နေသူရိန်
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်သည် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန (PPD) ၏ “စာပေဗိမာန်”သည် ၇၅ နှစ်ပြည့် စိန်ရတုနှစ်ပတ်လည်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
“စာပေဗိမာန်”ဟု ယခုအချိန်အထိ အများသူငါ မှတ်မှတ်ထင်ထင် ခေါ်ဝေါ်သုံးစွဲနေကြသော်လည်း မူလဘူတမှာ“မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း” (Burma Translation Society) ဖြစ်သည်။ ပြည်လမ်း ဟံသာဝတီအဝိုင်းရှိ (SORRENTO VILLA) သို့ရုံးပြောင်းရွှေ့ပြီးနောက် “စာပေဗိမာန်”အင်္ဂလိပ်လို (Palace of Literature)ဟူ၍ ခေါ်ဆိုကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် “စာပေဗိမာန်”၊ အင်္ဂလိပ်လို (Sarpay Beikman) ဟူ၍ ယခုအချိန် တိုင်အောင် စွဲစွဲမြဲမြဲ ခေါ်ဝေါ်သုံးစွဲနေကြပါတော့သည်။
စာပေဗိမာန်၏ နောက်ခံသမိုင်းအကျဉ်းချုပ်နှင့် နှစ်အလိုက် ထင်ရှားခဲ့သော လှုပ်ရှားမှုအကျဉ်းချုပ်
၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်တွင် SORRENTO VILLA အဆောက်အအုံတွင် ကျင်းပသည့် ပြန်လည် ထူထောင်ရေးကွန်ဖရင့်၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့် မိန့်ခွန်းတွင် “ဘာသာပြန်ဌာန အကြီးကြီးတစ်ခုကို ဖွင့်ရမည်”ဟု ပါရှိခဲ့သည်။ သို့ဖြင့် ဩဂုတ်လ ၂၆ ရက်တွင် ဝန်ကြီးချုပ်ဦးနု ဦးဆောင် ပြီး “မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း” (Burma Translation Society) ကို တည်ထောင်သည်။ စက်တင်ဘာလတွင် အသင်း၏ရည်ရွယ်ချက် (၁၄) ချက်ကိုရေးဆွဲပြီး ဝန်ကြီးချုပ်ဦးနုက ဥက္ကဋ္ဌတာဝန် ယူ၍ အုပ်ချုပ်မှုကောင်စီဝင် ၁၁ ဦး စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ နောင်တွင် ၁၅ ဦးအထိ ဖြစ်လာခဲ့သည်။ ဒီဇင်ဘာလတွင် စာတည်း (ဝိဇ္ဇာပညာ)၊ စာတည်း (သိပ္ပံပညာ) တစ်ဦးစီခန့်ထား ပြီး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ယာယီ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းတိုက်ကို ဂျပ်ဆင်ကောလိပ်ဝင်းအတွင်းရှိ ပါမောက္ခ ဒေါက်တာလှဘူး၏အိမ်ကို ခေတ္တငှားရမ်း ဖွင့်လှစ်သည်။ အသင်းတိုက်၏ ရှေ့မျက်နှာစာတွင် စာပေဝါသနာပါသူ လူကြီးလူကောင်းများကို ဖိတ်ကြား၍ အသင်းဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးနုက အသင်းကြီးအနေဖြင့် တိုင်းပြည် ပြည်သူ လူထုကြီးကို မည်သို့မည်ပုံ ပညာ ရောင်ဖြင့် အလင်းဆောင်မည်ကို အကျယ်တဝင့် မိန့်ကြားခဲ့သည်။ မေလဆန်းတွင် ဝန်ထမ်းအင်အား များလာ၍ ယာယီအသင်းတိုက်မှ အမှတ် (၃၆၁) ပြည်လမ်းရှိ (SORRENTO VILLA) အဆောက်အအုံ ကို ငှားရမ်းပြောင်းရွှေ့ကာ အသင်းတိုက်ကို “စာပေ ဗိမာန်” (Palace of Literature) ဟု အမည်ပေးခဲ့ သည်။ မေလတွင် မြန်မာ့စွယ်စုံကျမ်းထုတ်ဝေရန် အတွက် သရုပ်ပြစွယ်စုံကျမ်း ၁ဝ တွဲကို တိုက်ရိုက် ဘာသာပြန် ဆိုခဲ့သည်။ ဇွန်လတွင် “စာပေဗိမာန် လစဉ်စာစောင်”ကို အခမဲ့ထုတ်ဝေဖြန့်ချိခဲ့သည်။ ဇူလိုင်လတွင် စာအုပ်စီမံကိန်း အဖွဲ့ငယ်၏ အကြံပေးချက်အရ လူထုအလင်းစာစဉ်၊ လူထု အိတ်ဆောင်စာစဉ်၊ လူထုတက္ကသိုလ်စာစဉ်ဟူ၍ စာစဉ်သုံးမျိုး စတင်ထုတ်ဝေခဲ့သည်။
လူထုအလင်းစာစဉ်ဆိုသည်မှာ မြန်မာစာဖတ် သူတိုင်း ကမ္ဘာ့ဗဟုသုတ ကမ္ဘာ့ယဉ်ကျေးမှု အရပ် ရပ်ကို ဖတ်ရှုနားလည်နိုင်စေရန် လွယ်ကူရှင်းလင်း သော စကားအသုံးအနှုန်းများဖြင့် အစီအစဉ်အတိုင်း ပြုစုရေးသားထုတ်ဝေသည့် စာအုပ်မျိုးဖြစ်သည်။ လူထုအိတ်ဆောင်စာစဉ် ဆိုသည်မှာ လောလောဆယ် ဖြစ်ပေါ်နေသော မြန်မာ့အခြေအနေနှင့် ကမ္ဘာ့ အခြေအနေတို့ကို ဆင်ခြင်ဝေဖန်သုံးသပ်နိုင်စေရန် အခါအားလျော်စွာ လူထုအဖို့ အရေးပေါ်ထုတ်ဝေ ဖြန့်ချိသွားသည့် စာအုပ်ငယ်မျိုးဖြစ်သည်။
လူထုတက္ကသိုလ်စာစဉ် ဆိုသည်မှာ ၇ တန်း၊ ၈ တန်း၊ ၉ တန်း၊ ၁ဝ တန်း စသည်ဖြင့်ပညာအခြေခံ အသင့်အတင့်ရှိပြီး သူတို့အဖို့ တက္ကသိုလ်ပညာ အရပ်ရပ်ကို မိမိတို့အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အလုပ်အကိုင်မပျက်စေဘဲ အိမ်နှင့်မကွာနေထိုင်ရင်း ဖတ်ရှုလေ့လာနိုင်ရန် အစီအစဉ်တကျ ရေးသား ထုတ်ဝေသည့် စာအုပ်မျိုး ဖြစ်သည်။ ၁၉၄၉ ခုနှစ် မတ်လတွင် ၁ဝ လခန့် ငှားရမ်းခဲ့သော ဗိုလ်ချုပ် အောင်ဆန်း၏ သမိုင်းဝင်အဆောက်အအုံ (SORRE-NTO VILLA) နှင့် မြေကွက်ကို စည်ပင်သာယာရေး အဖွဲ့ထံမှ ငွေကျပ် ၁၁၂၅ဝဝ ဖြင့် အပြီးအပြတ် ဝယ်ယူခဲ့သည်။ ဝင်းတစ်ခုလုံးမှာ မြေဧက ၃ ဒသမ ၅ ဧက ကျော်ကျော်ဖြစ်သည်။ ဇွန်လတွင် ၁၉၄၈ ခုနှစ်အတွက် ပထမဦးဆုံးသော “စာပေဗိမာန်ဆု”ကို စာရေးဆရာ မင်းအောင်၏ “မိုးအောက်မြေပြင်” ဝတ္ထုကရရှိခဲ့ပြီး ဆုငွေမှာ ကျပ်တစ်ထောင် ဖြစ်သည်။
၁၉၅ဝ ပြည့်နှစ်တွင် ဝေါဟာရဘဏ်လုပ်ငန်း ကို စတင်လုပ်ကိုင်သည်။ ၁၉၅၁ ခုနှစ်တွင် နှစ် ၅ဝ စာစဉ်တွဲများ (ကမ္ဘာ့ရေးရာ၊ ယဉ်ကျေးမှုရေးရာ၊ လူမှုရေးရာ) ကို ဟော်လန်နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေ သည်။ သိပ္ပံစာစဉ်များနှင့် အသက်မွေးမှုဆိုင်ရာ ကျောင်းသုံးစာအုပ်များ ထုတ်ဝေသည်။ ၁၉၅၂ ခုနှစ် တွင် (TCA) နိုင်ငံခြားထောက်ပံ့မှု အကူအညီအရ ကျပ်ငွေ ရှစ်သိန်းကျော်တန်ဖိုးရှိသော ပုံနှိပ်စက်များ ကို အမေရိကန်အစိုးရထံမှ ရရှိခဲ့သည်။ “ပြည်တော် သာစာစဉ်” ကို ထုတ်ဝေသည်။ “စာပေဗိမာန်မဂ္ဂဇင်း” ကို စတင်ထုတ်ဝေသည်။
၁၉၅၁ ခုနှစ်အတွက် စာပေဗိမာန်ဆုကို သုံးဆု သတ်မှတ်သည်။
(က) ကာလပေါ်ဝတ္ထုဆု ဆုငွေ (၁ဝဝဝိ/-)
( ခ ) ဘာသာပြန်ဆု ဆုငွေ(၇၅ဝိ/-)
( ဂ ) စာပဒေသာဆု ဆုငွေ(၁ဝဝဝိ/-) တို့ ဖြစ်သည်။
၁၉၅၃ ခုနှစ်တွင် ကုန်သည်လမ်းနှင့် ၃၇ လမ်း ထောင့်ရှိ မြေနေရာတွင် စာပေဗိမာန်အဆောက် အအုံအသစ်ကို အုတ်မြစ်ချသည်။ ၁၉၅၄ ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်းအတွဲ(၁)ကို ထုတ်ဝေသည်။ ယဉ်ကျေးမှုဆိုင်ရာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နိုင်ရန် “ဖိုဒ့်”ဖောင်ဒေးရှင်းက အကူအညီပေးသည်။ ၁၉၅၅ ခုနှစ်တွင် ပညာသင်ကြားခွင့်မရသော မြို့နေ လူကြီး လူငယ်များအတွက် “ပြည်သူ့လက်စွဲစာစဉ်” ထုတ်ဝေသည်။ မေလတွင် ကုန်သည်လမ်းနှင့် ၃၇ လမ်း စာပေဗိမာန်အဆောက်အအုံသစ်ကို မြို့တွင်း ရုံးခွဲအဖြစ် တိုးချဲ့ဖွင့်လှစ်သည်။ အဆောက်အအုံ ၏ ကာလတန်ဖိုးမှာ ငွေကျပ် ၁၈၁ဝဝဝဝ ဖြစ်သည်။ အင်ဂျင်နီယာ “မစ္စတာဟူစိန်” ဆိုသူက အဆောက် အအုံဒီဇိုင်းရေးဆွဲပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် “မစ္စတာယူစွပ်” အဖွဲ့က ဆောက်လုပ်ခဲ့သည်။ ဇူလိုင်လတွင် အထွေထွေပညာပေးသင်တန်းများ ဖွင့်လှစ်ပြီး စာအုပ်ထုတ်ဝေရေး သုတေသနကို ဖွင့်လှစ်သည်။ ၁၉၅၆ ခုနှစ်တွင် ယူနက်စကို (UNESCO)၏ အစီအစဉ်ဖြင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကြီးဖြစ်လာစေရန် ထုတ်လုပ်မှုဌာနကို သီးခြားဖွင့်လှစ်သည်။ မတ်လတွင် စာပေဗိမာန် စာကြည့်တိုက်ကို ဖွင့်လှစ်သည်။ ဧပြီလတွင် သတင်းစာအတတ်ပညာသင်တန်းများ ဖွင့်လှစ်သည်။
၁၉၅၇ ခုနှစ်တွင် ကျောင်းသုံးစာအုပ် ထုတ်ဝေ ရေးဌာနကို အသစ်ပြန်ဖွဲ့စည်းပြီး အထက်တန်း စာအုပ်များအပြင် တက္ကသိုလ်ကျောင်းသုံး စာအုပ် များကိုပါ ပုံနှိပ်ထုတ်ဝေသည်။ အောက်တိုဘာလတွင် “စာဖတ်ပရိသတ်အသစ်များ တိုးပွားရန်အတွက် ပုံနှိပ်ထုတ်ဝေခြင်း” ခေါင်းစဉ်ဖြင့် ယူနက်စကို ဒေသဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပသည်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးကြ သည်။ ၁၉၅၈ ခုနှစ် ဇန်နဝါရီလတွင် ကျေးလက်နေ ပြည်သူလူထုအတွက် “ပြည်သူ့လက်စွဲစာစဉ်”ကို ထုတ်ဝေသည်။ ၁၉၅၉ ခုနှစ်တွင် “စာပေဗိမာန် မဂ္ဂဇင်း” ထုတ်ဝေမှုကို ရပ်ဆိုင်းသည်။ “ကလေး စာစဉ်” စာအုပ်များကို ထုတ်ဝေသည်။ ၁၉၆ဝ ပြည့်နှစ်တွင် “လူထုတက္ကသိုလ်စာစဉ်”ကို “ပြည်သူ့ လက်စွဲစာစဉ်”အမည်ဖြင့် ပြောင်းလဲထုတ်ဝေသည်။ စာပေဗိမာန်စာအုပ်အသင်းကို တည်ထောင်သည်။ ပြည်သူ့လက်စွဲစာစဉ်များကို ၂၅ ပြားတန်အစား ပြား ၅ဝ တန်နှင့် ၁ ကျပ်တန် ထုတ်ဝေသည်။
၁၉၆၂ ခုနှစ်တွင် “စာပေဗိမာန်ဆု”ကို “အနုပညာ ဆိုင်ရာ စာပေဆု” ဟု ပြောင်းလဲသတ်မှတ် သည်။ ၁၉၆၃ ခုနှစ်တွင် “အနုပညာဆိုင်ရာ စာပေဆု”ကို ပုံနှိပ်ပြီး စာမူနှင့် ပုံမနှိပ်ရသေးသည့် စာမူများကိုပါ ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ ဩဂုတ်လ ၂၂ ရက်တွင် စာပေဗိမာန်ကို ပြန်ကြားရေး ဝန်ကြီးဌာန၏ လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းသည်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဋ္ဌာန်းသည်။
၁၉၆၄ ခုနှစ် အောက်တိုဘာလတွင် ဝေါဟာရ ဘဏ်စာအုပ်နှစ်တွဲ ထုတ်ဝေသည်။ အဆိုပါ စာအုပ်များတွင် ဘာသာရပ် ၂၄ မျိုး၊ ဝေါဟာရ ပေါင်း ၆၆ဝဝဝ ကျော် ပါဝင်သည်။ ၁၉၆၅ ခုနှစ်တွင် “အနုပညာဆိုင်ရာ စာပေဆု” ကို “အမျိုးသားစာပေ ဆု” ဟူ၍ အမည်ပြောင်းလဲ ချီးမြှင့်သည်။ မေလ ၂ ရက်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်း သည်။ ၁၉၆၉ ခုနှစ်တွင် “အမျိုးသားစာပေဆု” အပြင် “စာပေဗိမာန်စာမူဆု” ကိုပါ ပေးအပ်ချီးမြှင့် ပြီး သီးခြားစီခွဲခြား၍ စီစဉ်ကျင်းပသည်။ ဇန်နဝါရီလ ၄ ရက်တွင် ရွှေသွေးဂျာနယ်ကို စတင်ထုတ်ဝေ သည်။ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတကာ စာအုပ်နှစ်ပြပွဲနှင့် စာပေနှီးနှောဖလှယ်ပွဲများ ကျင်းပသည်။
၁၉၇၃ ခုနှစ် ဇူလိုင်လတွင် “သုတပဒေသာ ဘာသာပြန်စာစောင်”ကို တစ်အုပ်သာ ထုတ်ဝေခဲ့ သည်။ ထို့နောက် လေးလတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ နှစ်လတစ်ကြိမ် ထုတ်ဝေခဲ့ပြီး ၂၀ဝ၀ ပြည့်နှစ် ဇွန်လမှစ၍ ယနေ့အထိ လစဉ်ထုတ်ဝေသည်။
၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ယူနက်စကိုဆိုင်ရာ အာရှယဉ်ကျေးမှု ဌာန၊ ယူနက်စကိုအမျိုးသားကော်မရှင်၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင်တို့ ပူးပေါင်းစီစဉ် သည့် “စာအုပ်ထုတ်ဝေရေးသင်တန်း” ဖွင့်လှစ် သည်။ မတ်လတွင် “စာနယ်ဇင်းတိုင်း ခေတ်သမိုင်း” ပြပွဲကျင်းပသည်။
၁၉၇၇ ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း၏ နောက်ဆုံးတွဲ အတွဲ ၁၅ (ဥ-အွန်) ကို ထုတ်ဝေသည်။ ၁၉၇၈ ခုနှစ်တွင် မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲ၏ နောက်ဆက်တွဲ အဖြည့်မှတ်တမ်းများအဖြစ် တစ်နှစ်တစ်ကြိမ်ထုတ် “မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်” ကို စတင်ထုတ်ဝေသည်။ ၁၉၉၂ ခုနှစ်တွင် စာပေ ဗိမာန် ဥပဒေအဖွဲ့ကို ဖျက်သိမ်းသည်။ ၁၉၉၃ ခုနှစ် တွင် ပခုက္ကူဦးအုံးဖေစာပေဆုကို စတင်ချီးမြှင့်သည်။
၂ဝဝဝ ပြည့်နှစ် ဇွန်လမှစတင်၍ သုတပဒေသာ စာစောင်ကို တစ်လတစ်ကြိမ်ပြောင်းလဲထုတ်ဝေ သည်။ ၂ဝဝ၁ ခုနှစ်တွင် တစ်သက်တာစာရေးခြင်းနှင့် နိုင်ငံအကျိုးပြု အဖွဲ့အစည်းများတွင် စာပေဆိုင်ရာနှင့် အနုပညာဆိုင်ရာလုပ်ငန်းများ အလေးထား ဆောင်ရွက်ခဲ့ပြီး လေးစားထိုက် သော စာပေလက်ရာ အများအပြား ရေးသားပြုစုထားသည့် ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုချီးမြှောက်သောအားဖြင့် “အမျိုးသားစာပေတစ်သက်တာဆု”ကို တီထွင်ပြီး စတင်ချီးမြှင့်ရာ ၂ဝဝ၁ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုကို “ဆရာကြီးပါရဂူ” က ချီးမြှင့်ခြင်း ခံရသည်။
၂ဝဝ၃ ခုနှစ်တွင် ပြည်လမ်း စာပေဗိမာန်ပုံနှိပ် စက်ရုံ၏ SORRENTO VILLA အဆောက်အအုံ အပါအဝင် စာပေဗိမာန်ပုံနှိပ်စက်ရုံ၏ အဆောက် အအုံမှန်သမျှကို စက်ရုံမှူးက ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ဒုတိယ အထွေ ထွေမန်နေဂျာထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ စာပေ ဗိမာန်ပုံနှိပ်စက်ရုံကို အောင်ဆန်းသို့ ပြောင်းရွှေ့ သည်။
၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် “ စာပေ ဗိမာန် စာပေစကားဝိုင်း” (ဝတ္ထုရှည် အနှစ်သာရ များ)ကို ကျင်းပသည်။ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် စာပေဗိမာန်အဆောက်အအုံ (၃၇) လမ်း၌ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဆိုင်ခွဲ)ကို စတင် ဖွင့်လှစ်သည်။ စက်တင်ဘာလ ၁၄ ရက်တွင် စာပေ ဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းဘဏ်တို့ ပူးပေါင်း၍ မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ပြုစု ထုတ်ဝေရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပသည်။
၂ဝ၁၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် စာပေဗိမာန် နှစ်(၇၀)ပြည့်အထိမ်းအမှတ် အခမ်းအနားကို ကုန်သည်လမ်းနှင့် (၃၇)လမ်းထောင့်ရှိ စာပေဗိမာန် အဆောက်အအုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။ ဩဂုတ်လတွင် စာပေဗိမာန် နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်စာစောင်နှင့် သုတပဒေသာပေါင်းချုပ် စာအုပ်ကို ထုတ်ဝေသည်။ အောက်တိုဘာလ ၇ ရက်မှ ၁၄ ရက်အထိ စာပေဗိမာန်စာတည်းများ စွမ်းဆောင်ရည်မြှင့်တင်သင်တန်း ဖွင့်လှစ်သည်။ ဒီဇင်ဘာလတွင် အမျိုးသားစာပေ တစ်သက်တာဆုတွင် စာပေပညာရှင်နှင့် စာရေးဆရာဟူ၍ ဆုနှစ်ဆု သတ်မှတ်လျက် စတင်ချီးမြှင့်သည်။
၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်၏ စာပေဆုချီးမြှင့် ငွေများကို တိုးမြှင့်ရာ အမျိုးသားစာပေတစ်သက် တာဆုကို ကျပ်သိန်း ၅ဝ၊ အမျိုးသားစာပေဆုကို ကျပ် ၂၅ သိန်း၊ စာပေဗိမာန်ပထမဆုကို ကျပ် ၁ဝ သိန်း၊ ဒုတိယဆုကို ကျပ် ၇ သိန်း၊ တတိယဆုကို ကျပ် ၅ သိန်း ချီးမြှင့်သည်။
၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် စာရေး ဆရာမကြီး ဒေါ်ကြန် (မကြန်) အသက် (၁ဝဝ)ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စာပေဗိမာန် တွင် ကျင်းပသည်။ ဒီဇင်ဘာလ ၃ ရက်တွင် မြန်မာ ဂန္ထဝင် အတွဲ ၁ဝဝ စာစဉ် ဝတ္ထုရှည် (အတွဲ ၁၊ ၂၊ ၃) ထုတ်ဝေခြင်း စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၂၁ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့်ပူးပေါင်း၍ ၂ဝ၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုရ စာရေး ဆရာကြီးများနှင့် စာပေစကားဝိုင်းပြုလုပ်လျက် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။
၂ဝ၁၉ ခုနှစ် ဧပြီလ ၃ ရက်တွင် စင်ကာပူနိုင်ငံ Book Council၊ MBAPS တို့နှင့် ပူးပေါင်း၍ “နယ်နိမိတ်များပေါင်းကူးခြင်း အရှေ့တောင်အာရှ စာပေစီမံကိန်း (မြန်မာ) စာပေဆွေးနွေးပွဲ” ကျင်းပ သည်။ ဩဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၁ ရက် အထိ ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA) နှင့်ပူးတွဲ၍ “ကလေးစာပေဖွံ့ဖြိုးရေးအလုပ်ရုံ ဆွေးနွေးပွဲ”ကို ကျင်းပခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်တွင် စာပေဗိမာန်တွင် အသုံးပြုသော ဓာတ်လှေကားမှာ သက်တမ်းရှည်လာ၍ အသုံးပြုရန် မရတော့သဖြင့် တန်ဖိုးငွေကျပ် ၃၇၈၅ဝဝဝဝ ကျသင့် သည့် ခေတ်မီဓာတ်လှေကားအသစ်ကို စာပေဗိမာန် ရုံး၌ တပ်ဆင်ခဲ့ပြီး စတင်လည်ပတ်အသုံးပြုသည်။ နိုဝင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ၂ဝ၁၈ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် “မြန်မာဂန္ထဝင် အတွဲ ၁ဝဝ စာစဉ်” ဝတ္ထုရှည် (အတွဲ ၄၊ ၅၊ ၆) ထုတ်ဝေခြင်း စာအုပ်မိတ်ဆက်ပွဲအခမ်း အနားကို Sky Star Hotel ၌ ကျင်းပသည်။ ၂ဝ၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာ တွင် အပြောစကားဖြင့် ရေးသားသည့်စာအုပ်များ ရွေးချယ်ခွင့်ပြုခြင်း၊ ကဗျာဆုအတွက် အစဉ်အလာ ကဗျာနှင့်အတူ ခေတ်ပေါ်ကဗျာဟူ၍ ဆုနှစ်မျိုး ရွေးချယ်ခွင့်ပြုခဲ့သည်။ စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာမူဆု တွင် ယခင်ဘာသာရပ်တစ်ခု ကိုသာ ပြဋ္ဌာန်းချီးမြှင့်ခဲ့ရာမှ ဘာသာပြန် (ရသ) ဟူ၍ ထပ်တိုးကာ ဘာသာပြန်ဘာသာရပ်နှစ်ခု အဖြစ် ပြဋ္ဌာန်း၍ တိုးမြှင့်ချီးမြှင့်သည်။
၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးတွဲလျက် ၂ဝ၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆုရ စာရေး ဆရာကြီးများနှင့် စာပေစကားဝိုင်း (ပထမပိုင်း) ကို ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ ဩဂုတ်လ ၂၁ ရက်တွင် ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာတမ်း ဖတ်ပွဲကို စာပေဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်၍ အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က Live ထုတ်လွှင့် ပြသခဲ့သည်။ ဩဂုတ်လမှ စက်တင်ဘာလအတွင်း စာပေဗိမာန်စာတည်းများ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အပတ်စဉ် “လက်တွေ့ဘာသာ ပြန်ခြင်း” သင်တန်း ကျင်းပသည်။ ဩဂုတ်လတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနနှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးတွဲဆောင်ရွက် မည့် မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ပုံနှိပ်ထုတ်ဝေ ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ(MoU) ကို လက်မှတ် ရေးထိုးခဲ့သည်။
၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် အမျိုးသား စာပေတစ်သက်တာဆုကို ကျပ်သိန်း ၁ဝဝ၊ အမျိုးသား စာပေဆုကို ကျပ်သိန်း ၃ဝ၊ စာပေဗိမာန်စာမူဆု ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁ဝ သိန်း၊ တတိယဆု ၇ သိန်း တိုးမြှင့်ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။ ဒီဇင်ဘာလ တွင် လစဉ်ထုတ်ဝေသည့် “သုတပဒေသာစာစောင်” ကို “သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်” ဟူ၍ လူငယ်များအတွက် ပညာပေးဆောင်းပါးများ ထည့်သွင်းပြီး အမည်ပြောင်း၍ ထုတ်ဝေသည်။ ဒီဇင်ဘာလ ၄ ရက်တွင် ၂ဝ၂ဝ ပြည့်နှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေ ဆု၊ စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်ကို မြဝတီ မီဒီယာစင်တာ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
စာတည်းအဖွဲ့ဝင်များက အမျိုးသားစာပေ တစ်သက်တာဆု ရရှိကြသော စာရေးဆရာ၊ ဆရာမ ကြီး ၃၄ ဦး၏ အတ္ထုပ္ပတ္တိဆောင်းပါးများကို နေ့စဉ် သတင်းစာများတွင်ရေးသားခဲ့ပြီး ယင်းဆောင်းပါး များကို စုစည်းလျက် ဒီဇင်ဘာလတွင် “အမျိုးသား စာပေတစ်သက်တာဆုရ စာပေပညာရှင်များ၏ စာပေနှင့်ဘဝအကြောင်း တစေ့တစောင်း (၂ဝဝ၁-၂ဝ၁၃)” စာအုပ် ထုတ်ဝေသည်။
၂ဝ၂၂ ခုနှစ် မေလ ၂၃ ရက်တွင် မြန်မာ့ စွယ်စုံကျမ်း (မူသစ်) က-ကုတ် စာအုပ် ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန သိမ်ဖြူလမ်း အဆောက်အအုံတွင် ကျင်းပ သည်။ ဇူလိုင်လတွင် “ အမျိုးသားစာပေတစ်သက် တာဆုရ စာပေပညာရှင်များ၏ စာပေနှင့် ဘဝ အကြောင်း တစေ့တစောင်း (၂ဝ၁၄-၂ဝ၂ဝ)” စာအုပ် တို့ကို ထုတ်ဝေခဲ့သည်။ ဩဂုတ်လ ပထမပတ်တွင် စာပေဗိမာန်၏ “(၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် မဂ္ဂဇင်း” ထုတ်ဝေသည်။ ဩဂုတ်လ ၂၃ ရက် တွင် စာပေဟောပြောပွဲ (ပထမနေ့) ကျင်းပသည်။ ဩဂုတ်လ ၂၄ ရက်တွင် စာပေဟောပြောပွဲ (ဒုတိယ နေ့) ကျင်းပသည်။ ဩဂုတ်လ ၂၅ ရက်တွင် စာပေ ဗိမာန် စိန်ရတုနှစ်ပတ်လည် အခမ်းအနားအတွက် အကြိုပြင်ဆင် လေ့ကျင့်ခြင်းများ ပြုလုပ်သည်။ ဩဂုတ်လ ၂၆ ရက်တွင် စာပေဗိမာန်၏ “၇၅ နှစ် မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနား” ကျင်းပမည်ဖြစ်သည်။
စာပေဆုနှင်းသဘင်
မြန်မာစာပေနှင့်စပ်လျဉ်း၍ မှတ်တိုင်တစ်ခုမှာ ကောဇာသက္ကရာဇ် ၁၃ဝ၆ ခုနှစ် (၁၉၄၄ ခုနှစ်) နတ်တော်လဆန်း (၁) ရက်ကို အစိုးရနှင့် ပြည်သူတို့၏ စာဆိုတော်နေ့အဖြစ် သတ်မှတ်ကျင်းပနိုင်ခဲ့ ခြင်းဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကလည်း နတ်တော်လတွင် စာဆိုပညာရှိ တို့အား ချီးမြှောက်လေ့ရှိခဲ့သည့် အစဉ်အလာကို ဆက်လက် ယူဆောင်ခြင်းဖြစ်သည်။
၁၉၄၄ ခုနှစ်က စတင်လျက် နတ်တော်လဆန်း ၁ ရက်နေ့တိုင်း ကျင်းပခဲ့သည့် “စာဆိုတော်နေ့” အခမ်းအနားမှာလည်း ယခုတိုင် မြန်မာနိုင်ငံတစ်ဝန်း လုံး၌ ကျင်းပလျက်ရှိသည်။ စာဆိုတော်နေ့ ရာသီ အတွင်း စာပေဆိုင်ရာ အခမ်းအနားများ၊ စာပေဟော ပြောပွဲများ၊ သက်ကြီးစာဆိုများကို ကန်တော့ခြင်း အခမ်းအနားများ စသည်ဖြင့် နှစ်စဉ်ကျင်းပလျက် ရှိပါသည်။
စာပေဗိမာန်သည် ၁၉၄၈ ခုနှစ်မှစ၍ နှစ်စဉ် နတ်တော်လဆန်း (၁) ရက် စာဆိုတော်နေ့တွင် စာပေဆုများကို ချီးမြှင့်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် တစ်နှစ်အတွင်း ထုတ်ဝေခဲ့သော လုံးချင်းဝတ္ထုစာအုပ် များထဲမှ အကောင်းဆုံးတစ်အုပ်ကို ရွေးချယ်၍ “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ဟူသော အမည် ဖြင့် ဆုချီးမြှင့်ပြီး ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးအစိုးရ ပြန်ကြား ရေးဝန်ကြီးဌာန စာပေဗိမာန်အဖွဲ့က “အနုပညာ ဆိုင်ရာဆု” ဟူသောအမည်ဖြင့် စတင်ချီးမြှင့်သည်။ ဆုရွေးချယ်ရန်အတွက် ဘာသာရပ်ကိုးမျိုး သတ်မှတ် ခဲ့ပါသည်။
၁၉၆၃ ခုနှစ်တွင် အနုပညာဆိုင်ရာဆုဟူသော အမည်ဖြင့်ပင် ပုံနှိပ်ပြီးစာအုပ်နှင့် ပုံမနှိပ်ရသေး သော လက်ရေးစာမူများပါ ပူးတွဲ၍ ပြိုင်ပွဲဝင်ရသော စနစ်ကိုကျင့်သုံးကာ ဆုများချီးမြှင့်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အမျိုးသားစာပေဆုဟူ၍ အမည်ပြောင်း လိုက်ပြီး ဆုအရေအတွက်မှာ ဘာသာရပ် ၁ဝ မျိုး ဖြစ်လာသည်။
၁၉၆၉ ခုနှစ်တွင် ပြိုင်ပွဲဝင် ယှဉ်ပြိုင်ရသော စနစ်ကိုဖျက်သိမ်း၍ ပြက္ခဒိန်တစ်နှစ်အတွင်း ထုတ်ဝေခဲ့သော စာအုပ်များထဲမှ အကောင်းဆုံး တစ်အုပ်ကိုရွေးချယ်၍ ဆုပေးသောစနစ်သို့ ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ဆုကို “အမျိုးသားစာပေဆု” အမည်နှင့်ချီးမြှင့်ပြီး ဘာသာရပ် ၁၁ မျိုး ဖြစ်လာ သည်။ ၁၉၈ဝ ပြည့်နှစ်တွင် အမျိုးသားစာပေဆု၌ ဘာသာရပ် ၁၃ မျိုး ဖြစ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစာပေဆုကို စနစ်ပြောင်းလဲချီးမြှင့်ပြီးနောက် စာမူများကို သီးခြားပြိုင်ပွဲခေါ်ယူပြီး စာပေ ဗိမာန်စာမူဆုဟူ၍ ဘာသာရပ် ၁၁ မျိုးကို ချီးမြှင့်ခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ဆူပူမှုအရေး အခင်းကာလနှင့် ကြုံကြိုက်နေသဖြင့် အမျိုးသား စာပေဆုပေးပွဲ အခမ်းအနား မကျင်းပဖြစ်ဘဲ ၁၉၈၇ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် တပေါင်းတစည်း တည်း ချီးမြှင့်ခဲ့သည်။
၂ဝ၁၇ ခုနှစ်မှ စတင်လျက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် အပြောစကားဖြင့် ရေးသား သည့် စာအုပ်များ စိစစ်ရွေးချယ်ခွင့်ပြုခြင်း၊ ကဗျာဆုကို အစဉ်အလာကဗျာဆုနှင့် ခေတ်ပေါ် ကဗျာဆု မခွဲခြားဘဲ ကဗျာဆုတစ်ဆုတည်း သတ်မှတ် ခြင်း၊ ရသစာတမ်း (အက်ဆေး)ဆုနှင့် ရည်ညွှန်း စာပေဆု (၂) ဆု တိုးချဲ့ချီးမြှင့်ရန်နှင့် အမျိုးသားစာပေ တစ်သက်တာဆု ရွေးချယ်ရေးတွင် အဖွဲ့ဝင်အများစု ၏ ဆန္ဒအရ စာရေးဆရာတစ်ဦးနှင့် စာပေပညာရှင် တစ်ဦး သတ်မှတ်ရွေးချယ်ခြင်းတို့ကို မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ပြန်လည် ညှိနှိုင်းသတ်မှတ် လျက် ဆုံးဖြတ်ခဲ့ကြပါသည်။
၂ဝ၁၉ ခုနှစ်တွင် ဘာသာပြန် (ရသ) ဘာသာရပ် တိုးသဖြင့် ယခုအခါ ဘာသာရပ် ၁၄ မျိုးအတွက် ဆုချီးမြှင့်လျက်ရှိသည်။
၂ဝ၂ဝ ပြည့်နှစ် အမျိုးသားစာပေဆုမှ စတင် လျက် ကဗျာဆုကို ဂန္ထဝင်ကဗျာနှင့် ခေတ်ပေါ် ကဗျာဆုဟူ၍ နှစ်ဆုခွဲခြားချီးမြှင့်ခဲ့ရာ ဘာသာရပ် အမျိုးအစား ၁၉ မျိုးထိ ချီးမြှင့်လျက်ရှိပြီ ဖြစ်သည်။ အမျိုးသားစာပေတစ်သက်တာဆုကို ငွေကျပ်သိန်း ၅ဝ မှ ငွေကျပ်သိန်း ၁ဝဝ၊ အမျိုးသားစာပေဆုကို ငွေကျပ် ၂၅ သိန်းမှ ငွေကျပ်သိန်း ၃ဝ တိုးမြှင့်ချီးမြှင့် နေပြီ ဖြစ်သည်။
နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ်ပံ့ပိုးကူညီခြင်း
နိုင်ငံတော်အစိုးရသည် ၂ဝဝ၁ ခုနှစ်တွင် မြန်မာစာပေအကျိုးကို ဘဝတစ်သက်တာပတ်လုံး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး မိမိကျွမ်းကျင်ရာ စာပေများကို တစိုက်မတ်မတ် ရေးသားခဲ့သည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီးများကို အမျိုး သားစာပေတစ်သက်တာဆုအဖြစ် တီထွင်ချီးမြှင့်ခဲ့ သည်။ နှစ်စဉ် စာရေးဆရာကြီးတစ်ဦး၊ နှစ်ဦး သို့မဟုတ် သုံးဦးအထိ ချီးမြှင့်ခဲ့သည်။ အမျိုးသား စာပေတစ်သက်တာဆုကို ပထမဦးဆုံး ချီးမြှင့်ခံခဲ့ရသည့် စာပေပညာရှင်ကြီးမှာ ဆရာကြီး ဦးလှကြိုင် (စာရေးဆရာကြီးပါရဂူ) ဖြစ်သည်။ ၂ဝ၂၁ ခုနှစ်အထိ စာပေပညာရှင် စုစုပေါင်း ၃၄ ဦးကို ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။
၂ဝ၁ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ သုတ၊ ရသ ရေးသားလျက်ရှိသော စာပေအနု ပညာရှင်များ ပိုမိုလွတ်လပ်စွာ ဖန်တီးတွေးခေါ် ရေးဖွဲ့နိုင်ရန်နှင့် ရသမြောက်သောစာပေများ ပေါ်ထွက်လာစေရန် အတွက် စာပေစိစစ်ရေးမူဝါဒကို ဖြေလျှော့ပေးခဲ့ သည်။ ၂ဝ၁၂ ခုနှစ်တွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ကို ဖျက်သိမ်းပေးခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံတော် သမ္မတက စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အဖွဲ့အစည်း များအတွက် ဖောင်ဒေးရှင်းများထူထောင်ရန် ငွေကျပ် သိန်း ၅ဝဝ စီ ထောက်ပံ့ပေးခဲ့သည်။ စာပေအနုပညာ ရှင်များ၏ ဘဝရပ်တည်ရေးနှင့် အနုပညာလုပ်ငန်း များ အောင်မြင်ဖွံ့ဖြိုးစေရေးအတွက်သာမက စာဆို တို့၏လက်ရာများကို ထိန်းသိမ်းကာကွယ်စေရေး အတွက် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကို ၂ဝ၁၉ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။
စာဆိုဗိမာန်
ယခုအခါတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် အရ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနသည် ခေတ်အဆက်ဆက် ရဟန်းစာဆို၊ လူစာဆိုတို့၏ လက်ရာများ၊ အတ္ထုပ္ပတ္တိများကို မျိုးဆက်သစ်များ လေ့လာရန် မော်ကွန်းမှတ်တမ်း တင်မည့်လုပ်ငန်းများ၊ စာပေအနုပညာရှင်များ၊ စာပေဝါသနာရှင်များအတွက် လူမှုစီးပွားအကျိုးပြု နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် စာဆိုဗိမာန်စီမံကိန်း ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြေတိုင်း ရပ်ကွက် အမှတ် ၁၈-A၊ မြေကွက်အမှတ် ၂၉ ပေါ်တွင် စာဆိုဗိမာန်အအောက်အအုံကြီးကို တည်ဆောက် တော့မည်ဖြစ်သည်။
အဆိုပါ စာဆိုဗိမာန်အဆောက်အအုံကြီး ပြီးစီးသွားပါက ပြည်တွင်းသာမက ပြည်ပက စာပေ ပညာရှင်များပါ လာရောက်၍ စာပေလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ခေတ်အဆက် ဆက် ထင်ရှားကျော်ကြားခဲ့သော စာပေပညာရှင်ကြီး များ၏ မှတ်တမ်းဓာတ်ပုံနှင့် စာပေလက်ရာများကို လေ့လာတွေ့ရှိနိုင်တော့မည်ဖြစ်သည်။
စာဆိုဗိမာန်ကြီးကို မြေအကျယ်အဝန်း ၂ ဒသမ ၂ ဧကပေါ်တွင် ဆောက်လုပ်ထားရှိမည်ဖြစ်ပြီး ပန်းခြံ၊ ကားရပ်နားရာနေရာ စသည်တို့ ပါရှိမည် ဖြစ်သည်။ စာပေဆိုင်ရာ ဆွေးနွေးပွဲများ၊ စာပေ ဟောပြောပွဲများ၊ စာပေဆိုင်ရာ မူပိုင်ခွင့်ကိစ္စ၊ စာအုပ်ထုတ်ဝေရေးကိစ္စ၊ ဘာသာပြန်ကိစ္စ အစရှိ သည်ဖြင့် စာပေလုပ်ငန်းများကိုလည်း စိတ်အေး ချမ်းစွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။
မြန်မာအဘိဓာန် စာအုပ်တွင် -
စာပေ - ကို “အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို ရသမြောက်အောင်၊ သုတ ပွားအောင် ရေးဖွဲ့ထားသည့်စာ” ဟူ၍ လည်းကောင်း၊
ဗိမာန် - ကို “မွန်မြတ်သောအဆောက်အအုံ” ဟူ၍လည်းကောင်း၊
နိဗ္ဗာန် - ကို “ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ” ဟူ၍ လည်းကောင်းအသီးသီးအဓိပ္ပာယ်ဖွင့်ဆိုထားသည်။
စာပေဗိမာန်သည် နိုင်ငံတော်လွတ်လပ်ရေး မရမီကတည်းက အမျိုးသားရေးနှင့်အတူ ပေါက်ဖွား လာပြီး နိုင်ငံနှင့်လူမျိုးကိုအကျိုးပြုသော စာပေအဖွဲ့ အစည်းကြီး ဖြစ်သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သော အဖွဲ့အစည်းကြီးတစ်ခုလည်း ဖြစ်သည်။
စာပေဗိမာန်ကြောင့် အမှောင်မျက်စိများအလင်း ပေါက်သွားခဲ့သည်မှာ ထောင်သောင်းမက ရှိပေလိမ့် မည်။ လွတ်လပ်ရေးရရန်အတွက် အမျိုးသားရေး တွင် နား၊ မျက်စိပွင့်သွားကြသည်မှာ သိန်းသန်း မက ရှိပေလိမ့်မည်။ တိုင်းပြည်ပြန်လည်ထူထောင်ရေး အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားအားထုတ် ခဲ့သူများ ဒုနဲ့ဒေး ရှိပေလိမ့်မည်။ စာပေဗိမာန်သည် အမှောင်ကိုခွင်း၍ အလင်းကိုဆောင်ခဲ့သည်မှာ နှစ်ပေါင်း (၇၅) နှစ်တိုင် ရှိခဲ့ပြီဖြစ်သည်။
အမှန်တကယ်တော့ မြန်မာတစ်မျိုးသားလုံး အတွက် မြန်မာ့စာပေနှင့် ကမ္ဘာ့စာပေများကို လူတန်းစားမရွေး လေ့လာဖတ်ရှုနိုင်ရန်အတွက် “စာပေဗိမာန်” သည် စာပေပညာ၏ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော “စာပေနိဗ္ဗာန်” သို့ လမ်းညွှန် ပို့ဆောင်ပေးနေသည်ဟု ဂုဏ်ပြုရေးသားမော်ကွန်း တင်လိုက်ရပါသည်။