စာရေးဆရာကြီးများအား “ကမ္မဖလ” ရုပ်ရှင်အထူးပွဲ သီးသန့်ပြသ

စာရေးဆရာကြီး တင့်တယ်၏ ကမ္မဖလ ဝတ္ထုကို ဒါရိုက်တာ အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး စီစဉ်ရိုက်ကူးသည့် ကမ္မဖလ ရုပ်ရှင်ဇာတ်ကားကြီး၏ အထူးပွဲကို စာရေးဆရာကြီး ဆရာမကြီးများအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မင်္ဂလာ Gold class အဆင့်မြင့်ရုံ၌ ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ပြသခဲ့သည်။

အဆိုပါ ရုပ်ရှင်အထူးပွဲတွင် စာရေးဆရာကြီး တင့်တယ်၏ သားနှင့် သမီးများနှင့်အတူ နာမည်ကျော် စာရေး ဆရာနှင့် ဆရာမကြီးများဖြစ်သည့် ဆရာချစ်စံဝင်း၊ ဆရာချစ်နိုင်(စိတ် ပညာ)၊ ဆရာဟိန်းလတ်၊ ဆရာ တက္ကသိုလ် မြတ်သူ၊ ဆရာ တက္ကသိုလ်စိန်တင်၊ ဆရာမုံရွာအောင်ရှင်၊ ဆရာချစ်သန်းမြင့်၊ ဆရာ မောင်မောင်မြင့်အေး၊ ဆရာမဒေါက်တာစောယုနွယ်။ ဆရာမ ဒေါ်ကြွယ်ကြွယ်နှင့် ဆရာမစိမ့် (ပညာရေး)စသော ဆရာကြီး ဆရာမကြီး များ တက်ရောက်ကြည့်ရှုခဲ့ကြသည်။

ဒါရိုက်တာ ပန်းချီစိုး မိုးက "ကျွန်တော့် အသက် ၇၆ နှစ်ရှိပါပြီ။ ကျွန်တော်က ၁၆ နှစ်သားကတည်းက စာတွေရေးရင်း စာပေလောကက လူတွေနဲ့ တွဲမိပါတယ်။ ကျွန်တော်ထက် အသက်ကြီးတဲ့သူတွေနဲ့ တွဲခဲ့တာပါ။ ဒီနေ့က ကျွန်တော့်ရဲ့ ငယ်ပေါင်းတွေကို ရုပ်ရှင်အတူကြည့်ဖို့ ခေါ်ပြတဲ့ပွဲပါ။ ဒီကားမှာ သရုပ်ဆောင် ပြေတီဦး က ကံကောင်းဆိုတဲ့ဇာတ်ကောင်နေရာက သရုပ်ဆောင်ရတယ်၊ ပြေတီဦးကိုဘာလို့ အဲဒီနေရာထားလဲ ဆိုတော့  ပြေတီဦးရဲ့ရုပ်က ချိန်းလို့ရတယ်။သူ့ရဲ့ ပင်ကိုပုံစံက ရိုးသားတဲ့ပုံလေး ရှိတယ်။ ဒါပေမယ့်မရိုးသားတဲ့ပုံလည်း လုပ်လို့ရတယ်။ ရက်စက်တဲ့ပုံလည်း လုပ်လို့ရတယ်။ ကျွန်တော်က ပန်းချီဆရာဖြစ်တဲ့အတွက် သူ့ရဲ့မျက်လုံးမျက်ခုံးကို ကြည့်တာနဲ့ သိတယ်။ ပြေတီဦးက မျက်လုံးအားကောင်းတယ်။ သူကအစိတ်လောက်လုပ်ရင်ကို ငါးဆယ်လောက်ပေါ်တယ်။ ဒီကားမှာလည်း သူကပေါ့ပေါ့ဆဆတော့ မလုပ်သွားပါဘူး။ ဒါပေမယ့် ဒီထက်ကြိုးစားလို့ ရသေးတယ် ပြောရမယ်။ ဒီဇာတ်ကားထဲမှာဆိုရင် ပြေတီဦး သရော်ပြီးရယ်တဲ့ အခန်းလေးကို အတော်သဘောကျတယ်။ ရယ်တာကလည်း ရိုးရိုးရယ်လို့ မရဘူးလေ။ အမျိုးမျိုး ရှိတာကိုး။ အဓိကကတော့ ပြေတီဦးရဲ့ ပုံစံက လိုအပ်သလို ပြောင်းလဲနိုင်တဲ့ အတွက်ပါပဲ" ဟု ပြောသည်။

ဆရာကြီးတင့်တယ်၏ နာမည် ကျော်"ကမ္မဖလ"ဝတ္ထုကြီးကို အကယ်ဒမီငြိမ်းမင်းက ဇာတ်ညွှန်းခွဲ၍ ပန်းချီ စိုးမိုးက ရိုက်ကူးကာ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ဇင်ဝိုင်း၊ ရန်ကျော် ၊ စိုးရန်အောင်၊ စိုးသီဟ၊ မိုးဟေကို၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ အေးမြတ်သူနှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပြီး ရုပ်ရှင်ကို ၂၀၂၀ ဇန်နဝါရီ ၂ ရက်တွင် မင်္ဂလာရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွား မည်ဟု သိရသည်။

ကိုလင်း