စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ ပူတာအို၌ ကွင်းဆင်းဆောင်ရွက်

ပူတာအို ၁၉ စက်တင်ဘာ

 

ကချင်ပြည်နယ်၊     ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနပူးပေါင်းမှုဖြင့်  စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေလေ့လာဖတ်ရှုမှု အားကောင်းလာစေရေးနှင့်   ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေရန်အတွက် နယ်လှည့်စာကြည့်တိုက်၊    ဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့နယ်၊ ပူတောင်းကျေးရွာအုပ်စု၊  မုဒုံ-၂ ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အိတ္ထိဝါက အမှာစကားပြောကြားပြီး ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမိုးနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဟောပြောကာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ ရသ၊ ရွှေသွေး၊ ရုပ်ပြ၊ မဂ္ဂဇင်းနှင့် ကလေးဖတ်စာအုပ်ပေါင်း (၁၅၀)အုပ်ကို ငှားရမ်း ဖတ်ရှုစေခဲ့သည်။

 

ထို့နောက် ကျောင်းသူကျောင်းသားများက ခင်းကျင်းပြသထားသော စိမ်းလန်းစိုပြည်မြန်မာပြည် ပိုစတာများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ဘေးအန္တရာယ်ပိုစတာများ၊   မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြရာ ဝန်ထမ်းများက ဓာတ်ပုံပြပွဲတွင်ပါဝင်သော အကြောင်းအရာများအား အသေးစိတ် လိုက်လံရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက် (ပူတာအို)