စာဖတ်ရင်း တွေးကြမယ်

သိန်းထွန်း(IR)

စိတ်၏ အာဟာရ    

စာဖတ်တဲ့အလေ့အကျင့်ဟာ ထူးခြားတဲ့အကျင့် တစ်ခုတော့ မဟုတ်ပါဘူး။ ကျောင်းနေတုန်းက စာဖတ်ခဲ့ကြ၊ စာကျက်ခဲ့ကြတာကအစ နောက်တော့ စာအုပ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင် စတာတွေဖတ်ကြလို့ စာဖတ်တဲ့အကျင့်ဟာ ထူးခြား တဲ့အကျင့် မဟုတ်ဘူးလို့ ဆိုတာပါ။ ဒါပေမဲ့ ဘာအကြောင်းအရာတွေ ဖတ်သလဲ၊ ဘယ်လောက် များများဖတ်သလဲ၊ အချိန် ဘယ်လောက်ပေးသလဲနဲ့ ဘယ်လိုပုံစံနဲ့ဖတ်ပြီး ဘယ်လိုနားလည်လက်ခံကြ သလဲဆိုရာမှာတော့ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြဘူး။ 

အဲဒီလို မတူကြတဲ့အတွက် စာဖတ်နေချိန်နဲ့ စာဖတ်ပြီးတဲ့နောက်ရလာတဲ့ အသိအမြင်၊ အယူအဆ၊ ထိရောက်မှုနဲ့ တုံ့ပြန်မှုတွေကတော့ ဖတ်လိုက်တဲ့ အကြောင်းအရာ၊ ဖတ်တဲ့နည်းလမ်းနဲ့ စဉ်းစားဆင်ခြင်မှုအပေါ်မူတည်ပြီး အကျိုးရလဒ် ကလည်း ကွဲပြားသွားပါတယ်။

စာတွေဖတ်တော့ ဖတ်ပါရဲ့၊ အကျိုးရလဒ်အားဖြင့် နည်းနေမယ်ဆိုရင် စာဖတ်တာကနေရမယ့် ဗဟုသုတနဲ့ အသိအမြင်တွေမှာ အကျိုးရှိသင့်သလောက်မရှိဘူးလို့ ဆိုရမယ်။ ဒီတော့စာဖတ်တာကနေ အကျိုးရလဒ်များများရဖို့ဆိုရင် ဖတ်တဲ့အကြောင်းအရာနဲ့ စာဖတ်တဲ့နည်းက အရေးပါလာပါတယ်။ ဘယ်လိုအကြောင်းအရာကို ရွေးဖတ်ကြမလဲဆိုတာကတော့ တစ်ပိုင်းပေါ့။ 

အခုရည်ရွယ်တာက စာဖတ်တဲ့နည်းလမ်းနဲ့ အကျိုးကျေးဇူးတွေကို ဖြစ်ပါတယ်။ လူတစ်ယောက် ကျန်းမာအသက်ရှည်ဖို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ကြတယ်၊ ကောင်းနိုးရာရာ အစားအစာတွေ ရွေးစားကြတယ်၊ ရုပ်သွင်ပြင်လှပဖို့ ပြင်ဆင်ကြတယ်။ ဒီလိုပဲစိတ်နဲ့ အတွေးအခေါ်တွေ ကျန်းမာဖို့၊ မြင့်မားဖို့၊ ကျယ်ပြန့်ဖို့နဲ့ အတွေးအမြင်အသစ်တွေ ဖြန့်ကြက်ဖို့ဆိုရင်တော့ ထိရောက်တဲ့စာဖတ်နည်းက လိုအပ် ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အာဟာရဖြစ်တဲ့စာတွေ ရွေးဖတ်ကြမယ်၊ ဖတ်လိုက်တဲ့စာတွေကို ကျေကျေ ညက်ညက်ဝါးစားမယ်ဆိုရင် စိတ်နဲ့အတွေးအခေါ် တွေအတွက် အာဟာရတွေ ရရှိစေမှာပါ။

စာဖတ်ခြင်း

စာဖတ်ခြင်းဟာ စကားလုံးတွေအပေါ် လမ်းလျှောက်ခြင်း ဒါမှမဟုတ် ပျံသန်းခြင်း မဟုတ်ပါဘူး။ စာဖတ်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ ကိုယ်ဖတ်တဲ့စာသားတွေနဲ့ ပါဝင်တဲ့အကြောင်းအရာတွေအကြား ဆက်နွှယ်မှု၊ စာဖတ်သူရဲ့ ရည်ရွယ်ချက်နဲ့ စာသားတွေအကြား ဘယ်လိုဆက်စပ်နေသလဲ ဆိုတာတွေကို ရှာဖွေဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် စာရဲ့အနှစ်သာရတွေကိုရဖို့ဖြစ်ပါတယ်။ ဒီတော့ စာဖတ်တဲ့အခါ စာသားတွေကိုပဲ မရှုမြင်သင့်သလို စာသားတွေရဲ့ လွှမ်းမိုးခံရတာ မဖြစ်သင့်ပါဘူး။ 

ဆန်းစစ်သုံးသပ်ရမယ်၊ မေးခွန်းတွေမေးရမယ်၊ စဉ်းစားဆင်ခြင်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေပါဝင်မှသာ ထိရောက်တဲ့စာဖတ်နည်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ စာဖတ်ရာမှာ ဖတ်တဲ့အကြောင်းအရာအလိုက်လည်း ကွဲပြားတတ်ပါသေးတယ်။ အပျော်ဖတ်၊ အပျင်းပြေဖတ်တဲ့အခါမှာတော့ ပေါ့ပေါ့ပါးပါးပဲ ဖတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်းအရာ ကိုပဲဖတ်ဖတ် ထိရောက်တဲ့စာဖတ်နည်းကို သိထားမယ်၊ အလေ့အကျင့်ရှိထားမယ်ဆိုရင် ဖတ်လိုက်တဲ့ စာတွေကနေ ဆင်ခြင်တွေးခေါ်မှုဆိုင်ရာတွေ ရရှိနိုင်ပါတယ်။

ရလဒ်ကွဲပြားတတ်

စာဖတ်ခြင်းကနေ သုတ၊ ရသနဲ့ အတွေးအမြင် ရတာအပြင် ဆက်ပြီး ဆင်ခြင်စဉ်းစားရတာ၊ ကောက်ချက်ချတာနဲ့ ဆင့်ပွားတာတွေ ဆက်ပြီး လုပ်ဆောင်မှ ဖတ်တဲ့စာရဲ့အနှစ်သာရ၊ ရည်ရွယ်ချက်နဲ့ ကိုယ်ပိုင် အတွေးသစ်၊ အမြင်သစ်တွေကို ရနိုင်ပါတယ်။ ဒါကြောင့် စာဖတ်တဲ့နည်းလမ်းမတူကြရင် ဖတ်လိုက်တဲ့ အကြောင်းအရာတစ်ခုတည်းကို တောင်မှ စာဖတ်ပြီးတဲ့နောက် ထွက်လာတဲ့ရလဒ်က မတူညီတတ်ကြဘူး။ စာဖတ်သူရဲ့ တုံ့ပြန်မှုအလိုက် ကွဲပြားသွားတဲ့သဘောပါပဲ။ ဒါကလည်း ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အတွေးတွေ၊ အမြင်တွေ၊ ဆန္ဒတွေ၊ အစွဲတွေ၊ နားလည်လက်ခံနိုင်စွမ်း၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုစတဲ့ အခြေအနေတွေက မတူတတ်ကြတော့ ရလဒ်မှာလည်း ကွဲပြားမှာပါပဲ။ အကြောင်း အရာတူ စာသားတစ်ခုကို ဖတ်သူတွေရဲ့အခြေအနေအလိုက် တုံ့ပြန်မှုနဲ့ပတ်သက်လို့ ပုံပြင်တစ်ပုဒ် ကြားဖူးပါတယ်။ အားလုံးသိပြီးတဲ့ ပုံပြင်လေးပါ။

တစ်ခါက ရွာတစ်ရွာရဲ့အပြင်မှာ ဘယ်အချိန်ကတည်းက ရှိနေမှန်းမသိရတဲ့ ခုတ်လှဲထားတဲ့ အပင် ကြီးတစ်ပင်ရှိတယ်ဆိုပါတယ်။ တစ်နေ့တော့ အဲဒီအပင်ကြီးရဲ့ မျက်နှာစာတစ်ဖက်မှာ ၃၁ ဆိုတဲ့ စာတစ်ခုပေါ်လာတယ်တဲ့။ အဲဒီလို စာပေါ်လာတော့ ရွာထဲက လူတွေက လာဖတ်ကြရင်း တချို့က ၃၁ ဆိုတာ ၃၁ ဘုံကို ရည်ညွှန်းတာလို့ အဓိပ္ပာယ်ဖွင့်ကြ တယ်။ သမိုင်းဆရာတစ်ယောက်ကတော့ ၃၁ ဆိုတာ ခုတ်လဲထားတဲ့ အပင်ကြီး ၁၉၃၁ ခုနှစ်ကတည်းက တည်ရှိတာကို ပြောတာလို့ ဆိုတယ်။ တစ်ယောက် ကကျပြန်တော့ သုံး-မကုန်စွဲမကုန် တစ်-ပြုံတစ်မ ကြီး ငွေဝင်အောင်ဆရာတစ်ပါးက စီရင်ထားတာလို့ ဆိုပြန်ရော။ 

နောက်တစ်ယောက်ကတော့ ၃၁ ဟာ ကက်ကင်း ဖြစ်တယ်၊ ၃၁ ဟာ မကောင်းတဲ့နိမိတ် ၁၃ ကို ပြောင်းပြန်လှန်ထားတာတဲ့။ ဒီလိုနဲ့ တရားသမားကလည်း သူမြင်တဲ့အတိုင်းဆို၊ သမိုင်းဆရာကလည်း သမိုင်းအမြင်နဲ့ဖွင့်၊ မဟိဒ္ဓိသမားကလည်း သူ့အယူ အဆနဲ့သူ၊ ဗေဒင်သမားကလည်း အမြင်တစ်မျိုး၊ အယူသီးတဲ့သူ မြင်တာကတော့ တစ်မျိုးတစ်ဘာသာ၊ တစ်ယောက်နဲ့တစ်ယောက် သူ့ကောက်ချက်နဲ့သူ ပြောဆိုနေတော့ ၃၁ ရဲ့အဖြေမရဘဲ အငြင်းပွား တာတွေ ဖြစ်လာပါတယ်။ အဲဒီလို တစ်ယောက် တစ်ပေါက် အငြင်းပွားနေတဲ့နေရာကို နွားကျောင်း သားတစ်ယောက်ရောက်လာပြီး လူရုတ်ရုတ်ဖြစ်နေလို့ မေးကြည့်ပါတယ်။ 

အငြင်းပွားနေသူတွေထဲက တစ်ယောက်က “ငါတို့ ဒီ ၃၁ စာကို ငြင်းနေကြတာ” လို့ ပြောလိုက်ပါ တယ်။ နွားကျောင်းသားက “ဒီစာကို ကျုပ်ရေးထား တာ”၊ လူအုပ်ကြီးက “ဟာ ဒါဆို ဘာအဓိပ္ပာယ်လဲ၊ ဘယ်သူရေးခိုင်းတာလဲ အိပ်မက်အရလား၊ ဘိုးတော် ခိုင်းတာလား” ဆိုပြီး ဝိုင်းမေးကြပါလေရော။ နွား ကျောင်းသားက “တစ်ခုမှ မဟုတ်ဘူး”၊ “ဒါဆိုဘာလဲ”၊ “၃၁ (သုံးတစ်) သစ်တုံးလို့ ရေးထားတာ” ပါတဲ့။ သစ်တုံးပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ 

အဲဒီပုံပြင်က ရယ်စရာသဘော ဖတ်ရင်တော့ ရယ်စရာပုံပြင်ပါ။ ဒါပေမဲ့ အကြောင်းအရာတူ စာတစ်ကြောင်းတစ်ကြောင်းကိုဖတ်ပြီး အဓိပ္ပာယ် ဖွင့်ဆိုရာမှာ တစ်ယောက်နဲ့တစ်ယောက် ဘာကြောင့် ကွဲပြားကြတာလဲဆိုတဲ့ အကြောင်းရင်းကို တွေ့နိုင် ပါတယ်။ စာသားကွက်ကွက်လေးကိုပဲ ကြည့်ပြီး ကိုယ့်ဆန္ဒစွဲနဲ့ ဖွင့်ဆိုလိုက်တဲ့အခါ ကျိုးကြောင်း ဆီလျော်မှု၊ သုံးသပ်ချက်နဲ့ ကောက်ချက်တွေ လွဲချော်သွားတာကို တွေ့ရပါတယ်။ အဲဒီလိုပါပဲ စာအုပ်တစ်အုပ် ဒါမှမဟုတ် စာသားတစ်ကြောင်း ဖတ်တာချင်းအတူတူ တစ်ဦးနဲ့တစ်ဦးရဲ့ အမြင်တွေ၊ အယူအဆတွေ၊ ကောက်ချက်ချတာတွေ မတူညီရတဲ့ အခြေခံအကြောင်းရင်းတွေထဲမှာ စာဖတ်သူရဲ့ လက်ခံဆင်ခြင်နိုင်မှုနဲ့ စာဖတ်တဲ့နည်းလမ်းဟာ အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ တွေ့ရပါတယ်။

စာသားနောက်ကွယ်မှ

ထိရောက်တဲ့ စာဖတ်နည်းဖြစ်ဖို့ဆိုရင် ဖတ်နေတဲ့စာသားကွက်ကွက်လေးအပေါ်မှာပဲ ရှုမြင်စဉ်းစားလို့ မပြည့်စုံနိုင်ပါဘူး။ ၃၁ ကို အဓိပ္ပာယ်ဖော်သလို ကိုယ်ဖတ်တဲ့စာသားကွက်ကွက်လေးကိုပဲ ကြည့်ပြီး ကိုယ့်ဆန္ဒစွဲနဲ့စဉ်းစားလိုက်တဲ့အခါ ပြည့်စုံတိကျတဲ့ သုံးသပ်မှုနဲ့ အဓိပ္ပာယ်ကနေ လွဲသွားသလိုပါပဲ။

ဒီတော့ ပြည့်စုံတဲ့နားလည်မှုရဖို့အတွက် စာဖတ်ရင်း စာရေးသူရဲ့ရည်ရွယ်ချက်၊ စာသားတွေနဲ့ သူရဲ့ ဆိုလိုရင်းတွေကို မေးခွန်းထုတ်ရတဲ့ လုပ်ငန်းစဉ်လည်း လိုအပ်ပါတယ်။ အတွေးနဲ့ စာဖတ်သူတစ်ဦး ဟာ ရေးထားတဲ့စာသားတွေကို စဉ်းစားရုံတင်မကဘူး၊ အခြားသောစာဖတ်သူတွေရဲ့ အမြင်သဘော ထားတွေကိုလည်း ထည့်သွင်းစဉ်းစားကြရပါတယ်။ ဒါမှ မတူညီတဲ့အမြင်နဲ့ ရှုထောင့်စုံကနေ အကဲဖြတ် နိုင်မှာ ဖြစ်ပါတယ်။ အခြားသူတွေရဲ့အမြင်တွေအပြင် စာရေးသူရဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးသူက ရည်ရွယ်ချက်တစ်ခုအတွက် စာသားတွေ ဖန်တီးထားလို့ပါပဲ။ 

စာရေးသူတွေဟာ အများအားဖြင့် စာဖတ်သူကို သတင်းမက်ဆေ့တွေပေးချင်ကြတဲ့အတွက် စာသားတွေနဲ့ ပုံဖော်ရေးသားကြပါတယ်။ စာဖတ်သူတွေဆီ သူတို့ပေးချင်တဲ့မက်ဆေ့ကတော့ အမျိုးမျိုးရှိကြ ပါလိမ့်မယ်။ ဒါကြောင့် စာဖတ်ရာမှာ စာရေးသူရဲ့ အပိုင်းကိုလည်း ထည့်သွင်းစဉ်းစားနိုင်မယ်ဆိုရင် စာသားရဲ့ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ အနှစ် သာရကို ဖမ်းယူနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ နောက်တစ်ခုက စာဖတ်တဲ့အခါ ဖတ်တဲ့ စာသား၊ စာရဲ့ရည်ရွယ်ချက်၊ နောက်ကွယ်က အတွေး အမြင်တွေရဖို့အပြင် ရလာတဲ့ သုတ၊ ရသနဲ့ အတွေး အမြင်တွေကို ကျိုးကြောင်းဆီလျော်မှုရှိ/မရှိ၊ သင့်/ မသင့်၊ အကျိုးရှိ/မရှိ ချင့်ချိန်သုံးသပ်ပြီး ကောက်ချက် ချတာနဲ့ ကိုယ်ပိုင်ဆင့်ပွားတွေးခေါ်မှုတွေ ပြုလုပ် ခြင်းအားဖြင့် အမှား/အမှန် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊ မတူညီတဲ့ အတွေးအခေါ်၊ အယူအဆနဲ့ အမြင်သစ်တွေကို ရရှိစေပါတယ်။

နည်းလမ်းများ

စာဖတ်တဲ့နည်းလမ်းကတော့ တစ်ဦးနဲ့တစ်ဦး အကြိုက်လည်း မတူနိုင်သလို အသုံးပြုပုံချင်းလည်း မတူညီနိုင်ပါဘူး။ ကိုယ့်အကြိုက်နဲ့ကိုယ်၊ ကိုယ်နဲ့ လိုက်ဖက်သလို အသုံးပြုကြပါတယ်။ အခြေအနေနဲ့ အချိန်အခါအလိုက်လည်း ပြောင်းလဲကျင့်သုံးတတ် ကြပါတယ်။ စာဖတ်တဲ့ နည်းလမ်းတွေထဲက တစ်ခု ကတော့ စာရဲ့အဓိကဆိုလိုရင်းကိုရဖို့ စာကြောင်းတွေ၊ စာပိုဒ်တွေထဲကမှ ကောက်နုတ်ဖတ်ရှုတဲ့နည်း ဖြစ်ပါတယ်။ အရေးကြီးတဲ့အပိုင်းကိုပဲ ဖတ်တဲ့သဘော ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်လိုချင်တဲ့ အချက်အလက်တွေရဖို့ စာကြောင်းတွေကို မြန်မြန် ဖတ်တဲ့နည်း ဖြစ်ပါတယ်။ လိုချင်တဲ့ အချက်အလက် ရှာဖွေတဲ့ သဘောပါ။

အကျယ်တဝင့်ဖတ်နည်းကတော့ အချိန်ပိုကုန်ပါတယ်။ စာကိုတိတိကျကျ သိရဖို့ အသေးစိတ်ဖတ်ခြင်း ဖြစ်ပါတယ်။ စာလုံးတိုင်းရဲ့အဓိပ္ပာယ်ကို နားလည်ဖို့ ဖတ်တဲ့နည်းဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးဖတ်တဲ့နည်းလမ်းက တိကျမှုနည်းပြီး ခပ်သွက်သွက်ဖတ်ရာမှာ သုံးကြပါတယ်။ အပျော် ဖတ်စာတွေဖတ်ရင် သုံးတဲ့နည်းလမ်းတစ်ခုပါ။ ထိရောက်တဲ့ စာဖတ်နည်းတွေထဲမှာ နက်နက် ရှိုင်းရှိုင်းဖတ်တဲ့ Deep Reading နည်းလမ်းပါဝင် ပါတယ်။ နက်နက်ရှိုင်းရှိုင်းဖတ်တဲ့ နည်းကတော့ ချင့်ချိန်စဉ်းစားပြီး ဖတ်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အဲဒီဖတ်နည်းကတော့ အာရုံစိုက်ပြီး စဉ်းစား ဖတ်ရှုတာဖြစ်လို့ နှေးပါတယ်။ Deep Reading အလေ့အကျင့်တွေကတစ်ဆင့် အခြားကျွမ်းကျင်မှုတွေကို တိုးတက်စေနိုင်ပါတယ်။ 

လူတိုင်း စာတွေ နေ့စဉ်ဖတ်နေကြရာမှာ ထိရောက်တဲ့ စာဖတ်နည်းတစ်ခုကတော့ ပိုင်းခြား ဝေဖန်စာဖတ်တဲ့နည်းလမ်းဖြစ်ပါတယ်။ Critical Reading ကတော့ စာသားတွေရဲ့ ဆိုလိုရင်းကို နားလည်ဖို့နဲ့ တင်ပြချက်တွေကို အကဲဖြတ်ဖို့အတွက် ပိုင်းခြားဝေဖန်ပြီးဖတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပိုင်းခြားဝေဖန်စာဖတ်ခြင်းဟာ စာသားတွေအပြင် အဲဒီ စာသားနောက်ကွယ်က သွယ်ဝိုက်ထားတဲ့ အကြောင်းအရာနဲ့ အတွေးအမြင်တွေကိုပါ ဝေဖန် ဆန်းစစ်လိုတဲ့ ရည်ရွယ်ချက်နဲ့ဖတ်ရှုခြင်း ဖြစ်ပါ တယ်။ ဖတ်တဲ့စာသားကို အပြည့်အဝနားလည်ဖို့နဲ့ သူ့ရဲ့အနှစ်သာရကို မြင်နိုင်ဖို့ စာသားတွေကို ဂရု တစိုက်ဖတ်ပြီး ချဲ့ထွင်စဉ်းစားဖို့ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ စာဖတ်တဲ့နေရာမှာ ထိရောက် ရုံတင်မကပါဘူး။ အမှားအမှန် ချင့်ချိန်ဆုံးဖြတ် နိုင်စွမ်း၊ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတွေကိုလည်း တိုးတက်စေနိုင်ပါတယ်။ 

ပြုစုပျိုးထောင်

စာဖတ်ရင်း တွေးကြမယ်ဆိုတော့ ဆရာလူထု ဦးလှရဲ့ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ (ပထမတွဲ) စာအုပ်ထဲက ပုံပြင်တစ်ပုဒ်ကို အမှတ်ရမိ ပါတယ်။ တစ်ခါက ဘုန်းကြီးတစ်ပါးဟာ ကိုရင်ကြီး တစ်ပါးကို သဒ္ဒါ၊ သင်္ဂြိုဟ် စာဝါတွေ ပို့ချပေးနေစဉ်မှာ နည်းပေးလမ်းပြအနေနဲ့ “စာဆိုတာ ကြံရတယ်ကွ၊ ကြံမှသာ စာရဲ့နက်နဲမှုအဓိပ္ပာယ်ဟာ ပေါ်လွင်ထင်မြင်လာပြီး မေ့ပျောက်မသွားနိုင်တာ” လို့ ဆုံးမ စကား ပြောကြားလိုက်တာပါတယ်။ နောက်တော့ ကိုရင်ကြီးဟာ ညအချိန် လသာသာမှာ ထိုင်ခုံပေါ် ထိုင်ပြီး ကြယ်တွေကို ကြည့်နေတာကို ဘုန်းကြီးက တွေ့တော့ “ဟဲ့ ကိုရင်ကြီး ဘာများ စိတ်ကူးနေသလဲ” လို့ မေးလိုက်ပါတယ်။ ကိုရင်ကြီးက “စာကြံနေတာ ပါ ဘုရား” လို့ ပြန်လျှောက်ပါတယ်။ 

“ဘာ စာတွေများ ကြံနေသလဲ” လို့ ထပ်မေး လိုက်တဲ့အခါ ကိုရင်ကြီးက “အထက်မိုးပေါ်က ကြယ် တွေဟာ ဘယ်များ ချေးယိုချပါလိမ့်လို့ ကြံနေပါတယ် ဘုရား” လို့ လျှောက်လိုက်တော့ ဆရာဘုန်းတော်ကြီး လည်း ဒေါသဖြစ်တာထက် ရယ်ပြုံးလိုစိတ်က ပိုများပြီး “တယ် စာကြံကောင်းတဲ့ ကိုရင်ကြီးပဲ” လို့ ညည်းညူလိုက်တယ်လို့ ဆိုပါတယ်။

ပုံပြင်ထဲကလိုပါပဲ။ စာဖတ်ရင်း တွေးတော ဆင်ခြင်တဲ့အကျင့်ရဖို့ဟာ ပြောရတာတော့ လွယ်ပါ တယ်။ လက်တွေ့လုပ်နိုင်ဖို့ဆိုရင် အလေ့အကျင့် လုပ်ယူရပါတယ်။ အလေ့အကျင့်ကနေ အလေ့အထ တစ်ခုဖြစ်လာရင် စာဖတ်ရင်း အလိုလိုတွေးတဲ့ အကျင့် ရနိုင်ပါတယ်။ အသိအမြင် ပြောင်းလဲလိုသူတွေ၊ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်လိုသူတွေနဲ့ ပိုင်းခြား ဝေဖန်စဉ်းစားမှု  တိုးတက်လိုသူတိုင်းအတွက် ထိရောက်တဲ့ စာဖတ်ခြင်းက အကျိုးရှိတဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စာပေတွေဖတ်ရင်း ဗဟုသုတတွေအပြင် မှန်ကန်တဲ့သုံးသပ်မှုတွေရဖို့နဲ့ အတွေးသစ်၊ အမြင်သစ်တွေ ရဖို့ဆိုရင် ဖတ်ရင်းတွေး၊ တွေးရင်း ဖတ်တဲ့နည်းလမ်းက စာဖတ်သူတွေအတွက် အကျိုးရှိစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။  ။

ကိုးကား

လူထုဦးလှ၊ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ (ပထမတွဲ)