စာရေးဆရာမ  နုနုရည်(အင်း၀)၏ ''ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း" စာပေဟောပြောပွဲမှ ရင်တွင်းစကားသံများ

ရန်ကုန်  ၂၁   ဖေဖော်ဝါရီ

 

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မြန်မာစာဌာနက ကြီးမှူး ကျင်းပသည့် စာရေးဆရာမ နုနုရည်(အင်း၀)၏ "ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း" စာပေ ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနရှိမြန်မာစာ ခန်းမ၌ကျင်းပသည်။

           

စာပေဟောပြောပွဲတွင် "ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း" အကြောင်းအရာနှင့် စပ်လျဉ်း၍ စာရေးဆရာမ နုနုရည်(အင်း၀)၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို မြန်မာ့သတင်းစဉ်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

စာရေးဆရာမ နုနုရည်(အင်း၀)

           

ကျွန်မဝတ္ထုရေးလို့ရှိရင် ကိုယ့်ယုံကြည်ရာလေးက ဒီနေ့ခေတ်နဲ့ ထင်ဟပ်နေရမယ်။ ဒီနေ့ခေတ်ကို ထင်ဟပ်တဲ့ အကြောင်းအရာလေးတွေထဲက ကျွန်မ ရင်ထဲကို ကျဉ်ကနဲ ဖြစ်စေမယ့်၊ ကျွန်မစိတ်ကို ထိခိုက်စေမယ့် အကြောင်းအရာမျိုးကို ထပ်ပြီး ရွေးချယ်ပါတယ်။ အဲဒီ အကြောင်းအရာနဲ့ပတ်သက်တဲ့နေရာကို သွားတယ်။ အဲဒီနေရာက ဇာတ်ကောင်စရိုက်တွေကို လေ့လာတယ်။ အင်တာဗျူးတယ်၊ ဖြစ်နိုင်လို့ရှိရင် အချိန် အများကြီးယူပြီး အဲဒီ ဇာတ်ကောင်တွေနဲ့ အတူနေ အတူစား အတူသွားပြီး အတွေ့အကြုံတွေကို ယူနိုင်ရင် ပိုကောင်းပါတယ်။ ကျွန်မကတော့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် အဲဒီဝတ္ထု အကြောင်းအရာထဲက နေရာကလူတွေနဲ့ တွေ့တယ်။ သူတို့နဲ့တွေ့ပြီး စကားပြောမယ်၊ ပြီးရင် တစ်နေရာမှာ ဒီဝတ္ထုလေးကို ရေးပါတယ်။ ဝတ္ထုရှည်က ဝတ္ထုတိုထက် ဇာတ်ကောင်စရိုက်တွေ ပိုများမယ်။ အကြောင်းအရာက အတူတူဖြစ်ရင် တောင်မှ ဇာတ်ကောင်စရိုက်တွေ ပိုများမယ်။ နောက်ပြီး ဝတ္ထုတိုနဲ့ ဝတ္ထုရှည်မှာ မတူညီ တဲ့ အချက်က ဝတ္ထုတိုက ဖတ်လိုက်တာနဲ့ သူ ဆိုလိုချက်ကို ဖြတ်ကနဲ စာဖတ်ပရိသတ်က သိနိုင်တယ်။ ဝတ္ထုရှည်ကတော့ တစ်အုပ်လုံး တစိမ့်စိမ့်ဖတ်ပြီးမှ ဆိုလိုချက်လေးကို သိရတယ်။ အဲဒါလေးတော့ကွာမယ်။ ဒီဟောပြောပွဲကို လာနားထောင်တဲ့ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ တစ်ခုခုတော့ ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

 

မန္တလေးတက္ကသိုလ်မှာ တက်ခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ်ကျောင်းသူလည်း ဖြစ်ခဲ့ဘူးတယ်။ Library Science ကို ဒီရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့ဖူးတယ်။ ဒီတက္ကသိုလ်ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အထဲမှာ ဆရာဇော်ဂျီ အဓိပ္ပါယ်ဖွင့်ဆိုထားတာကို သဘောကျပါတယ်။ တက္ကသိုလ်ဆိုတာ ဘာသာရပ်ဆိုင်ရာ ပညာရပ်ဆိုင်ရာတွေကိုသာ သင်ကြားပေးတဲ့ နေရာမဟုတ်ဘူး။ ကျောင်းသား ကျောင်းသူတွေအတွက် ကိုယ်ကျင့်သိက္ခာနဲ့ ရင့်ကျက်ခြင်းကိုပါ သင်ကြားပေးတဲ့နေရာလို့ ဖွင့်ဆိုချက်အတိုင်း တက္ကသိုလ်ကြီး ရာပြည့်မှာ ကျောင်းသား ကျောင်းသူတွေ အဲဒီလိုမျိုး လိုက်နာကျင့်သုံးပြီးတော့ ဆရာ ဇော်ဂျီ ဖြစ်စေချင်တဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ရင့်ကျက်မှုနဲ့ ပြည့်စုံတဲ့ ကျောင်းသား ကျောင်းသူတွေကို ရန်ကုန်တက္ကသိုလ်ကြီးက မွေးထုတ်နိုင်ပါစေလို့ ဆုတောင်း ပါတယ်။ ရင့်ကျက်ဖို့အတွက် စာတွေ အများကြီးဖတ်ပါ။ ဖတ်ပြီးတော့လည်း စာရေးစေချင်ပါတယ်။ စာရေးချင်တဲ့ လူငယ်တွေအတွက် သူတို့ရဲ့ နေရာလေးတစ်ခု ပျောက်သွားမှာ စိုးပါတယ်။ ရှိတဲ့ မဂ္ဂဇင်းတွေကနေ ဆက်ပြီးရေးစေချင်ပါတယ်။ အဓိကကတော့ စာအများကြီးဖတ်ပြီး စာရေးကြဖို့ပါပဲ။

 

425

 

ပါမောက္ခဒေါက်တာအောင်မြင့်ဦး

ပါမောက္ခ၊ ဌာနမှူး

မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

           

ဒီနေ့ စာပေဟောပြောပွဲက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနအနေနဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ စာပေလှုပ်ရှားမှု တစ်ခုအနေနဲ့ လှုပ်ရှားတာပါ။ ရန်ကုန်တက္ကသိုလ် ရာပြည့် ကာလအနေနဲ့ အဓိကက တက္ကသိုလ်မှာ ပညာရပ်ဝန်းကျင် ပိုပြီး အဓိပ္ပါယ် လေးနက်စေဖို့အတွက်၊ မြန်မာစာဌာနအနေနဲ့ စာပေကို သင်ကြားတဲ့ဌာနဖြစ်တော့ စာပေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကလေးတွေအတွက် အသိအမြင်တွေ ပိုပြီး ပွင့်လင်း လာဖို့ဖြစ်ပါတယ်။ အဓိက ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလမှာ ရန်ကုန်တက္ကသိုလ်ရဲ့ အနှစ်သာရ ပိုမိုပြည့်ဝလာဖို့၊ တက္ကသိုလ်ရဲ့ ပညာရပ်ဝန်းကျင် ပိုမိုလေးနက်လာစေဖို့ ဒီလို ပွဲမျိုးတွေ ကျင်းပနေတာဖြစ်ပါတယ်။ ဒီမှာတင်မကပါဘူး။   ဝိဇ္ဇာခန်းမမှာ အဆောင် လိုက် စာပေဟောပြောပွဲတွေ၊ စာပေ လှုပ်ရှားမှုတွေ ကျင်းပနေပါတယ်။ ဒီနေ့ဆိုရင် ရာပြည့်အထိမ်းအမှတ် ရသစာပေ စာတမ်းပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲကိုလည်း တက္ကသိုလ် အသီးသီးမှာကျင်းပပေးနေပါတယ်။ ဒီဟောပြောပွဲက ရန်ကုန်တက္ကသိုလ်ကို ကြိုဆိုတဲ့ ပွဲလည်းဖြစ်ပါတယ်။ မြန်မာစာဌာနအနေနဲ့ မြန်မာစာပေရဲ့ အခန်းကဏ္ဍကို ပိုမိုမြင့်မားစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

 

453

 

ခရစ္စတိုဖာ

ပြင်သစ် ဒီပလိုမာတန်းဒုတိယနှစ်

နိုင်ငံခြားဘာသာတက္ကသိုလ်

           

ဒီစာပေဟောပြောပွဲကိုသူငယ်ချင်းတစ်ယောက်က မက်ဆင်ဂျာကနေတစ်ဆင့် မျှဝေပေးလို့ သိရပါတယ်။ ကျွန်တော်က ဒီလိုစာပေဟောပြောပွဲတွေကို စိတ်ဝင်စားပါတယ်။ ဆရာမကြီးစာအရေးအသားကို  ကျွန်တော်တော်တော်ကြိုက်ပါတယ်။ သူ့စာအုပ် တွေကိုလည်း စုဆောင်းနေတယ်။ အဓိကကတော့ စာရေးနေတဲ့သူတွေ အတွက် ကိုယ့်ရဲ့ စီနီယာစာရေးဆရာမကြီးတွေ ရေးသားပုံရေးသားနည်းတွေ အကြံဉာဏ်တွေ ဘယ်လိုယူလဲဆိုတာ သိလာရတယ်။ စာဖတ် ပရိသတ်ကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကိုမေးခွင့်ရတယ်။ တမျိုးစီပညာတွေ ရခဲ့ပါတယ်။ ကျွန်တော်ကနားထောင်သူ သက်သက်ပါ။ အဓိကကတော့ ဆရာမ ဝတ္ထုတိုင်းကို ကျွန်တော် ဖတ်ကြည့်တော့ သဘောကျပါတယ်။ ဆရာမ ဝတ္ထုရေးပုံက အပြောနဲ့ရေးတာများတယ်။ ဆရာမက ဝတ္ထု အများကြီးထွက်မထားဘူး၊ လက်ချိုးရေလို့ရတယ်။ ဆရာမကိုသဘောကျတဲ့ အကြောင်းက ဝတ္ထုရေးတဲ့အခါ နောက်ခံ အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခုမတူတော့ အဲဒီအတွက် သဘောကျတယ်။ ဒီတက္ကသိုလ် ရာပြည့်အစီအစဉ်တိုင်းမှာ လာဖြစ်ပါတယ်။ စာအုပ်ဈေးရောင်းပွဲ၊ စာပေ ဟောပြောပွဲက တစ်နှစ်ပတ်လုံး သူ့အစီ အစဉ်နဲ့သူ လုပ်သွားနေပါတယ်။ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကြီး ရာပြည့်ကနေ ထောင်ပြည့်ပွဲတွေ လုပ်နိုင်ပါစေလို့ အတတ်နိုင်ဆုံး လာရောက် အားဖြည့်ပေးပါမယ်လို့ ပြောချင်ပါတယ်။

 

45

 

မမြချမ်းကိုကို

မြန်မာစာဒုတိယနှစ် (ရန်ကုန်တက္ကသိုလ်)

 

ဆရာမရဲ့ ဝတ္ထုတစ်ပုဒ်ကိုရသဘယ်လိုပေါ်အောင် ပြောသွားနိုင်သလဲဆိုတာကို သိရှိနိုင်ခဲ့တယ်။ ဆရာမရဲ့ကိုယ်တွေ့ရောခံစားချက်ရောပေါင်းပြီးပြောသွားတဲ့အတွက် တကယ် ခံစားရပါတယ်။ ဆရာမရဲ့ ဝတ္ထုတွေကိုသေချာမဖတ်ဘူးပါဘူး။ အခု ပထမဆုံး ဆရာမကိုတွေ့ခဲ့ရတာပါ။ သမီးက တခြားစာရေးဆရာကြီးတွေဖြစ်တဲ့ တက္ကသိုလ် ဘုန်းနိုင်  တို့ကိုတော့ဖတ်ဘူးတယ်။ ဒီတက္ကသိုလ်ကြီး ရာပြည့်နဲ့ပတ်သက်လို့ကတော့ ဒီအချိန်မှာ သမီးဒီကျောင်းကြီးကိုတက်ခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ တက္ကသိုလ်နှစ် (၁၀၀) ပြည့်ဆိုတာ တကယ်ကြုံရခဲတဲ့ပွဲကြီးဖြစ်ပါတယ်။ သမီးငယ်ငယ် တုန်းက တက္ကသိုလ်ကြီး က ပိတ်ထားခဲ့တယ်။ ဒီတက္ကသိုလ်ကြီးကိုတက်ချင်ခဲ့တယ်။ ဒီလိုမျိုး တက္ကသိုလ်ကြီးကို တက်ရမယ်လို့၊ အခွင့်အရေး ကြုံလာမယ်လို့ မထင်ထားခဲ့ဘူး။ တကယ်တက်ခဲ့ရတော့ ဝမ်းသာဂုဏ်ယူမိပါတယ်။ သမီးကအဆောင်သူဖြစ်ပါတယ်။ ဒဂုံဆောင်ကနေ ကျောင်းတက်ပါတယ်။ အဆောင်က အစားအသောက်ကအစ စနစ်တကျချက်ကျွေးပါ တယ်။ ဆရာဆရာမတွေအနေနဲ့ကလည်း ကိုယ့်သားသမီးတွေလို စောင့်ရှောက်ပေးကြ ပါတယ်။ အမြင်မတော်တာရှိလည်း ဆုံးမပေးတယ်။ နယ်အစုံက သူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်။

 

တွေ့ဆုံမေးမြန်း - ရီရီမြင့် ၊ ဥမ္မာသန့်