စာပေဗိမာန် သုံးရတုနှင့် ကျွန်တော့်ပုံရိပ်များ

သတင်းဆောင်းပါး -  မောင်ခင်မင် (ဓနုဖြူ)

စာပေဗိမာန်သည် ငွေရတု၊ ရွှေရတုကာလများ ကို အောင်မြင်စွာ ဖြတ်သန်းပြီးနောက် ယခု ၂ဝ၂၂ ခုနှစ်တွင် စိန်ရတုသက်တမ်း ပြည့်မြောက်ပြီဖြစ်သည်။

ပြန်စဉ်းစားကြည့်သောအခါ  ကျွန်တော်သည် စာပေဗိမာန်၏  ရတုသက်တမ်း   သုံးခုစလုံးတွင် စာပေဗိမာန်နှင့်  အကျွမ်းတဝင်  ခင်မင်ရင်းနှီးစွာ ဆက်ဆံခွင့်ကြုံခဲ့ရကြောင်း    ဝမ်းသာဂုဏ်ယူစွာ သတိပြုမိပါသည်။  ထိုကာလတစ်လျှောက်  ပါဝင် လှုပ်ရှားခဲ့သော   ကျွန်တော်၏ပုံရိပ်များကိုလည်း ပြန်လည်မြင်ယောင်နေမိပါသည်။

အညတရပုံရိပ်မျှသာ

စာပေဗိမာန်၏ ငွေရတုသက်တမ်း (၁၉၄၇- ၁၉၇၂) တွင် ကျွန်တော်၏ပုံရိပ်လေးများမှာ စာအုပ်  အသင်းဝင်၊   စာဖတ်သူ၊   စာတမ်းနားထောင်သူ ပရိသတ်တစ်ဦး၏ ပုံရိပ်မျှသာဖြစ်သည်။ မထင်မရှား အညတရပုံရိပ်မျှသာဖြစ်သည်။

စာပေဗိမာန်စာအုပ်ဆိုင်တွင်  အလယ်တန်း ကျောင်းသားဘဝကပင်  စာအုပ်များ  မကြာခဏ ဝယ်ဖြစ်သည်။ မှတ်မိနေသည်မှာ  အတ္ထုပ္ပတ္တိစာအုပ် လေးများဖြစ်သည်။  တစ်အုပ် ပြား ၅ဝ သာ ပေးရ သည်။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ကနက်စိန်၊  ရုပ်သေးမင်းသမီး ဦးဖူးညို၊ ဆင်ခိုးမလေး၊  မထွေး လေး၊ နန်းတော်ရှေ့ဆရာတင် စသည့်အနုပညာရှင် များ၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်စံဖဲ၊ လမ်းမတော်ဖိုးတုတ်၊ ဒေါ်ဦးဇွန်း    စသည့်ထင်ရှားသောပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများဖြစ်သည်။  ထိုစဉ်က  ကျွန်တော်မှာ‌ ကျောင်းသားလူငယ်အရွယ်မျှသာဖြစ်၍ တန်ဖိုးကြီး သော စာအုပ်များကို မဝယ်နိုင်သေးပါ။

တက္ကသိုလ်ရောက်ချိန်တွင်   “ဘာသာပြန်” ဟူသော စာအုပ်ကလေးကို ၂၅ ပြားနှင့် ဝယ်ရသည် ကို မှတ်မိနေသည်။  စာအုပ်က   ဈေးသက်သာလှ သော်လည်း    စာပေ၏တန်ဖိုးကြီးမားလှသည်။ စာပေဗိမာန်အစည်းအဝေးများတွင် ဟောပြောသော ဆရာကြီးဦးဖေမောင်တင်၊    သခင်ဘသောင်း၊ ပါမောက္ခ ဦးဧမောင်၊ ဦးသန့်၊ ဆရာမင်းသုဝဏ်တို့၏ ဘာသာပြန်အကြောင်း    ဟောပြောချက်များကို စုစည်းထားခြင်းဖြစ်သည်။
စာပေဗိမာန်   စာအုပ်အသင်းဝင်သောအခါ လစဉ် စာတိုက်မှ စာအုပ်တစ်အုပ် အမြဲရောက်လာ  သည်။ တစ်နှစ်စာ နှစ်စဉ်ကြေးကလည်း မများပါ။ စာအုပ်ကောင်းများ   လစဉ်ရသဖြင့်   သဘောကျ နေပါသည်။ ပို၍သဘောကျစရာ ဖြစ်ရသည်ကတော့ “စာပေဗိမာန်မဂ္ဂဇင်း”ကို စာကြည့်တိုက်မှ  ငှားဖတ်  ရခြင်းဖြစ်သည်။    ပုံမှန်အရွယ်အစားမှာ   ဂျာနယ် အရွယ်ဆိုက်ကြီးကြီးနှင့် လစဉ်ထုတ်ဝေသော စာပေ ဗိမာန်မဂ္ဂဇင်းကို စွဲစွဲမက်မက် ဖတ်ဖြစ်သည်။ သုတ စာပေများ၊  အထူးသဖြင့် သိပ္ပံဆိုင်ရာဆောင်းပါးများ အလေးကဲသည်။ 

ပထမဆုံးစာပေအောင်မြင်မှု

မှတ်သားစရာများကို ကော်ပီစာအုပ်တစ်အုပ် တွင် ကောင်းနိုးရာရာ  ကူးထားသည့်အလေ့လည်း စွဲမြဲသွားသည်။ ထိုအချက်အလက်အချို့ကို အခြေခံ၍ “တီထွင်မှုများ” ဟူသောခေါင်းစဉ်ဖြင့်  ဆောင်းပါး တစ်ပုဒ်ရေးပြီး “ဗမာဒိုင်ဂျက်” စာစောင်သို့ ပို့လိုက်ရာ ၁၉၅၇ ခုနှစ် မေလထုတ် စာစောင်တွင် ကျွန်တော့် ဆောင်းပါးလေး    ပါလာပါသည်။     “စုပေါင်း စပ်ပေါင်း” ဆောင်းပါးကလေးမျှသာဖြစ်သော်လည်း ကျွန်တော့်လက်ရာကို  ပုံနှိပ်စာလုံးဖြင့် ပထမဆုံး ဖော်ပြခံရသောစာဖြစ်သည့်အတွက် ကျွန်တော့်အဖို့ ဘဝမှတ်တိုင်တစ်ခုဖြစ်သည်။ စာပေဗိမာန်မဂ္ဂဇင်း၏ ကျေးဇူးဖြင့် ပထမဆုံး ကျွန်တော်ရခဲ့သော  စာပေ အောင်မြင်မှုဖြစ်သည်။

စာပေဗိမာန်၏  ငွေရတုကာလကုန်ခါနီးတွင် ကျွန်တော်သည် စာပေဗိမာန်က နှစ်စဉ်ကျင်းပသော  စာတမ်းဖတ်ပွဲများကို  တက်ရောက်နားထောင်ခွင့် ရသည့် ပရိသတ်တစ်ဦးဖြစ်လာပါသည်။  မှတ်မိပါ သေးသည်။ စာတမ်းဖတ်ပွဲတက်လိုသူ များပြားသည့်  အတွက် စာရေးနေသူများကို  ဦးစားပေးရွေးချယ် မည်ဟု    ကြေညာချက်တွင်     တွေ့ရသည့်အတွက် စာတမ်းဖတ်ပွဲ            တက်ခွင့်လျှောက်လွှာတွင် ကိုယ့်ကလောင်အမည်ကို  ထင်ထင်ရှားရှားရေးပြီး ပုံနှိပ်ဖော်ပြခံရသော  ဆောင်းပါးများ၊   အက်ဆေး  (ရသစာပေ) များ    စာရင်းကိုလည်း    အပြည့်အစုံ ရေးထည့်သည်။ စာတမ်းဖတ်ပွဲ  တက်ချင်လွန်း၍ ကြေညာမည့်နေ့ကို မျှော်နေပြီး ထိုနေ့တွင် ချက်ချင်း သွားကြည့်သည်။           တက်ခွင့်ရသူစာရင်းတွင် ကိုယ့်ကလောင်နာမည်ကို တွေ့ရသောအခါ  အလွန် ဝမ်းသာသွားသည်။ နာမည်ရင်ထိုးတံဆိပ်နှင့်စာတမ်း မူကြမ်းဖိုင်ကို သွားထုတ်ပြီး ချက်ချင်းထိုင်ဖတ်သည်။ စာတမ်းဖတ်ပွဲရက်များတွင်လည်း    မပျက်မကွက် သွားနားထောင်သည်။ 

ပညာရှင်ကြီးများ  စာတမ်းဖတ်ကြ၊    ဆွေးနွေး ကြသည်ကို   နားထောင်ရင်း “ငါလည်း   စာတမ်း ဖတ်နိုင်အောင် ကြိုးစားမယ်”ဟု  အားကျစိတ်ဖြင့် ဆုံးဖြတ်လိုက်သည်။  မှတ်မှတ်ရရ  ထိုကာလတွင် မြတ်မွန်ရတနာခန်းမ၌ ကျင်းပသော “ပြဇာတ်နှင့် ပြဇာတ်စာပေစာတမ်းဖတ်ပွဲနှင့် ဂန္ဓီခန်းမမှာ ကျင်းပ သော    အတ္ထုပ္ပတ္တိစာပေ    စာတမ်းဖတ်ပွဲများ”   တက်ဖြစ်သည်။ အသိအမြင်များ တိုးပွားရသည်။

စာပေဗိမာန်ရွှေရတုသက်တမ်း      (၁၉၇၃-၁၉၉၇) တွင် ကျွန်တော့်ပုံရိပ်များမှာ  စာတမ်းဖတ်ပွဲ ပရိသတ်ပုံရိပ်အပြင် စာတမ်းရှင်နှင့် စာမူပြိုင်ပွဲဆုရှင်  ပုံရိပ်များ ဖြစ်သည်။ စာပေဗိမာန်နှင့် ခပ်လှမ်းလှမ်း အနေအထားမှ  နီးကပ်လာသည့်အနေအထားသို့  ရောက်လာသည်။

မြန်မာစကားပြေစာတမ်းဖတ်ပွဲတွင် ဖိတ်ခေါ်

စာပေဗိမာန်စာတမ်းဖတ်ပွဲများကို ဆယ်နှစ်မျှ နှစ်စဉ်     မပျက်မကွက်    တက်ရောက်နားထောင် ပြီးသောအခါ ၁၉၈၁ ခုနှစ်တွင် ကျွန်တော်ကိုယ်တိုင် စာတမ်းရှင်တစ်ယောက်  ဖြစ်လာရသည်။   ၁၉၈၁ ခုနှစ်တွင် ကျင်းပသော မြန်မာစကားပြေ စာတမ်း  ဖတ်ပွဲတွင် စာတမ်းပြုစုဖတ်ကြားရန် စာပေဗိမာန်က ကျွန်တော့်ကို  ဖိတ်ခေါ်သည့်အတွက်   ဝမ်းမြောက် ဝမ်းသာလက်ခံပြီး   “ရှေးခေတ်မြန်မာစကားပြေ” စာတမ်းကို  ပြုစုဖတ်ကြားခဲ့သည်။  ထိုအချိန်တွင် ကျွန်တော့်အသက်က     (၄ဝ)မျှသာရှိပါသည်။  ကျွန်တော်၏ ပထမဆုံးစာအုပ်ဖြစ်သော “စကားပြေ  သဘောတရား စကားပြေအတတ်ပညာ” စာအုပ် ကို ထုတ်ဝေပြီးပါပြီ။  မဂ္ဂဇင်းများတွင်မူ စာရေးသည့်   အရှိန်သိပ်မရသေးပါ။   စာပေလောကအတွင်းသို့ လည်း မဝင်ဆံ့သေးပါ။ 

တက္ကသိုလ်တွင်      မြန်မာစာ    လက်ထောက် ကထိကဖြစ်သည်။ စာတမ်းကို ကြိုးစားပြုစုသည်။  ထိုနှစ်က ရန်ကုန်မြို့တော်ခန်းမတွင် စာတမ်းဖတ်ရ သည်။  မဖတ်မီ စိတ်လှုပ်ရှားစွာထိုင်‌နေစဉ် ဘေးက  ကုလားထိုင်တွင် လာထိုင်သောပုဂ္ဂိုလ်ကို ကြည့်လိုက် ရာ     ဆရာဇော်ဂျီဖြစ်နေသည့်အတွက်     များစွာ အားတက်သွားသည်။   ဆရာက   ဖြည်းဖြည်းဖတ်ဖို့ သတိပေးသည်၊ အားပေးစကားပြောသည်ကို မှတ်မိ နေသည်။ စာတမ်းဖတ်ပွဲအပြီး ပြန်အထွက်မှာ ဆရာ  “သောင်းထိုက်”က ပြည့်ပြည့်စုံစုံ  ပြုစုထားသော စာတမ်းဖြစ်ကြောင်း    ချီးကျူးစကားပြောသည့် အတွက် ဝမ်းသာကျေနပ်သွားသည်။

စာပေမိတ်ဆွေများနှင့်သိကျွမ်းခင်မင်ခွင့်ရ

နောက်ပိုင်းမှာတော့   စာတမ်းငယ်   စာပေ စာတမ်းဖတ်ပွဲ (၁၉၈၆) တွင်  “စာတမ်းငယ်ဟူသည်” စာတမ်း၊ ဂန္ထဝင်စာပေ စာတမ်းဖတ်ပွဲ (၁၉၉၁) တွင် “ရှေးခေတ်မြန်မာဂန္ထဝင်စာပေ”   စာတမ်းများကို ဖတ်ဖြစ်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲများကို အကြောင်း  ပြု၍    စာပေပညာရှင်ဆရာကြီး     ဆရာမကြီးများ၊ ရေးဖော်ရေးဖက် စာပေမိတ်ဆွေများနှင့်  သိကျွမ်း ခင်မင်ခွင့်ရသည်မှာလည်း အမှတ်တရပင်ဖြစ်ပါသည်။

၁၉၈ဝ ကျော်ကာလတွင် စာပေဗိမာန်စာမူဆု အတွက် “ဝါသနာကို  အရင်းခံ၍” ခေါင်းစဉ်ဖြင့်  စာမူတစ်ခုရေးပြီး ပြိုင်ပွဲဝင်ခဲ့သည်။  ကျွန်တော့်စာမူ အရွေးမခံရပါ။   နောက်တစ်ကြိမ်   “မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ”  ခေါင်းစဉ်ဖြင့်   စာမူပြိုင်ပွဲဝင် သောအခါ ၁၉၈၉ ခုနှစ်အတွက် သုတပဒေသာ(ဝိဇ္ဇာ) (ပထမဆု) ချီးမြှင့်ခံရပါသည်။ စာပေဗိမာန်နှင့် ပို၍  နီးကပ်လာပြီး ထဲထဲဝင်ဝင် ဖြစ်လာရပါသည်။ 

စာပေဗိမာန် စိန်ရတုသက်တမ်း (၁၉၉၇-၂ဝ၂၂) တွင် ကျွန်တော့်ပုံရိပ်များမှာ အမျိုးသားစာပေဆုရှင် နှင့် စာပေဗိမာန်အဖွဲ့အစည်းများ၏  အဖွဲ့ဝင်ပုံရိပ် များဖြစ်သည်။ စာပေဗိမာန်နှင့် ထဲထဲဝင်ဝင် ရင်းနှီး ကျွမ်းဝင်လာ‌သောအနေအထားသို့ ရောက်လာသည်။ 

၂ဝဝဝ ပြည့်နှစ်မှစ၍ စာပေဗိမာန်အဖွဲ့အစည်း များတွင် ပါဝင်ဆောင်ရွက်ရသည်။ အမျိုးသားစာပေ ဆုရွေးချယ်ရေးအဖွဲ့တွင်  အဖွဲ့ဝင်အဖြစ်  ပါဝင်၍ စာအုပ်များကို ဖတ်ရှုရွေးချယ်ပေးရသည်။  မြန်မာ့   ရည်ညွှန်းကျမ်း  စီစဉ်ရေးအဖွဲ့တွင်လည်း   အဖွဲ့ဝင် အဖြစ်ပါဝင်၍ နှစ်စဉ်ပြုစုထုတ်ဝေသော စွယ်စုံနှစ်ချုပ် ကျမ်းများကို ဖတ်ရှုစိစစ်ခြင်း၊ ပါဝင်ရေးသားခြင်း တို့ကို ‌ဆောင်ရွက်ရသည်။ မြန်မာဂန္ထဝင် အတွဲ ၁ဝဝ  စာစဉ်ထုတ်ဝေရေးကော်မတီတွင်လည်း  အဖွဲ့ဝင် အဖြစ်ပါဝင်၍ ဂန္ထဝင်စာအုပ်များ ရွေးချယ်ရေးအတွက် ဆွေးနွေးခြင်း၊  စစ်ပေးခြင်း၊   ပုံနှိပ်ထုတ်ဝေသည့် စာအုပ်အတွက် မိတ်ဆက်အမှာစာ ရေးသားပေးခြင်း တို့ကို ဆောင်ရွက်ရသည်။     

ထို့အတူ  စာပေဗိမာန်နှင့်   ထွန်းဖောင်ဒေးရှင်းတို့ ပူးတွဲဆောင်ရွက်သော     မြန်မာ့စွယ်စုံကျမ်းများ     ပြန်လည်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ကော်မတီ တွင် ပါဝင်ဆောင်ရွက်ပေးရသည်။ 

စာပေဗိမာန်စာတမ်းဖတ်ပွဲများ   တစ်ကျော့ ပြန်လည်ကျင်းပရာ၌ နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲ (၂ဝ၁၆)  တွင်    ရှေးခေတ်မြန်မာ့နိုင်ငံရေးစာပေ စာတမ်း၊ မြန်မာမှု မြန်မာ့ဓလေ့ မြန်မာ့အတွေး အမြင် စာတမ်းဖတ်ပွဲ (၂ဝ၁၉) တွင်  မြန်မာဘာသာ စကားတွင် ထင်ဟပ်နေသော  မြန်မာ့အတွေးအမြင် စာတမ်းတို့ကို ပြုစုဖတ်ကြားခဲ့သည်။  အမျိုးသား စာပေဆုသုံးဆု (၂ဝဝ၂၊ ၂ဝဝ၉၊ ၂ဝ၁၃) နှင့် အမျိုးသား စာပေတစ်သက်တာဆု (၂ဝ၁၃) တို့ ရရှိခဲ့သည်။ 

ယခု ကျွန်တော့်အသက်   (၈၂)  နှစ်ရှိပါပြီ။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေများအရ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အခြေအနေတွင် ကိုယ်မပါနိုင်တော့စေကာမူ စိတ်ကတော့  စာပေ ဗိမာန်နှင့် နီးနေဆဲဖြစ်သည်။

ဆောင်းပါးကို အဆုံးသတ်ခါနီး  စာပေဗိမာန် နှင့်ပတ်သက်သည့်     အကြောင်းကလေးတစ်ခု စိတ်ထဲပေါ်လာသည်။  အခြားမဟုတ်ပါ။  ၁၉၅ဝ ကျော်ကာလတွင် မြန်မာ့အသံ ရေဒီယိုမှ ပေါ်လာ လေ့ရှိသော သီချင်းသံကလေးဖြစ်သည်။

ထိုစဉ်က  စာပေဗိမာန်ထုတ်စာအုပ်များကို မိတ်ဆက်ပေးသောကဏ္ဍတစ်ခုကို မြန်မာ့အသံက  ထုတ်လွှင့်လေ့ရှိသည်။ “ခုအချိန်ကစပြီး  စာပေ ဗိမာန် စာအုပ်စင်ကဏ္ဍကို ထုတ်လွှင့်ပါတော့မယ် ရှင်” ဟု ကြေညာသံအဆုံးတွင် - 
တုံတုံတုံ၊ တုံတပ်တပ်၊ တုံတုံတုံ၊ တုံတပ်တပ် ဟူသော   တီးလုံးကလေး   နှစ်ကျော့ပေါ်လာ ပြီးနောက် - 
    အမှောင်ခွင်း၍ အလင်းဆောင်စေရာ
    ဘာသာပြန်စာပေအသင်းပါ...
    လူထုအတွက် အဆင့်အတန်းမြင့်ဖို့ရာ
    ဗလငါးတန်လည်း မြှင့်တင်ပေးရမှာ
    စာပေဗိမာန် ဗိမာန်ပါ...
ဟူသော သံပြိုင်သီချင်းသံကလေး  သာသာ ယာယာ ပေါ်ထွက်လာမြဲဖြစ်ပါသည်။

ထိုသီချင်းသံကလေး ပေါ်ထွက်လာခဲ့သည်မှာ စာပေဗိမာန်၏    စိန်ရတုသက်တမ်းနှင့်အတူတူ လောက်ပင် ဖြစ်ပါလိမ့်မည်။

ကျွန်တော်သည်      သီချင်းသံကလေးကို ကြားယောင်ရင်း စိတ်ထဲမှာကြည်နူးနေပါသည်။  ။