရက်ရှည်လ များ ရှူနေရင်တော့ တစ်နေ့မှာ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ပြီး သွေးလည်ပတ်မှုပြတ်တောက်နိုင်ပါတယ်။ 
ကာဗွန်မိုနောက်ဆိုက်နဲ့ ဆက်စပ်တဲ့အန္တရာယ်ကို စဉ်းစားကြည့်ရင် ဒီဓာတ်ငွေ့ဟာ လေထုထဲမှာ တန်ပေါင်းသန်းချီပြီးရှိနေပါတယ်။ ဒီလောက်များပြားပေမယ့် ဒီဓာတ်ငွေ့ရဲ့ အန္တရာယ်ဟာ တစ်နေရာနဲ့တစ်နေရာ မတူညီတာတွေ့ရပါတယ်။ တချို့နေရာတွေမှာ ဒီဓာတ်ငွေ့ပမာဏဟာ လေထုတွင်း မပြောပလောက်အောင် နည်းနေတတ်ပါတယ်။ ကာဗွန်မိုနောက်ဆိုက်ဟာ စက်ချို့ယွင်းနေရင် သော်လည်းကောင်း၊ လေဝင်လေထွက် မကောင်းရင်သော်လည်းကောင်း အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ဒီဓာတ်ငွေ့နဲ့ပတ်သက်ပြီး အန္တရာယ်ဘယ်လောက်ရှိတယ်ဆိုတာကို ဒီဓာတ်ငွေ့ရှိနေတဲ့ နေရာမှာ ဘယ်လောက်ကြာကြာ ထိတွေ့ရှူရှိုက်မိသလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ 

ဥပမာဆိုရင် လက်တင်အမေရိကနိုင်ငံတွေက မြို့ကြီးတွေမှာ စုစုပေါင်း ၈၁ သန်းသော လူထုဟာ မီးခိုးတလူလူနဲ့ မွန်းကျပ်နေတဲ့လေထုမှာ နေထိုင်ကြရတယ်လို့ဆိုပါတယ်။ မြို့ကြီးပြကြီးတွေမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို သူသူငါငါ ရှူရှိုက်ရင်း ပျော်စရာပဲလို့ ထင်နေတဲ့လူထုထဲမှာ ခင်ဗျား၊ ကျွန်တော်ပါဝင်နေတတ်ပါလိမ့်မယ်။ ရန်ကုန်မြို့ကြီးဟာ ဒီအခြေအနေအထိ မဆိုးသော်လည်း လူစီးမော်တော်ကားတွေ များတာကြောင့် လေထုဟာညစ်ညမ်းလာပါတယ်။ ကာဗွန်မိုနောက်ဆိုက်နဲ့ အိုဇုန်းဓာတ်ငွေ့တွေဟာ လမ်းသွားလမ်းလာတွေအတွက် အထိုက်အလျောက် အန္တရာယ်ပြုနေပေလိမ့်မယ်။ အများသုံးဘတ်စ်ကားတွေ များများပြေးဆွဲနိုင်ရင် အဆိပ်ဓာတ်ငွေ့ အန္တရာယ်က ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မြို့ပတ်ရထားတွေ ပိုပြီးပြေးဆွဲရင် ရန်ကုန်မြို့ကြီးရဲ့လေထုဟာ ပိုသန့်ရှင်းလာပါလိမ့်မယ်။ လမ်းဘေးဝဲယာတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကို စုပ်ယူမယ့် သစ်ရွက်ကြွေနည်းတဲ့ သစ်ပင်ပန်းပင်တွေစိုက်လို့ရှိရင်လည်း လေထုဟာသန့်ရှင်းပြီး မြင်ရသူ ကြည်နူးမယ့်ပန်းအလှတွေ ဝေဆာနေရင် စိတ်ပူလောင်ခြင်းကင်း၊ ဒေါသကင်းတဲ့ ပတ်ဝန်းကျင်ဟာ ကိုယ့်အနီးအနားမှာတွေ့ရမှာ ဖြစ်ပါတယ်။ 

အင်တာနက်ကြောင့် 

ကမ္ဘာကြီးဟာ ကျေးရွာကြီးလိုဖြစ်သွားစေတာ အင်တာနက်ကြောင့်၊ World Wide Web (WWW) ကြောင့် နီးကပ်လာပါတယ်။ နယ်စပ်ကို ဖြတ်ကျော်နိုင်တာ တွေ့ရပါတယ်။ လူကိုယ်တိုင်သွားစရာမလိုတဲ့ လုပ်ငန်းတွေကို ပြုလုပ်နိုင်တဲ့အတွက်ကြောင့် လောင်စာဆီပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ကာ ကမ္ဘာကြီးပူနွေးမှုကိုပင် လျှော့ချနိုင်ပါတယ်။ အင်တာနက်ဟာ လောင်စာစွမ်းအင်ကိုများစွာ သက်သာစေပါတယ်။ စွန့်ဦးတီထွင်သူတွေ၊ ကုမ္ပဏီသစ်တွေနဲ့ လုပ်ငန်းမိုဒယ်သစ် (New Business Model) တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပေါ်လာတာ တွေ့ရပါတယ်။ မြို့တွင်းဆိုင်ကြီး တွေသာမက ရန်ကုန် - မန္တလေး အဝေးပြေးလမ်းမဘေးက စားသောက်ဆိုင်တွေမှာပင် တက်ဘလက် (Tablet) သုံးပြီး ကြိုက်ရာမှာစား ငွေရှင်းတဲ့စနစ်တွေဟာ ဝိုင်ဖိုင်အင်တာနက်ပေါ်မှာ တည်ထောင် တာပဲဖြစ်ပါတယ်။ လူ့ရဲ့ခွန်အားစွမ်းအင်ဆိုင်ရာတွေ၊ အချိန်ကုန်တာတွေကို များစွာသက်သာစေတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဘေးက ကာကွယ်ရာရောက်ပါတယ်။ လူ့ပတ်ဝန်းကျင်ကို အမှီပြုပြီး သက်ရှိမှန်သမျှဟာ ရှင်သန်ကြရပါတယ်။ လူတို့ရဲ့ ဘဝအဆင့်အရည်အသွေးဟာလည်း ပတ်ဝန်းကျင်ကောင်းနေမှ မြင့်မားနိုင်မှာ၊ ရှင်သန်နိုင်မှာဖြစ်ပါတယ်။ 

နိစ္စဓူဝကိစ္စအန္တရာယ်

လူဟာ ဘယ်လိုနိစ္စဓူဝကိစ္စမဆို လုပ်ကြရစမြဲမို့ အန္တရာယ်ဆိုတာကိုလည်း မလွဲမသွေကြုံရ တတ်ပေလိမ့်မယ်။ နေ့စဉ်ပုံမှန်လုပ်နေကျကိစ္စတွေမှာ အန္တရာယ်ရှိကြောင်း စာရင်းအင်းပညာက ဆိုပါတယ်။ ဥပမာ မော်တော်ကားနဲ့ မိုင်သုံးရာခရီးနှင်ကြတဲ့ လူတစ်သန်းထဲက တစ်ယောက်သောသူဟာ ယာဉ်တိုက်မှုကြောင့် သေနိုင်ဖွယ်ရှိပါတယ်။ ကားမောင်းရင် ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်းနဲ့ကြုံရဖွယ်ဟာ တစ်သန်းမှာ တစ်ခါကြုံရမယ်လို့ အန္တရာယ်ရှိနိုင်ခြေကို မော်တော်ကားမောင်းသူ ရှေ့ခန်းတစ်နေရာမှာဖော်ပြလေ့မရှိ၊ သို့သော် ဒီစာရင်းအင်းပညာအရ သိလာမှုအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လေအိတ်ထည့်ထားတာကို ကားမောင်းသူတို့ သိရှိကြပါတယ်။ 

ဒီလိုအမှန်တကယ်ဖြစ်လာမယ့် အန္တရာယ်သာမက အန္တရာယ်ဆိုတာကို လူတို့က မည်သို့ ထင်မြင်မှုအပေါ်မှာလည်း မူတည်ပါသေးတယ်။ ဥပမာ မော်တော်ကားမောင်းပြီး ခရီးသွားတာဟာ လေယာဉ်စီးပြီး ခရီးသွားတာထက် အန္တရာယ်ကြီး တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာပင် နေ့စဉ်ယာဉ်တိုက်မှုကြောင့် လူဦးရေ ၁၀၀ အသက်ဆုံးရှုံးနေပါတယ်။ ဒါပေမဲ့လည်း လူထုဟာ လေယာဉ်နဲ့ခရီးသွားဖို့ ဝန်လေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်ပျက်ကျမှာ စိုးရိမ်လို့ပါပဲ။ အလားတူပါပဲ လူထုဟာ အဏုမြူ ဓာတ်ပေါင်းဖိုရှိရာတစ်ဝိုက်မှာ နေရမှာစိုးရိမ်ပူပန်ကြပါတယ်။ 

တကယ်တော့ လူထုဟာရေလွှမ်းမိုးတဲ့နေရာ သို့မဟုတ် ရေကာတာ ဆည်လှောင်ကန် သေးသေး လေးတစ်ဝိုက်မှာနေရတာကို စိုးရိမ်စိတ်မရှိကြပေဘူး။ တကယ်တော့ ဒီနေရာတွေမှာနေရတာ ပိုပြီးအန္တရာယ်များတယ်ဆိုတာ မသိကြပေဘူး။ 

အခြားသောစိုးရွံ့ကြောက်လန့်စရာ အကြောင်းအရာတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ ဥပမာ မီဒီယာရဲ့ ပုံဖော်သတင်းလွှင့်မှုပဲ ဖြစ်ပါတယ်။ ကံမကောင်းအကြောင်းမလှတဲ့ လေယာဉ်ပျက်ကျမှုသတင်းကို ပုံကြီးချဲ့သတင်းထုတ်လွှင့်မှုတွေဟာ ခရီးသွားမယ့်လူထုကို ပိုချောက်ချားစေပါတယ်။ အန္တရာယ်ဖြစ်ပြီးနောက် လူထုရဲ့ စိုးရိမ်ပူပန်မှု လှိုင်းဂယက်ဟာပိုလှိုင်းထလာပါတော့တယ်။ 

အန္တရာယ်ရှိနိုင်ဖွယ်နဲ့ပတ်သက်ပြီး နိုင်ငံတကာအမြင်၊ မြန်မာလူထုအမြင်ကိုလည်း အလျဉ်းသင့်သလို တင်ပြချင်ပါတယ်။ လူတစ်ဦးချင်းရဲ့ အလေ့အကျင့်၊ အလေ့အထတွေဟာ ထိုသူအတွက်သာမက အခြားသူတွေကိုလည်း အန္တရာယ်ကြီးမားစေတဲ့ သဘောကြောင့် အန္တရာယ်ကြီးမားကြောင်း သိစေဖို့ ဥပမာ စီးကရက်သောက်တာဟာ ဥပဒေကြောင်းအရ စီးကရက်ဘူးတွေမှာ အန္တရာယ်ရှိတဲ့တံဆိပ် ခတ်နှိပ်ထားပါတယ်။ အလားတူ ဝိုင်ပုလင်းပေါ်မှာလည်း အသက်(၁၈) နှစ်အောက်လူငယ်များ မသောက်ရ၊ ကိုယ်ဝန်ဆောင်မိခင်တွေ သောက်သုံးရန်မဟုတ်လို့ အန္တရာယ်ကင်းအောင် သတိပေးချက်တွေ တွေ့ရပါလိမ့်မယ်။ မူးရင်မမောင်းနဲ့၊ စက်ကိရိယာတွေနှိုးမယ်၊ မောင်းမယ်ဆိုရင် အရက်သေစာမသောက်ရဆိုတာကောင်းဖို့အတွက် တားမြစ်ချက်တွေပါပဲ။ လေထုညစ်ညမ်းမယ်၊ သောက်သုံးရေမှာ အဆိပ်အတောက်အညစ်အကြေးတွေ ရှိနေမယ်၊ ရာသီဥတုဟာ နှစ်ရှည်လများ ခြောက်သွေ့နေမယ်၊ သစ်တောတွေ နည်းသွားမယ်ဆိုရင်၊ သဲကန္တာရဟာ ကျယ်ပြောလာမယ်ဆိုရင် လူသတ္တဝါအပေါင်းရဲ့အသက်ဟာ အန္တရာယ်ရှိလာပါလိမ့်မယ်။

ကောင်းပါပြီ.. ဒီဆောင်းပါးကို ဒီလိုနိဂုံးချုပ် ချင်ပါတယ်။

မြန်မာတို့ဟာ စားသုံးဆီ၊ စက်သုံးဆီ၊ လောင်စာဆီ၊ လျှပ်စစ်အထိသုံးကြရာမှာ အန္တရာယ်နဲ့ အကျိုးဖြစ်ထွန်းမှု ဘယ်ဟာက အလေးသာသလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ အနာဂတ်မြန်မာတို့ ကျန်းမာရေးကောင်းဖို့နဲ့ ပတ်ဝန်းကျင်ကောင်းဖို့ စားသုံးဆီ၊ စက်သုံးဆီ၊ ချွေတာလိုက်ရင် ပြဿနာတွေဟာ ပြေလည်သွားမှာဖြစ်ပါတယ်။ ဘယ်ကိစ္စကိုမဆို ဉာဏ်နဲ့ယှဉ် ဆင်ခြင်ကြရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါကြောင်း ရေရှည်မြော်တွေးကြံစည်စိတ်ကူးပြီး လူ့ဘဝသာယာဝပြောရေး ရှေးရှုနိုင်ကြဖို့ မေတ္တာဖြင့် ရေးသားလိုက်ရပါတယ်။     ။

ဒေါက်တာမောင်ကျော်-ပါမောက္ခချုပ်(ငြိမ်း)